ဧရာဝတီသားဟု မကြွားဝံ့သောကျွန်တော်
ကျွန်တော့်မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး၏ ဆောင်ပုဒ်က “ရိုသား ကြိုးစား ဧရာဝတီသား” ဟူ၍ ဖြစ်သည်။ ထိုဆောင်ပုဒ်အတိုင်း ဧရာဝတီသားတွေ ရိုးသားခဲ့ကြသည်၊ ကြိုးစားခဲ့ကြမည်ဟူ၍လည်း ယုံကြည်ခဲ့သည်။ ယုံကြည်၍လည်း ဆောင်းပါးတွေထဲမှာ အခါအခွင့်သင့်လျှင် သင့်သလို ကြွားခဲ့ ရေးခဲ့ဖူးသည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့၏ နယ်နိမိတ်အစပ်မှာတောင် အနှီဆောင်ပုဒ်ကို ခန့်ခန့်ညားညား စိုက်ထူထားတာ မြင်ခဲ့ဖူး၍ ဖြတ်သွားတိုင်းဂုဏ်ယူစွာကြည့်ခဲ့ဖူးသည်။ ဓာတ်ပုံတွေရိုက်ခဲ့ဖူးသည်။ နောက်တော့ မည်သူ့လက်ထက်တွင် မည်သူကအမြင်ကပ်၍ ဖြုတ်သွားသည်လည်းမသိ။ ယနေ့ထိတိုင် မရှိတော့ပြီ။ ရိုးသားကြိုးစား ဧရာဝတီသားပင် ဖြစ်နေသော်ငြားလည်း ၁၄/ (မျဉ်းစောင်း) နိုင်ငံ သားကတ်ကို ကိုင်ထားသော ဧရာဝတီသားကွဟု ရဲရဲကြီးမကြွားဝံ့သော အကြောင်းတရားတစ်ခု က ကျွန်တော့်တွင် ရှိနေပါသည်။ ထိုအရာသည်ကား ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ နယ် အနောက်ခြမ်းက စိန်တောင်ရွာသား ကျွန်တော်၊ ယနေ့ချိန်ထိ မော်တင်စွန်းဘုရားကိုလည်း မဖူးဘူး၊ ချောင်းသာကမ်းခြေသို့လည်း မရောက်ဖူး၊ မလည်ပတ်ဖူး၍ပါတည်း။ ထို့ပြင်တဝ ဧရာ ဝတီတိုင်းဒေသကြီးအတွင်းက ၂၆ မြို့နယ်ထဲမှာ ကျွန်တော်မရောက်ဖူးသေးသည့် ငပုတော၊ လပွတ္တာ၊ ဘိုကလေးမြို့နယ်တို့လို နေရာဒေသအချို့လည်း ရှိနေပြန်ပါသည်။ ဆိုရသော် ငါဟဲ့ ဧရာဝတီသားဟု မာန်တင်းကာ အော်နေခဲ့လင့်ကစား ရဲရဲဝံ့ဝံ့မကြွားဝံ့သော ကျွန်တော့်အဖြစ်နှင့် ကျွန်တော်မို့ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ မြတ်မော်တင်စေတီတော်ကြီးကို ဖူးဖြစ်အောင် ဖူးမည်ဟု အလေးအနက် သန္နိဌာန်ချထားမိပါသည်။
မရောက်တာကြာပြီဖြစ်သော MRTV
တစ်ချိန်က ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ သူ့ထက် စော၍ ဖွဲ့စည်းခဲ့သော နယ်စပ်/ စည်ပင်ဝန်ကြီးဌာနတို့မှာ ရှိစဉ်ကတည်းက မြန်မာပြည်တစ်နံ တစ်လျားမှ ရောက်ရှိလာကြသော တိုင်းရင်းသားလေ့လာရေးအဖွဲ့များအတွက် ကြည့်ရှုလေ့လာ ရမည့်နေရာများ သတ်မှတ်ရာ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည်လည်းပဲ တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ရန်ကုန်မှာ ရှိစဉ်တုန်းကလည်း ပို့ဆောင်ပေးခဲ့သည်။ နေပြည်တော်ကြီး တည်ထောင်အပြီး နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်တွေကို ကျွန်တော်တို့ ဆက်လက်စီစဉ်ပေးခဲ့ကြသည်။ ထိုဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသကာလ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခွင့်ရချိန်၌လည်း ယခင်အတွေ့အကြုံ များကိုယူ၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် သံလျင်နှင့်စစ်ကိုင်းတို့မှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ သင်တန်းသား၊ သင်တန်းသူများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူကာ နေပြည် တော်နှင့် ပတ်ဝန်းကျင် အထင်ကရနေရာများသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုသို့ပို့ဆောင်ပေးရာ တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV သည်လည်းပဲ တစ်ခုအပါအဝင် ဖြစ်၏။
MRTV အဖွဲ့တွေ ရန်ကုန်မှာရှိစဉ်က ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း သတင်းကိစ္စ၊ သီချင်းကိစ္စ၊ ရိုက်ကူးရေးကိစ္စစသည့် အကြောင်းအမျိုးမျိုးဖြင့် ချောင်းပေါက်မတတ် ရောက်ခဲ့ သည်။ နေပြည်တော်သို့ ပြောင်းရွှေ့လာချိန်တွင်မတော့ ၂၀၁၀၊ ၂၀၁၂ ဝန်းကျင်လောက်ကသာ ဖြိုးဖြိုးဖျောက်ဖျောက် ရောက်ခဲ့သည်မှလွဲ၍ နောက်ထပ်မရောက်ဖြစ်တော့ချေ။ သို့တစေ လေ့လာရေးအဖွဲ့များ သွားရောက်လေ့လာကြသည့်အခါတိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၏ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောသည်မှအစ စိန်ရတုပြတိုက် သို့ လေ့လာမှုအဆုံး အားလုံးကို သတင်းထုတ်ပြန်ခဲ့သည်ဖြစ်ရာ စိန်ရတုပြတိုက်နှင့်ပတ်သက်၍ ကြားဖူးနားဝတော့ ရှိနေခဲ့သည်။ သို့သော် တစ်ခါသော်မျှ မရောက်ဖူးခဲ့ပေ။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် သမိုင်းစဉ်တစ်လျောက် ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ရုပ်သံထုတ်လွှင့်ရေးဆိုင်ရာ ကင်မရာများ၊ စက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ နှင့် ပြုပြင်တိုင်းတာရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများကို အများပြည်သူလေ့လာကြည့်ရှုနိုင် ရန်အတွက် ပင်မအဆောက်အဦးကြီးအတွင်းက အခန်းတစ်ခုတွင် ခင်းကျင်းထားရှိပြီး မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၏ ၇၅ နှစ်ပြည့်မြောက်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် ယင်းပြတိုက် ငယ်သည် ကနဦးအစပြုလိုက်သော ပြတိုက်တစ်ခုအဖြစ်သာ ရှိနေခဲ့ပြီး စိန်ရတု၏ ဂုဏ်ဒြပ်နှင့် လျော်ညီစွာခန့်ညားထည်ဝါသည့် သီးခြားပြတိုက်တစ်ခု တည်ဆောက်ရန် နိုင်ငံတော်အကြီး အကဲက လမ်းညွှန်ခဲ့သည်။ ယင်းလမ်းညွှန်ချက်အရ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မ အဆောက်အဦးရှေ့၊ ယာဘက်မျက်နှာစာတွင် နှစ်ထပ်အဆောက်အဦးတစ်လုံးကို ထပ်မံ တည် ဆောက်ခဲ့သည်။
