Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင် စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားတက်ရောက်


06 Feb,2025

နေပြည်တော် ဖေဖော်ဝါရီ ၆

          မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်သည့် တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ကုန်းခြံကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုမှတ်တမ်း ဗီဒီယိုအား ကြည့်ရှုပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သက်ရှိလူသားများ ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေဟာ မရှိမဖြစ် အရေးပါပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု အားလုံးအတွက်လည်း ရေဟာ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါကြောင်း၊ ဒါကြောင့်လည်း လူသားတိုင်း သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေး၊ တကိုယ်ရည် ကျန်းမာသန့်ရှင်းမှုစနစ် ကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုစနစ် ဖော်ဆောင်ရန် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အမှတ်(၆)မှာ ဖော်ပြထားပြီး မိမိတို့ နိုင်ငံအပါအဝင် နိုင်ငံအားလုံးမှလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာ ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ သမဝါယမ ကဏ္ဍဖွံ့ဖြိုးရေးနှင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အဓိကတာဝန်ယူ ဆောင်ရွက်ပေးရသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့်လည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ပါ ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေပြည်သူများအားလုံး သန့်ရှင်းသောသောက်သုံးရေနှင့် ဝန်ဆောင်မှုများ ရရှိရေးအတွက် ကျေးလက်ဒေသများ ရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲ၍ သက်ဆိုင်သူအားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ၂၀၂၅ ခုနှစ်အထိ ကျေးရွာပေါင်း (၃၃၄၆၃) ရွာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေး လုပ်ငန်းပေါင်း (၄၅၁၃၉)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရ၏အား တစ်ခုတည်းနှင့် ဆောင်ရွက်၍ မရနိုင်တာကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများ၏ စုပေါင်းဆောင်ရွက်မှုအားကိုပါ ရယူဆောင်ရွက် နေတာဖြစ်ပါကြောင်း၊ တစ်ဖက်မှာ လည်း နိုင်ငံတကာ အလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များကို ရယူလျက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုပြီးမြောက်အောင်မြင်ခဲ့သည့် တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ် ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းဟာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေက ကူညီ ထောက်ပံ့မှုများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေ၊ ရပ်စောက်၊ လွိုင်လင်မြို့နယ်များက ကျေးရွာ(၃)ရွာမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ စီမံကိန်းမှ ရေတားတမံများ၊ စိမ့်စမ်းရေသွယ် ပိုက်လိုင်းများ၊ ရေသန့်စင်စနစ်များ၊ ရေစုကန်များ၊ အိမ်သွယ်ရေတိုင်များအား ရေမီတာစနစ်ဖြင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စီမံကိန်းဆောင်ရွက်ပေး နိုင်မှုကြောင့် ကျေးရွာ (၃)ရွာရှိ ဒေသခံအိမ်ထောင်စု ၃၆၉ စု၊ လူဦးရေ ၁၆၂၇ ဦးတို့အတွက် ရေကောင်းရေသန့်များကို အချိန်မရွေး၊ ရာသီမရွေး ဖူလုံစွာ ရရှိသုံးစွဲနိုင်တော့မှာဖြစ်ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါကြောင်း၊ ရေကြောင့် ဖြစ်ပေါ်သော ရောဂါဘယများ ကင်းဝေးစေပြီး ကျန်းမာသန့်ရှင်းရေးဆိုင်ရာ အလေ့အကျင့်ကောင်း များကို လိုက်နာကျင့်သုံးနိုင်တော့မှာဖြစ်ကြောင်း၊ စီမံကိန်းကို တစ်နှစ်ကျော်ကာလအတွင်း ပြီးမြောက်အောင်မြင်အောင်   ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် ဒေသခံပြည်သူများ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးနှင့် ရေရှည်တည်တံ့‌စေရေး ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ရေရရှိရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စနစ်များအား မိမိပိုင် ပစ္စည်းများကဲ့သို့ Ownership Mindset မွေးမြူကာ ထိန်းသိမ်းစောင့်ရှောက် ကိုင်တွယ်သုံးစွဲကြဖို့ အထူးတိုက်တွန်းလိုပါကြောင်း ပြောကြား ပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)က မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ လန်ချန်း-မဲခေါင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများ၊ လန်ချန်း-မဲခေါင်စီမံကိန်း ဖြင့်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း များအားလည်းကောင်း၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရှမ်းပြည်နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်  အစီအစဉ်များအား လည်းကောင်း ပြောကြားကြပါသည်။

          ဆက်လက်၍ ရှမ်းပြည်နယ်(တောင်းပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက စီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ စီမံကိန်းအောင်မြင်ပြီးမြောက်ခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်များအား ပေးအပ်ကြပါသည်။

          ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)နှင့် တာဝန်ရှိသူများက ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းပြီးနောက် စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားသော ရေပေးရေး လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)နှင့် တာဝန်ရှိသူများက  တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင် စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း ပြီးမြောက် အောင်မြင်ခြင်းအထိမ်းအမှတ် ရေဘားခလုတ် ဖွင့်လှစ်ပေးပြီး စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော မှတ်တမ်းဓါတ်ပုံများနှင့် ကျေးရွာအတွင်း အိမ်သွယ်ရေတိုင်ရေမီတာ သုံးစနစ်များအား ကြည့်ရှုစစ်ဆေး ကြပါသည်။

          အခမ်းအနားအပြီးအတွင် ညောင်ရွှေမြို့နယ် ကုန်းခြံ(အထက်/အောက်)ကျေးရွာ၊ ရပ်စောက် မြို့နယ်၊ ကျောက်တောခေတ်မီစံပြကျေးရွာ၊ လွိုင်လင်မြို့နယ် ဆင်တောင်ကျေးရွာတို့မှ ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ် လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်း၍ စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အားလုံးပူးပေါင်း လုပ်ဆောင် ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူ များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ရောင်နီဦးစိုက်ပျိုးရေးသမဝါယ အသင်းအမှု ဆောင်များ၊ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံရာ ပြည်နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက ညောင်ရွှေမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုး ထားရှိမှု အခြေအနေများ၊ ရိတ်သိမ်းဆွတ်ခူးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီ တင်သွင်းမှုလျော့ချ ရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော် အကြီးအကဲမှ မူဝါဒ လမ်းညွှန်ထားပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ် အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင်(နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် နေကြာများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း မရရှိပါက မည်သည့်အတွက်ကြောင့် ထွက်ရှိမှု ရှိ၊ မရှိ၊ သတ်မှတ်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်မှု ရှိ၊ မရှိ အားသာချက်၊ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ပြီး လာမည့်ရာသီတွင် အားနည်းချက်များကို ပြင်ဆင် လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအထွက်တိုးပြီး အကျိုးအမြတ် ရရှိမှသာ တောင်သူများမှ နောက်နောင် ထပ်မံစိုက်ပျိုးကြမှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကိုဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) သို့လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာပညာသင်ကြားကြပြီး စာကြိုးစားကြရန်နှင့် အမှန်တကယ်တတ် မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေးတို့အတွက် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းသားကျောင်းသူများ၏ နေထိုင်ရေး၊ စားသောက်ရေးကိစ္စရပ် များအား အဆင်ပြေအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ဆရာ၊ ဆရာများ ကျောင်းသားကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်