Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၁) (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)


21 Feb,2025

မြင့်စိုး(နတလ)

မိုခါကို အမှတ်ရမိသည်

          ကျွန်တော် အမှတ်ရသလို အားလုံးကလည်း မှတ်မိကြဦးမည် ထင်ပါသည်။ ယမန်နှစ် အချိန်ကာလတစ်ခုက၊ တိတိကျကျပြောရလျှင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်၊ စစ်တွေအပါအဝင် မြို့ရွာဒေသ အတော်များများကို “မိုခါ” မုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားခဲ့သည်။ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် စစ်တွေ၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး ဒေသများတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ကျန်မြို့နယ်များက ကံကောင်းထောက်မစွာ ထိခိုက်ရှနာ နည်းခဲ့ သည်။ နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပေးအပ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထိုနည်းတူစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်း မေလ ၁၇ ရက်နေ့တွင် စစ်တွေ မြို့သို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် မှာကြားခဲ့သည်။

          ယင်းနောက်တွင်မတော့ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ မြို့ရွာများကို ယခင်မူလအခြေ အနေထက် သာလွန်ကောင်းမွန်အောင် ပြန်လည်ထူထောင်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ရခိုင်ပြည်နယ်အစိုးရတို့ တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။ စေတနာရှင် အလှူရှင်များကလည်း သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကူညီခဲ့ကြသည်။ တပ်မတော်(ရေ)၊ တပ်မတော်(လေ)မှ ရေယာဉ် လေယာဉ်များ၊ ထောက်ပို့မော်တော်ယာဉ်တန်း များကလည်း ရခိုင်ဒေသအတွက် စားရေရိက္ခာများ ကူညီထောက်ပံ့ရေး၊ တည်ဆောက်ရေး ပစ္စည်းများ သယ်ယူရေးတို့တွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပါဝင်ခဲ့ရသည်။ မုန်တိုင်းမလာမီကပင် အဆင့်ဆင့်လမ်းညွှန်မှုများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြ၍ လည်းကောင်း၊ မုန်တိုင်းဝင်ရောက်ပြီးနောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြ၍လည်းကောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျှင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့ကြပြီး လျှပ်စစ်မီးများ လင်းခဲ့သည်။ လမ်း/တံတားများ ပြုပြင်တည်ဆောက်ပေးနိုင်ခဲ့သည်။ သန့်ရှင်းသော သောက် သုံးရေများ ဖြန့်ဝေပေးနိုင်ခဲ့သည်။ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ အချိန်မီ ပြန်လည် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။ ဆေးရုံ၊ ဆေးခန်းများ ပြန်လည်ဖွင့်လှစ်၍ ကျန်းမာ ရေးစောင့်ရှောက်မှု ပေးနိုင်သကဲ့သို့ အထူးကုဆရာဝန်ကြီးများအဖွဲ့ဖြင့် မြို့နယ်အသီးသီးသို့ သွားရောက်ကုသပေးနိုင်ခဲ့ကြသည်။ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ခဲ့ သည်။ ဘုရားကျောင်းကန် စေတီပုထိုးများ၊ သာသနိက အဆောက်အဦးများ၊ ဘာသာရေး ဆိုင်ရာအဆောက်အဦးများကို ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ပေးခဲ့ကြသည်။ အားကစား ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများပင် မကျန်စေရ။

