ကန္တာရဝတီသို့ ရောက်ခဲ့သည်
၂၀၂၄ ခုနှစ်၏ ဒီဇင်ဘာလ စတုတ္ထပတ်ကို ခရီးစဉ်နှစ်ခုဖြင့် ကျွန်တော်အဆုံးသတ်ခဲ့ သည်။ ပထမတစ်ခုအနေဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်များအတွင်း၌ စိုက်ပျိုးရေးသမဝါယမအသင်းများက စိုက်ပျိုး ထားသော စက်မှုသီးနှံ ဝါစိုက်ခင်းများ၊ ဆီထွက်သီးနှံ နေကြာစိုက်ခင်းများကို လိုက်လံကြည့်ရှု အားပေးကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးတည်မှာကြားဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့၌ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဘွဲ့နှင်းသဘင်အခမ်းအနား သို့ တက်ရောက်ခဲ့သည်။ ဒုတိယခရီးစဉ်ကမူ ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ဧရာဝတီတိုင်း ဒေသကြီးသို့ထွက်ခွာ၍ ကျောင်းကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းက နွေစပါးစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်မူ မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်တော်၌ ကျင်းပပြုလုပ်ခဲ့ သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ဆင်နွှဲခွင့် ရခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ ပေးပို့သည့် အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖထီးမန်းငြိမ်းမောင်က ဖတ်ကြားခဲ့သည်။ ယင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားအပြီး ဝန်ကြီးချုပ်နှင့် ကျွန်တော်တို့အဖွဲ့က ရွေးမြစ်အတိုင်း စက်လှေစီးကာ မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာ ဆိုလာ Mini Grid မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်သော ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်မူ ပုသိမ်မှ ပြန်လည်ထွက်ခွာ၍ ကန်ကြီးထောင့်မြို့နယ်အတွင်းက ကျေးလက် လမ်းလုပ်ငန်းများ ကြည့်ရှုပြီး ရန်ကုန်မှတစ်ဆင့် နေပြည်တော်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ထိုနေ့ညက မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူတော်တော်များများ နှစ်သစ်ကို ကြိုဆို ရန်အလို့ငှာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ကျွန်တော်ကတော့ မှတ်မှတ်ရရ ယခုအသက်အရွယ် အဖိုးအိုပေါက်စဘဝ ရောက်သည်အထိ Happy New Year ဟု တစ်ကြိမ် တစ်ခါမှ မအော်ခဲ့ဖူးချေ။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့ ကိုသာ ပို၍ အထွဋ်အမြတ်ထားခဲ့ပါသည်။ နှစ်သက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၏ ပထမဦးဆုံး ခရီးကမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သွားရောက်ခဲ့သည့် ကယားပြည်နယ်ခရီးစဉ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက် ခဲ့ကြခြင်း ဖြစ်ပါသည်။ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ် အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ်တို့ လိုက်ပါခဲ့ကြပါသည်။ ဇန်နဝါရီ လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ကြပြီး ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်လံကြည်ရှု စစ်ဆေးခဲ့ပါသည်။
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် ကယား ပြည်နယ်နေ့အခမ်းအနားကို ထိုနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ကယားပြည်နယ်အတွင်း၌ ကယား၊ ဇယိမ်း၊ ကယမ်း(ပဒေါင်)၊ ဂေခို(ကဲ့ခို)၊ ဂေဘား၊ ပရဲ(ကယော်)၊ ယင်းတလဲ၊ ယင်းဘော်၊ မနူမနော ဟူ၍ မျိုးနွယ်စု (၉) မျိုး ရှိပေရာ ထိုနေ့အခမ်းအနား၌ တစ်စုတစ်ဝေးတွေ့မြင်ခွင့်ရခဲ့သည်။ တိုင်းရင်းသားများ၏ ပြည်နယ်နေ့ နှင့် အမျိုးသားနေ့ အခမ်းအနားများ၊ နှစ်သစ်ကူးပွဲတော် အခမ်းအနားများနှင့်ပတ်သက်၍ နတလ၌ တာဝန်ထမ်းဆောင်ခဲ့စဉ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့၌ (၂) ကြိမ်၊ လေရှီးမြို့၌ (၁) ကြိမ် တက်ရောက်ဖူးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ ခရီးစဉ်နှင့်အတူ တက်ရောက်ခွင့်ရခဲ့သည်။ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားများ၏ ပြည်နယ်နေ့၊ အမျိုးသားနေ့၊ နှစ်သစ်ကူး အခမ်းအနားများကိုမူ ကိုယ်တိုင်ကိုယ်ကျ မတက်ရောက်ဖူးခဲ့သော်ငြားလည်း တွေ့ဖူးမြင်ဖူး ခဲ့သည်။ ကျင်းပသည့်နေရာ၊ ရက်စွဲ၊ အချိန် မတူညီတာပဲရှိမည်။ တူညီတာတစ်ခုကတော့ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်များ ရှင်သန်ထွန်းကား ပြန့်ပွားရေးကို ဦးတည်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ကို မည်သူမျှမငြင်းနိုင်ပေ။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဖတ်ကြားခဲ့သည်။ ယင်းသဝဏ်လွှာတွင် ကယားပြည်နယ်သူ ပြည်နယ်သားအားလုံး အလေးထားလိုက်နာရမည့်၊ သတိပြုစောင့်ထိန်းရ မည့် အမျိုးသားရေးတာဝန်နှင့် ပတ်သက်၍ အောက်ပါတို့ကို ထည့်သွင်းရေးသားပေးပို့ထား ပါသည် -