ယင်းသို့ တည်ဆောက်ပြီးနောက် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြု သောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် (၁) နှစ် ပြည့် မြောက်သည့်နေ့ဖြစ်သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ပြတိုက်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။ စိန်ရတုပြတိုက်ကြီး၏ ထည်ဝါခမ်းနားမှုနှင့်အတူ အဆာက်အဦးအတွင်း၌ အသံလွှင့်ဆိုင်ရာ စက်ပစ္စည်းများ၊ တေးဂီတဆိုင်ရာစာအုပ်စာစောင်များ၊ တိပ်ခွေနှင့် ဓာတ်ပြားများ၊ ရုပ်မြင် သံကြားဆိုင်ရာ စက်ပစ္စည်းများ စနစ်တကျ ခင်းကျင်းပြသနိုင်ရန်အတွက် နိုင်ငံတကာ ပြတိုက်များ၊ ပြည်တွင်းပြတိုက်များသို့ သွားရောက်လေ့လာကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်၏ မြေညီထပ်တွင် ပြခန်း ၁၈ ခန်း၊ ပထမထပ်တွင် ပြခန်း ၂၂ ခန်း၊ စုစုပေါင်း ပြခန်းပေါင်း ၄၀ ကို ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသထားပါသည်။ ထို့နေ့အခမ်းအနားနှင့် တစ်ဆက်တည်းမှာပင် သတင်းကဏ္ဍ သီးသန့်ကြည့်ရှုနိုင်မည့် MRTV NEWS Channel နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များကို ဂြိုဟ်တုမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံဖမ်းယူကြည့်ရှုနိုင်မည့် DTH စနစ်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
သပြေ ရေဒီယိုအစီအစဉ်ကိုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၇၆ နှစ်ပြည့်မြောက် သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီထိ၊ ညနေ ၄ နာရီမှ ည ၉ နာရီထိ အစီအစဉ်များ တိုးချဲ့ကာ ဝေဝေဆာဆာထုတ်လွှင့်နိုင်ခဲ့ သည်။ ရုပ်သံအစီအစဉ်တွင် Update news နှင့် Breaking news တို့ကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
မဂွေဇ-ခေါင်လန်ဖူးကားလမ်း ဖောက်လုပ်ခဲ့
ကျွန်တော် နတလဝန်ထမ်းဘဝဖြင့်ရှိနေစဉ် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး မြို့နယ်အတွင်းမှာ မဂွေဇ-ခေါင်လန်ဖူးကားလမ်း ၆၅/၄ မိုင်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့မှ စတင်ဖောက်လုပ်ခဲ့ကြသည်။ ပေ ၇၇၀၀ ဆန်းလွတ်ချက်တောင်ကြီးကို ကျော်လွှား ဖောက်လုပ်ခဲ့ကြရာ၌ (၄) မိုင်ခန့်ရှည်သည့် ကျောက်တောင်နှင့် ရင်ဆိုင်ခဲ့ရသည်။ နတလမှ အင်ဂျင်နီယာများ၊ တပ်မတော်မှ တွဲဖက်ပေးထားသည့် အင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိစစ်သည် များ၊ ရဝမ်တိုင်းရင်းသားခေါင်းဆောင်ဦးအားတန်၏ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်တွဲ ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြ၍ ရက်ပေါင်း ၁၇၁၂ ရက်အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် မဂွေဇမှ ခေါင်လန်ဖူးထိ ကားလမ်းပေါက်ခဲ့ပြီဖြစ်သည်။ ထိုလမ်းကြီး ဖောက်လုပ် ရာတွင် တပ်မတော်က စက်သုံးဆီများ၊ မိုင်းခွဲမည့်ယမ်းများကို တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။ ယင်းကဲ့သို့ တပ်မတော်က