          ယင်းလုပ်ငန်းများ ဆောင်ရွက်ပေးဖို့ရာအတွက် သက်ဆိုင်ရာဝန်ကြီးဌာများမှ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် ရခိုင်ဒေသသို့ မကြာခဏသွားရောက်ကွပ်ကဲဆောင်ရွက်ခဲ့ ကြသလို ဒုတိယဝန်ကြီးများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရိပ်သာတွင် ရက်ပေါင်းများစွာ အခြေပြုနေထိုင်၍ မိမိတို့တာဝန်ယူထားရသော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြရသည်။ ကျွန်တော်သည်လည်းပဲ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့် သောက်သုံးရေ ဖြန့်ဝေရေးလုပ်ငန်းများ၊ လမ်း/ တံတား ပြုပြင်တည်ဆောက်ပေးမှုများ၊ သမဝါယမအသင်းအဖွဲ့များ၏ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို ရက်ပေါင်း ၆၂ ရက်ကြာ နေထိုင်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဆောင်ရွက် ရင်း နိုင်ငံတော်အစိုးရ၏ စေတနာ၊ ဝန်ကြီးဌာနများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ အလှူရှင်များ၏ သဒ္ဓါတရားတို့ကို အများပြည်သူ သိရှိစေရန်အတွက် သတင်းစာဆောင်းပါးများ ရေးသား ဂုဏ်ပြုပေးခဲ့သည်။ ထိုသို့ ဂုဏ်ပြုရေးသေားရာတွင် မြို့ရွာအသီးသီး၌ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ် မီးလင်းစေရေးအတွက် နေ့မအား ညမနား၊ မိုးထဲလေထဲရေထဲမှာ အပင်ပန်းခံ ဆောင်ရွက်ခဲ့ကြသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို ပထမဦးဆုံး ဖော်ပြ၍ရေးသားခဲ့သည်။ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန) ခေါင်းစဉ်ဖြင့်။ သူ့နောက်မှ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စသည်ဖြင့်။ စေတနာရှင် အလှူရှင်များနှင့် အနုပညာရှင်များကို ရည်ညွှန်း၍ မိုခါမုန်တိုင်းကြားက နှလုံးလှသူများ ခေါင်းစဉ်ဖြင့် ထည့်သွင်း ဖော်ပြလိုက်သေးသည်။ ဆိုရသော် ရခိုင်ဒေသနှင့်ပတ်သက်၍ မရည်ရွယ်ဘဲလျက် မှတ်တမ်း တစ်ခု ပြုမိသွားခဲ့သည်။ ယခုလည်း “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှ သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့် ဆောင်းပါးများ ရေးသားဂုဏ်ပြုရန် ကြံရွယ်လိုက်သောအခါ ပထမဦးဆုံးမြင်လိုက်မိသည်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဖြစ်လို့ နေပါတော့သည်။ သူတို့ဝန်ကြီးဌာနနှင့် Digital Corner ပြခန်းတို့ ချိတ်ဆက်ပြီး လုပ်ငန်းရှင်များ၊ လေ့လာကြည့်ရှုသူများ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့၍ပါတည်း။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြခန်း

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနပြခန်းတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဇီဝနည်းပညာ သုတေသန ဦးစီးဌာနနှင့် အဏုမြူစွမ်းအင်ဦးစီးဌာန စသည့်ဦးစီးဌာန (၃) ခု ပေါင်းစပ်၍ ပြည်တွင်း ထုတ်လုပ်မှု ဖူလုံစေရန်၊ ပြည်ပပို့ကုန် တိုးမြှင့်နိုင်စေရန်နှင့် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်စေရန် ရည်ရွယ်ပြီး ပြကွက် (၁၂) ကွက်ဖြင့် ပြသာထားရှိပါသည်။

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ပြကွက်တွင် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှု အရည်အသွေးနှင့် ဈေးကွက် လိုအပ်ချက် များကို တိုးတက်စေရန်၊ နိုင်ငံတော်၏ ဝင်ငွေနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သော ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စံချိန်စံညွှန်းနှင့် ISO စံချိန်စံညွှန်း များ ရောင်းချခြင်း၊ စံချိန်စံညွှန်းဆိုင်ရာ အသိပညာပေးသင်တန်းများ ပို့ချခြင်း၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများ (WTO/ TBT) သဘော တူညီချက်နှင့်အညီ အမျိုးသားအဆင့်စုံစမ်းရေးဌာန (National Enquiry Point) အဖြစ် ဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်းစာကြည့်တိုက်အနေဖြင့် ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိပါသည်။

ဇီဝနည်းပညာသုတေသနဦးစီးဌာန၏ ပြကွက်တွင် လက်ရှိထုတ်လုပ်ရောင်းချနေသည့် ဇီဝထုတ်ကုန် (၆) မျိုး (ရွှေစိမ်း (အပင်အားတိုးဆေး)၊ ရွှေဆည်ရည် (သီးပွင့်အားတိုးဆေး၊ အပင်ရောဂါပိုးကာကွယ်ဆေး)၊ ရွှေပိုးနှင် (သီးပွင့်အားတိုး ဆေး၊ အပင်ရောဂါကာကွယ်ဆေး)၊ ရွှေဇီဝ (အကျိုးပြုအဏုဇီဝ ပိုးတွေပါသော ဇီဝမြေဩဇာ)၊ တစ်သျှူးမျိုးပွားအပင်များ (နဂါးမောက်၊ တပင်တိုင်မြနန်း၊ ရွှေနီ၊ ဖီကြမ်း၊ ခွံဝါ တစ်သျှူးငှက်ပျော၊ နာနတ်၊ မြန်မာသစ်ခွ၊ ပိန်းပန်း)၊ Green – Tricho ဇီဝမှိုသတ်ဆေး (မြေတွင်းအောင်းမှိုသတ်ဆေး၊ မြေဆောင်၊ လေဆောင်၊ အစေ့ဆောင်မှို) စသည်တို့ကို ပြသထားရှိပါသည်။

အဏုမြူစွမ်းအင်ဦးစီးဌာန၏ ပြကွက်တွင် နျူကလီးယားနည်းပညာကို အသုံးချပြီး MSME ထုတ်ကုန်တွေကို အရည်အသွေးနှင့် တန်ဖိုးမြှင့်တင်ထုတ်လုပ်ပုံများကို အဓိက ပြသ ထားပါသည်။ ဂမ္မာဓာတ်ရောင်ခြည်ပေးပြီး ဝန်ဆောင်မှုလုပ်ငန်း (၇) မျိုးကို ဆောင်ရွက်နိုင် ပါသည်။ အဆိုပါဝန်ဆောင်မှုများအနေဖြင့် အစား အစာများ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ တာရှည်ခံခြင်း၊ စက်မှုထုတ်ကုန် ပစ္စည်းများဖြစ်သည့် ဝါယာကြိုးများ၊ Polyethylene Foam Pipe များ၏ ဂုဏ်သတ္တိ အရည်အသွေး တိုးတက်မြှင့်တင်လာစေခြင်း၊ စိုက်ပျိုးရေး အထောက် အကူပြု သင်တန်းများ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျော့ချရေးမှာ အထောက် အကူဖြစ်စေခြင်း၊ သဘာဝတွင်းထွက် ကျောက်မျက်များ၏ အရည်အသွေးမြှင့်တင်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၏ အရည်အသွေး မြှင့်တင်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဖြစ်ပါသည်။ ယခုအခါ Semi commercial အဆောက်အဦကို ဆောက်လုပ်လျက်ရှိပြီး နောင်လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း ပြည်သူများ အသုံးချနိုင် မည်ဖြစ်ကြောင်း တာဝန်ရှိသူမှ ပြောကြားခဲ့သည်။

လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှု အခြေအနေ

ပြပွဲတွင် One Stop Service ကိုလည်း ဆောင်ရွက်ပေးထားပြီး နည်းပညာ လာရောက် တောင်းခံသည့် လုပ်ငန်းရှင်များကို ပြပွဲအချိန်တွင်းမှာပင် ရှင်းလင်းဆွေးနွေးပေးပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် မြန်မာစံချိန် စံညွှန်းစာရင်း (List) (၈၈၉) ခု ရှိပြီး ၎င်းတို့အနက်မှ လုပ်ငန်းရှင်များ လိုအပ်သည့် စံချိန်စံညွှန်းမပါဝင်သဖြင့် ထပ်မံရေးဆွဲပေးရန် တောင်းခံသူလုပ်ငန်းရှင်မျာအား နည်းပညာ တောင်းခံသည့်ပုံစံ (Form) တွင် ဖြည့်သွင်းဆောင်ရွက်ပေးရာ ပြပွဲကာလအတွင်း လုပ်ငန်းရှင် (၄၂) ဦး တင်သွင်းသွားပါသည်။ လုပ်ငန်းရှင်(၁)ဦးအတွက် ၎င်း၏ လယ်ယာထုတ်ကုန်မှာ သုံးသည့် စက်ပစ္စည်းအစိတ်အပိုင်းများအား မာကြောမှု တိုင်းတာပြီးဖြစ်ကြောင်း Stainless Steel ဖြစ်ကြောင်း၊ Certificate ရရန်အတွက် ရန်ကုန်သို့ပေးပို့ပြီး လုပ်ငန်း(Function) အား ချက်ချင်းဆောင်ရွက်ပေးခဲ့ကြကြောင်း တွေ့ရသည်။

Digital Corner ပြခန်း

          Digital Corner ပြခန်းကို ပြခန်းအမှတ် ၂၇ တွင် ထားရှိပြီး MSME ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒီဂျစ်တယ်နည်းပညာအသုံးချမှုဆိုင်ရာ ပြကွက် (၁၆) ခုအား Nay Pyi Taw State Polytechnic University အပါအဝင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက် တက္ကသိုလ် (၉) ခုမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၃၆) ဦးတို့က ရှင်းလင်းပြသခဲ့ကြသည်။ Smart Agriculture ၊ e-Commerce ၊ e-Service ပြကွက်များအပြင် ဉာဏ်ရည်တုနည်းပညာ AI ပြကွက်များလည်း ပါဝင်ပေသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့် Digital Corner ပြခန်းတွင် Digital Solution for Restaurant ၊ Smart Helmet for Riders ၊ Sales and Ordering Management System ၊ Paddy Farming System for Mon State ၊ Heritage Craft Heaven ၊ Rental and Sale Management System ၊ Leather Lux ၊ Myanmar Cuisine ၊ Digital Transformation of MSME ၊ Ayar Farm Link MSME Mobile App ၊ AI for MSME ၊ Myanmar Product Zone ၊ Hair Salon Management System ၊ Farmers’ Era ၊ CashNex Banking System ၊ Branded Cosmetics Online Shopping System စသည့် ဒီဂျစ်တယ် နည်းပညာဆိုင်ရာ ပရောဂျက်များအကြောင်းကို ရှင်းလင်းပြသထားပါသည်။ MSME လုပ်ငန်း ရှင်များ၏ ထုတ်ကုန်များကို Online မှတဆင့် ရောင်းချနိုင်စေရန်၊ ထုတ်ကုန်များကို ကြော်ငြာ နိုင်စေရန်၊ ငွေပေးချေမှုများ ဆောင်ရွက်လိုပါက ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းဖြင့် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်စေရန် E-Commerce Website များ ထူထောင်ပေးထား ပြီး ပုသိမ် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ရေးဆွဲထားသည့် Digital Transformation of MSME ကို Website Portal တွင် ထုတ်လွှင့်ထားရှိပြီး ဖြစ်ပါသည်။ ထို့ပြင် ဒီဂျစ်တယ်နည်းပညာနှင့် ပြုလုပ်ထားသည့် Smart Helmet for Riders ကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက တီထွင်ထားရှိပြီး Launch လုပ်ရန် စီစဉ်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ ယခုအခါ MSME ပြပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ လုပ်ငန်းရှင်တစ်ဦးက ကောက်စိုက်ကိရိယာတီထွင်လိုသည့်အတွက် နည်းပညာအကူအညီပေး ရန် တောင်းခံခဲ့ကြောင်းလည်း သိရှိခဲ့ရသည်။

          နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျွမ်းကျင်ကျောင်းသားကျောင်းသူ များသည် Website မျိုးစုံကို ကျွမ်းကျင်စွာ ရေးသားနိုင်သည့်အတွက် MSME လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဆိုပါက ကျောင်းသားကျောင်းသူများ အနေဖြင့် domain Knowledge များ ရရှိပြီး ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် ရန် မလိုအပ်ဘဲ ပြည်တွင်း၌ အလုပ်အကိုင်ရရှိစေမှာဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးကျေးဇူးများစွာရရှိနိုင်သည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သော လုပ်ငန်းစဉ် ဖြစ်ပါသည်။

ပရောဂျက်များ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှု

          Digital Corner ပြခန်းကို ဝင်ရောက်ကြည့်ရှုလေ့လာကြပြီးနောက် ပြခန်းရှိ ပရောဂျက် များအား ပူးပေါင်းဆောင်ရွက်ရန် အကြံပြုဖိတ်ခေါ်သူ များစွာ ရှိလာခဲ့သည်။ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက Farmers’ Era ကို နေပြည်တော်ကောင်စီနယ်မြေရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် ရန်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က Paddy Farming System for Mon State ၊ Ayar Farm Link MSME Mobile App ၊ Farmers’ Era ကို မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်လည်းကောင်း၊ မြန်မာ့ဩဘာလုပ်ငန်းစုမှလည်းကောင်း အခြားသောပညာရှင်၊ လုပ်ငန်းရှင်များမှလည်းကောင်း အကြံပြုမှုများ၊ ဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြကြောင်း တွေ့ရသည်။

ဆုချီးမြှင့်ရေးမှာ ပါဝင်ကူညီ

          သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် သူ၏ တပည့်များကို ကျေးဇူးတင်ရသည့် ကိစ္စတစ်ခုမှာ ကျွန်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီကို သူတို့ ၏ နည်းပညာဖြင့် ဝိုင်းဝန်းကူညီခဲ့ကြ၍ ဖြစ်သည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား၌ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု (Digital Transformation) ကို လက်တွေ့ကျကျ ဆောင်ရွက်သည့်အနေဖြင့် LED Board ပေါ်တွင် နောက်ခံပြသမှု၊ ဒီဂျစ်တယ်ဆုတံဆိပ်များ ပြုလုပ်မှု၊ ဂုဏ်ပြုချီးမြှင့်ငွေကို ဆုရသူ၏ iBanking Account ထဲသို့ လွှဲပြောင်းပေးပို့မှု အားလုံးကို အဆင်ပြေချောမွေ့အောင် ကူညီခဲ့ကြသည်။ ဆုရသူများ၏ ကိုယ်ရေးအချက်အလက်ကို ဖော်ပြရန်အတွက် ပိုင်သွန် (Python) ပရိုဂရမ် ဘာသာစကားဖြင့် ရေးသားခြင်း၊ ငွေပေးချေမှုလုပ်ငန်းစဉ်နှင့် ဆုချီးမြှင့်မှုလုပ်ငန်းစဉ်တို့ အတွက် ဒီဇိုင်းရေးဆွဲဖန်တီး တည်ဆောက်ပေးခဲ့ကြသည်။ ကျေးဇူးတင်ရပါသည် သိပ္ပံနှင့် နည်းပညာ။

(ဆက်လက်ဖော်ပြပါမည်။)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်