မကူညီခဲ့လျှင် မဂွေဇ-ခေါင်လန်ဖူးလမ်းသည် ဒေသခံတိုင်းရင်းသားများ၊ လားမြင်းများ၏ ခြေလျင်သွားလမ်းကလေး အဖြစ်နှင့်သာ ရှိနေပေဦးမည်။ တစ်နည်းဆိုရသော် နှစ်ပေါင်းများစွာ အိမ်မက်မက်၍ မျှော်လင့်ခဲ့ ရသော အိမ်မက်လမ်းအဖြစ်သာ ရှိနေပေဦးမည်ဖြစ်သည်။ လမ်းဖောက်လုပ်နေစဉ် မတော် တဆထိခိုက်မှုများဖြင့် အသက်ဆုံးရှုံးခဲ့သည့် စစ်သည်၊ ဝန်ထမ်းနှင့် လုပ်သားတစ်ချို့လည်း ရှိခဲ့သည်။
ခေါင်လန်ဖူးသံယောဇဉ်
မဂွေဇ-ခေါင်လန်ဖူးကားလမ်း ဖောက်လုပ်ခြင်းကို အကြောင်းပြုလျှက် ကျွန်တော်သည် မြန်မာပြည်မြောက်ဘက် အစွန်ဆုံးမြို့လေးဖြစ်သော ပန်နန်းဒင်သို့ (၄) ခေါက်၊ နောင်မွန်သို့ (၂) ခေါက်၊ ခေါင်လန်ဖူးသို့ (၂) ခေါက် ရောက်ခဲ့သည်။ ပန်နန်းဒင်ဆိုလျှင် အိမ်ခြေ ၂၁ အိမ်သာရှိ သော ပီဘိမြို့သေးသေးလေးမျှသာ၊ ယင်းသို့ သေးကွေးပြီး အများသူငါ အရောက်အပေါက်နည်း ကြသော ရှမ်းအရှေ့က မက်မန်းမြို့လေးလိုနေရာမျိုး၊ ရှမ်းတောင်က ဟိုမိန်းမြို့လေးလိုနေရာ မျိုးတွေကို (၄) ခေါက်စီ ရောက်ဖူးထားခြင်းကပင်လျှင် ကျွန်တော့်ဘဝမှာ အမှတ်ရစရာတွေ ဖြစ်ခဲ့သည်။ မမေ့နိုင်အောင် ဖြစ်ခဲ့ရသည်။ ခေါင်လန်ဖူးသို့ ကားလမ်းမပေါက်မီ ၂၀၁၈ ခုနှစ်မှာ ကျွန်တော် နတလဝန်ထမ်းဘဝကနေ သက်ပြည့်ပင်စင်ယူခဲ့သည်။ ပင်စင်ယူပြီးကာမှ ထိုစဉ်က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အကူအညီ တောင်းသဖြင့် မဂွေဇ-ခေါင်လန်ဖူးကားလမ်း ဖောက်လုပ်ခြင်းဆိုင်ရာ ရုပ်/သံ အစီအစဉ်အတွက် စာမူရေးပေးခဲ့ရသည်။ စာမူနာမည်ကိုတော့ ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် (ယခု နီပေါနိုင်ငံ သံအမတ်ကြီး) အကြံပြုခဲ့သလို “အိပ်မက်လမ်းသို့ ခရီးရှည်” ဆိုပြီး ပေးခဲ့သည်။ အဆိုပါစာမူကို ရုပ်/သံအစီအစဉ်ရိုက်ပြီး ထုတ်လွှင့်နိုင်ဖို့အတွက် MRTV က ဦးဇေယျာကျော်ဝင်း၊ ဒေါ်ဆွေဆွေသန်း၊ ကိုမျိုးသန့်ဇော်၊ ကိုမန်းကျော်၊ ကိုကျော်မျိုး ထွန်း၊ ဂေါလူဂျာနော်ဆိုင်းတို့နှင့်အတူ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပူတာအိုမြို့သို့ စတင်ရောက်ရှိခဲ့ကြသည်။ ပူတာအိုလွင်ပြင်အပါအဝင် ကောင်းမှုလုံစေတီ၊ နတ်ကျွန်းစေတီ၊ မချမ်းဘော့၊ နောင်မွန်၊ ပန်နန်းဒင်၊ ခေါင်လန်ဖူးဒေသများသို့ ကွင်းဆင်းရိုက်ကူးခဲ့ကြသည်။ ခေါင်လန်ဖူးဟု ဆိုသော်ငြားလည်း ကားလမ်းက ဆန်းလွတ်ချက်တောင်ထိပ် ၃၃/၆ မိုင်အထိ သာ လမ်းပေါက်သေးသည်။ သို့တစေ ကိုဇေယျာကျော်ဝင်းနှင့် မျိုးသန့်ဇော်တို့ ကင်မရာအဖွဲ့ သည် တောင်ထိပ်မှ လှမ်းမြင်နေရသော မေခမြစ်ကူး ရီဒမ်းကြိုးတံတားနေရာအထိဆင်း၍ အပင်ပန်းခံသွားရောက်ရိုက်ကူးခဲ့ကြရာ ကျွန်တော့်စာမူ “အိပ်မက်လမ်းသို့ ခရီးရှည်” သည် ပို၍ ပို၍ အသက်ဝင်သွားသဖြင့် သူတို့ကို ကျေးဇူးတင်ခဲ့ရပါသည်။ ခေါင်လန်ဖူးဒေသသို့ အတူသွားခဲ့ ကြသည်မှာ (၆) နှစ်ခန့် ရှိပေပြီ။ သည်တစ်ခေါက် MRTV သို့ သွားချင်သည့် ရည်ရွယ်ချက်မှာ သူတို့နှင့်လည်း တွေ့ချင်သည်။ ကျွန်တော့်သမီး အေးအိငြိမ်းနှင့်လည်း တွေ့ချင်သည်။ ထို့ပြင် တဝ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အထင်ကရနေရာ စိန်ရတုပြတိုက်သို့လည်း ကြည့်ရှုလေ့ လာလို၍ ဖြစ်သည်။ သည့်အတွက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ထံသို့ ခွင့်တောင်းပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့က သွားရောက်ခဲ့သည်။ ဦးရဲနိုင်က အခမ်းအနားတစ်ခု တက်ရောက် နေ၍ မတွေ့ခဲ့ရ၊ စိန်ရတုပြတိုက်မှာ လိုက်လံရှင်းလင်းပြသပေးကြသော အင်ဂျင်နီယာချုပ် ဦးကျော်ရွှေ၊ စီမံရေး ရာညွှန်ကြားရေးမှူး စောမြင့်ဇော်နှင့် ညွှန်ကြားရေးမှူးများ ဖြစ်ကြသော ဒေါ်မိုးသူဇာအောင်၊ ဒေါ်ခင်မိုးဥ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာတို့ကို ကျေးဇူးတင်ပါသည်။
စိန်ရတုပြတိုက်မှာ လေ့လာစရာ
ပြတိုက်ထဲသို့ ခြေချလိုက်မိသည်နှင့် လေ့လာစရာတွေက များပြားလှသလို လွမ်းစရာ တွေကလည်း တစ်ပွေ့တစ်ပိုက်ဖြစ်လို့နေပါတော့သည်။ ၁၉၃၇ ခုနှစ် မင်္ဂလာဒုံ ဝိုင်ယာလက်စ်မှာ အသံလွှင့်လုပ်ငန်း စတင်သည်မှ ယနေ့အချိန်ထိ ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ သမိုင်းကြောင်းကို အင်ဂျင်နီယာချုပ် ဦးကျော်ရွှေက ရှင်းလင်း ပြောကြားသည်။ ပြောင်းလဲလာသော ဌာနအခေါ်အဝေါ်များ၊ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့သည့်နေရာ များ၊ တိုးပွားလာသော ရေဒီယိုလိုင်းများနှင့် ရုပ်သံလိုင်းများ၊ ထုတ်လွှင့်မှုနည်းစနစ်များ၊ Online ထုတ်လွှင့်မှုများစသည်တို့ ပါဝင်သည်။ ထူးထူးခြားခြားမှတ်သားမိသည်များမှာ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကို မြန်မာ့အသံရေဒီယိုစတင်ထုတ်လွှင့်သည့်နှစ်ဟု သတ်မှတ်ခဲ့သော ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့သည် ၇၅ နှစ်ပြည့် စိန်ရတုနေ့ဖြစ်လာခြင်း၊ ၁၉၈၀ ပြည့် နှစ် နိုဝင်ဘာလ ၁ ရက်နေ့၌ ရုပ်မြင်သံကြားအစီအစဉ် စတင်ထုတ်လွှင့်စဉ်ကလည်း အခြားနိုင်ငံ အချို့တွင် အဖြူအမဲဖြင့်စခဲ့ရပြီး မြန်မာနိုင်ငံကမူ ရောင်စုံရုပ်မြင်သံကြား အစီ အစဉ်ကို ထုတ်လွှင့်နိုင်ခဲ့ခြင်း၊ ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့၌ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားကို နေပြည်တော် တပ်ကုန်းသို့ ပြောင်းရွှေ့ထုတ်လွှင့်ပေးခဲ့ခြင်းတို့ ဖြစ်သည်။
မြေညီထပ်မှ ပထမထပ်သို့
မြေညီထပ်မှာတော့ စက်မှုဆိုင်ရာ ပြုပြင်တိုင်းတာရေးစက်ပစ္စည်းများနှင့် လွှင့်စက် ဖမ်းစက်များအကြောင်း စတင်လေ့လာခွင့်ရခဲ့သည်။ ကျွန်တော့် မျက်စိအာရုံထဲသို့ ပြက်ပြက် ထင်ထင် ဝင်ရောက်လာသည်မှာ မြန်မာ့အသံခေတ်ဦးက အသုံးပြုခဲ့သော ရေဒီယို တိုက်ရိုက် ထုတ်လွှင့်ရေးယာဉ် ဖြစ်သည်။ ယာဉ်အမှတ် ဆ/၉၃၀၆၊ ၁၉၅၄ ခုနှစ်၌ အမေရိကန်နိုင်ငံ Boyertown မြို့မှာထုတ်လုပ်ခဲ့၍ ယာဉ်အမျိုးအစားကိုလည်း Boyertown Merchandiser (Chevrolet Step Van) ဟု ခေါ်ဝေါ်ခဲ့သည်။ မြန်မာနိုင်ငံက ၁၉၅၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့ ပြီး လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ စသည့် နေ့ထူးနေ့မြတ်များ၊ တိုင်းနှင့် ပြည်နယ် ဘောလုံးပွဲများ၊ နိုင်ငံတကာ ဖိတ်ခေါ်ခြေစမ်းပွဲများ၌ တိုက်ရိုက်(live) ထုတ်လွှင့်ခဲ့ သည်။ အစီအစဉ်တင်ဆက်သူတွေကလည်း ပါရမီရှင်တွေဟု ဆိုရမလောက် အပြောကောင်းကြ သည်။ ကျွန်တော် အလယ်တန်းကျောင်းသားဘဝ ဖြစ်ပါလိမ့်မည်။ တိုင်းနှင့်ပြည်နယ် ဘောလုံး ပွဲတွေကို အသံလွှင့်ကြေညာရာ၌ ပုသိမ်မြို့ ဘောလုံးကွင်း၏ ပုံသဏ္ဍာန်၊ ပရိသတ်အားပေးမှု အခြေအနေ၊ ရာသီဥတု စသည်တို့ကို ကြားရသူကိုယ်တိုင် ပုသိမ်မြို့သို့ရောက်နေဘိအလား ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ပြောနိုင်ခဲ့သည်။ ကရင်ပြည်နယ်က ဂိုးသမား တင်ဌေး ဒဏ်ရာရ၍ ခေါင်းမှာပတ်တီးစီးခဲ့ရပုံ၊ နှစ်ဘက်အသင်းများ ပင်နယ်တီကန်သွင်းရာ၌ နောက်ဆုံး အနိုင်ဂိုးဖြစ်သော ပင်နယ်တီကို ဂိုးသမားတင်ဌေးကိုယ်တိုင် သွင်းယူခဲ့ပုံ၊ ရှမ်းပြည်နယ်အသင်း ၏ ကစားကွက်နှင့် စိုင်းကက်နက်၊ ရွှေဘော်၊ လွန်းတင် အစရှိသော ကစားသမားများ၊ ရှမ်း ဂိုးသမားဘိုကီဒွေး၏ ဖခင်ဖြစ်သူမှာလည်း ယခင်ရှမ်းပြည်နယ်လက်ရွေးစင် ဂိုးသမားပယ်ရီဒွေး ဖြစ်ကြောင်း စတာတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြသွားနိုင်သည်။ ယခုမျက်စိရှေ့က ကားပြာကြီးကို ကြည့်ရင်း အတိတ်ကာလတစ်ခု ပြန်ပြီးလွမ်းမိသလိုလိုပင်။
တိုက်ရိုက်(Live) ထုတ်လွှင့်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံက လှူဒါန်းထားသော ယာဉ်၊ ဂျပန်နိုင်ငံက လှူဒါန်းထားသော ယာဉ်နှင့် ခေတ်မီ Flyaway ဆက်သွယ်ရေးစနစ်များ ကိုလည်း တွေ့ရသည်။ စိန်ရတုမှတ်တမ်းဓာတ်ပုံများ၊ အဆောက်အဦးပုံစံငယ်များနှင့် တာဝါ တိုင်ပုံစံငယ်များကိုလည်း လေ့လာနိုင်ပါသည်။ မြေညီထပ်မှာ ထင်ရှားကျော်ကြားသော MRTV ကြယ်ပွင့်များဆိုသည့် ပြကွက်၌ အဆိုတော်ကြီးများ တေးရေးဆရာများ၊ အနုပညာရှင်များ ဖြစ် ကြသော ဒေါ်မေရှင်၊ ဒေါ်ကြည်ကြည်ဌေး၊ ဒေါ်အမာစိန်၊ ဦးမင်းနောင်၊ ဦးမြကြီး၊ ဦးမောင်မောင် ကြီး၊ ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင်မောင်ကိုကို၊ တွံတေးသိန်းတန်၊ ဒေါ်တင်တင်မြ၊ ဒေါ် မာမာအေး၊ ဦးမြတ်လေး၊ ချစ်စံပယ်၊ ထား အစရှိသည့် ဂန္ထဝင်ကြီးများနှင့် သည်ဘက်ခေတ်၌ ထင်ရှားကျော်ကြားသူများ၏ ဓာတ်ပုံများကို ပြသထားသည်။ သည်ပြကွက်ကိုတော့ အချိန် ရလျှင် ပြန်ပြီးပြုပြင်စေချင်သည့်စေတနာ ပေါ်လာခဲ့သည်။ အထက်ပါပုဂ္ဂိုလ်ကြီးများကို သည် ဘက်ခေတ်မှာထင်ပေါ်ခဲ့သည့် စိုးအောင်(ကောင်းကင်ပြာ)၊ ဇော်ပိုင်၊ ဂျင်းနီ(ဟန်နွေငြိမ်း)၊ မေသူကျော်တို့နှင့်အတူ ရောပြထားသောအခါ Caption နည်းနည်းလွဲနေသည်ဟု ထင်မြင်ယူ ဆမိပါသည်။ ဂန္တဝင်ကြီးများနှင့် ကြယ်ပွင့်များကို ခွဲချင်ခွဲ၊ သို့မဟုတ် နှစ်ကာလ အပိုင်းအခြား နှင့်ခွဲချင်ခွဲ၊ သို့မှသာ သင့်တော်မည်ဟု ထင်မိပါသည်။
မြေညီထပ်မှ ပထမထပ်သို့ တက်ရောက်ကြည့်ရှုလေ့လာသောအခါ မိုက်ကရိုဖုန်း အမျိုး မျိုးကို ပြသထားသည့်အပြင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော ကြားခဲ့စဉ်က တပ်ဆင်ပေးထားသည့် မိုက်ကရိုဖုန်းများကိုလည်း တွေ့ရသည်။ ခေတ်အဆက် ဆက် အသုံးပြုခဲ့သော ဓာတ်ပြားစက်များ၊ Radiogram၊ ရေဒီယို/ ကက်ဆက်များ၊ Reel Tape နှင့် Tape Recorder များ၊ ဓာတ်ပြားများ၊ BBS တံဆိပ်ပါ မြန်မာဆိုင်းဝိုင်းကြီး၊ BBS ခေတ်က အသုံးပြုခဲ့သော ပရိဘောဂများ၊ ရိုက်ကူးရေးသုံးတိုင်းရင်းသားရိုးရာတူရိယာများ၊ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် သံစုံတီးဝိုင်းအဖွဲ့တို့တွင် ပါဝင်သည့် တူရိယာပစ္စည်းများ၊ မဟာဂီတနှင့် တေးဂီတဆိုင်ရာ စာအုပ်များကို ခင်းကျင်းပြသထားပါသည်။
ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ
စိန်ရတုပြတိုက်တွင် သတင်းဖတ်ကြားထုတ်လွှင့်သည့် ယခင်ပုံစံနှင့်ယခုပုံစံ သတင်းခန်း များ၊ Virtual Studio အသုံးပြုရိုက်ကူးမှုများကို လေ့လာကြည့်ရှုနိုင်သကဲ့သို့ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ကင်မရာများ၊ ရုပ်မြင်သံကြား ပြစက်များ၊ ထုတ်လွှင့်ရေးစက်ခန်းသုံးပစ္စည်းများ ကိုလည်း တစ်စုတစ်စည်းတည်း ကြည့်ရှုလေ့လာနိုင်ပါသည်။ ဆိုရသော် - မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့မှု သမိုင်းကြောင်းကို လေ့လာသိရှိနိုင်သကဲ့သို့ တန်ဖိုးမဖြတ်နိုင်သည့် အသိပညာဗဟုသုတ၊ အတွေးအမြင်များကိုလည်း ရရှိစေမည်ဖြစ်သည်။ ၇၅ နှစ်မြောက် စိန်ရတုကို လွန်ခဲ့ပြီးနောက် ၇၈ နှစ်အတွင်းဝင်လာခဲ့ပြီဖြစ်သော မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ဖြတ်သန်းခဲ့သည့်ကာလအတွင်း ပါဝင်ဆောင်ရွက်ခဲ့မှုများ၊ ထုတ်လွှင့် တပ်ဆင်ခဲ့မှုများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းကိရိယာများကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နိုင်ငံအကျိုး၊ နိုင်ငံသား များ၏ အကျိုးကို စိတ်ကောင်းစေတနာအပြည့် လုံ့လအပြည့်နှင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူများအကြား ခိုင်မာသည့် ပေါင်း ကူးတံတားတစ်စင်းလည်း ဖြစ်ပေသည်။
ဘုရားလည်းဖူး၍ တံတားမှလည်းကူးခဲ့သည်
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ ပင့်ဆောင်ပျိုးထောင်ခဲ့သော ပရိဘောဂစေတီထိုက်တော်မူသည့်၊ (၂) နှစ်သက်တမ်းရှိ မဟာဗောဓိပင်ကြီးအား ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာနေ့) ၂၃-၈-၂၀၂၁ ရက်နေ့(သောကြာ)နေ့တွင် နေပြည်တော် တပ်ကုန်းမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ဗောဓိအောင်မြေကုန်းတော်၌ တပ်ကုန်းမြို့နယ် သံဃာနာယကဥက္ကဋ္ဌ၊ မဟာဇနကကျောင်း တိုက်ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဍာရဟ ဦးဆောင်၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် အရာထမ်း၊ အမှုထမ်း၊ မိသားစုများက မင်္ဂလာအခမ်း အနားဖြင့် စိုက်ပျိုးပူဇော်ခဲ့ကြပါသည်။
မဟာဗောဓိပင်ကြီးနှင့်အတူ ဗုဒ္ဓရုပ်ပွားတော် (၈) ဆူ၊ ပလ္လင်တော်နှင့် ရင်ပြင်တော်တို့ကို အလှူရှင်များမှ စုပေါင်းလှူဒါန်းပြီး ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော် နေ့) ၂၀-၁၀-၂၀၂၁ (ဗုဒ္ဓဟူးနေ့)တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းနှင့် ဇနီး ဒေါ်ခင်ဆွေဝင်းတို့ ဦးဆောင်၍ ရေစက်ချလှူဒါန်းပွဲအား စည်ကားသိုက် မြိုက်စွာ ကျင်းပပြလုပ်ခဲ့ကြပါသည်။ ဤကား ကျွန်တော် ဖူးမြော်ခဲ့ရသော ဗောဓိအောင်မြေ ကုန်းတော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော် (၈) ဆူနှင့် မဟာဗောဓိပင် ပူဇော်ခြင်း ကမ္ပည်းမှတ်တမ်းပါ ပေတည်း။ ကြည်နူးဝမ်းမြောက်စွာ ဖူးမြော်ကန်တော့ရင်း သာဓုအကြိမ်ကြိမ် ခေါ်ဆိုခဲ့ရပါပေ သည်။
ဘုရားဖူးပြီးသည်နှင့် ခေါင်လန်ဖူးခရီးအတူသွား ဝန်ထမ်းများနှင့်အတူ၊ ကျွန်တော့် သမီးငယ်နှင့်အတူ ကုန်းငယ်နှစ်ခုကို ဆက်သွယ်ဖောက်လုပ်ထားသည့် သစ်သားကြမ်းခင်း ကြိုးတံတားပေါ်မှာ လျှောက်ကြရင်း စိမ်းလန်းစိုပြည်သာယာနေသော ပတ်ဝန်းကျင်၏အလှကို ကြည့်ရှုခံစားမိပါသည်။ ဘဝအမောတွေ ပြေပျောက်စေသော နေရာလေးတစ်ခု၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို လေ့လာရင်း အပန်းဖြေနားနေနိုင်သော နေရာလေးတစ်ခုဟု ဝိဂြိုဟ်ပြုညွှန်းဆိုရလျှင် မမှားတန်ရာ။
ကျွန်တော်ချစ်သော MRTV
MRTV ဟုဆိုလိုက်သည်နှင့် ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်က MRTV မှသည် တပ်ကုန်း မြို့ရှိ MRTV အထိ သံယောဇဉ် အမျှင်တန်းခဲ့မိသည်။ ပြောစရာတွေ တစ်ပုံကြီးကျန်နေပါသေး သည်။ ရှမ်းပြည်နယ်သို့ပဲသွားသွား၊ မန္တလေးတိုင်းဒေသကြီးကပဲ ပြန်ပြန် အဝေးကနေ လှမ်းမြင် နေရသော MRTV တာဝါတိုင်ကြီးကိုကြည့်ရင်း သတိရတမ်းတ လွမ်းဆွတ်မိခြင်းရသတွေကို အမြဲခံစားရသည်။ ပို၍ပို၍လည်း အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။ ကျွန်တော်ချစ်သော MRTV။
မြင့်စိုး(နတလ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်