“ကယားပြည်နယ်သည် တောတောင်ရေမြေ သဘာဝအလှတရား များ၊ မြေပေါ်မြေ အောက်သယံဇာတများ ပေါကြွယ်ဝကာ ရိုးရာ ယဉ်ကျေးမှုအလှများဖြင့် သာယာလှပသော ပြည်နယ်ဖြစ်ပါသည်။ ရာသီဥတုမျှတပြီး ဒေသခံတိုင်းရင်းသားများ၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားပွင့်လင်းမှုတို့သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ ဂုဏ်အင်္ဂါများပင် ဖြစ်ပါသည်။ ထို့အပြင် ဒေသခံတိုင်းရင်းသား ပြည်သူများက ပြည်နယ်အကျိုးကို ဝိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည့် ပြည်နယ်တစ်ခု လည်း ဖြစ်ပါသည်။ ထိုသို့ ရရှိပြီးအခြေခံကောင်းများကို အမိအရ ဆုပ်ကိုင်၍ ကယားပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော် အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရငြိမ်းချမ်း ရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်နေချိန် ဖြစ်ပါသည်။”
“ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်အေးချမ်းရေးအတွက် ၎င်း ဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု ပျက်စီးစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန် လုပ်ဆောင်မှုများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် မှာလည်း ဒေသခံများပင် ဖြစ်ပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ကို ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ် ကင်းမဲ့ပြီး လွဲမှားသည့် အတွေးအခေါ် အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှု မရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက် ခြင်းပင် ဖြစ်ပါသည်။”
“ယခုထက်ပို၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ် တစ်ခုဖြစ်ပေါ်လာရန် ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်း သားညီအစ်ကိုမောင်နှမများအားလုံး၏ စိတ်ဓာတ်နှင့် အင်အားသည် အဓိကဖြစ်ပါသည်။ နိုင်ငံ၏အားသည် နိုင်ငံအတွင်းမှာရှိသကဲ့သို့ ပြည်နယ်၏ အင်အားသည်လည်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး၏ စုပေါင်းအားပင် ဖြစ်ပါသည်။” ဟူ၍ ဖော်ပြထားပါသည်။
ကယားပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ
အခမ်းအနားအစီအစဉ်အရ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့ရာ ကယားပြည်နယ်နေ့ ဖြစ်ပေါ်လာပုံကိုပါ အကျဉ်းမျှ ထည့်သွင်း ပြောကြားသွားခဲ့သည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလဖြစ်သော ၁၉၄၇ ခုနှစ်၊ ဇွန်လ၌ ကျင်းပခဲ့သည့် တိုင်းပြုပြည်ပြုလွှတ်တော် ပဏာမညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံ တော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တင်သွင်းမည်ဖြစ်ရာ အခြေခံဥပဒေပုဒ်မ ၁၈၀ (၁) အရ ကရင်နီပြည်နယ်အား အသစ်တည်ထောင်ဖွဲ့စည်းမည့် ကော်သူလေးပြည်နယ်ကို (ကရင် ပြည်နယ်)အတွင်းသို့ ထည့်သွင်းရန် စီစဉ်ထားကြောင်း သိရှိရသဖြင့် ကရင်နီခေါင်းဆောင်များ က ရန်ကုန်မြို့ကို သွားရောက်ပြီး မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံအရေးဆိုခဲ့ကြကြောင်း၊ ကရင်နီပြည်နယ်အမတ် ဦးစိန်က ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပသည့် ကရင်နီပြည်နယ်ကောင်စီ ဒုတိယညီလာခံနှင့် ၁၉၅၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ ကျင်းပသည့် တိုင်းပြုပြည်ပြုလွှတ်တော်(ပါလီမန်)တို့မှာ “ကရင်နီပြည်နယ်” အစား “ကယား ပြည်နယ်” ဟူသည့်အမည်ကို ပြောင်းလဲရန် အဆိုတင်သွင်းခဲ့ကြောင်း၊ သည့်အတွက် ကရင်နီ အထူးစုံစမ်းရေးကော်မရှင်အဖွဲ့ ဖွဲ့စည်းကာ အစည်းအဝေးများ ကျင်းပပြုလုပ်၍ အထူး စုံစမ်းရေးကော်မရှင်က မေးခွန်းများရိုက်နှိပ်ပြီး ပြည်သူများကို ဖြန့်ဝေဖြေဆိုစေကာ ဆန္ဒ ရယူခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အများသဘောတူဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း၊ ယင်းသို့ ပြည်နယ်တိုင်းရင်းသားခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကြောင့် ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ (၁၉၅၁) ခုနှစ်၊ အက်ဥပဒေ အမှတ် ၆၂ ပုဒ်မ ၈ အရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် “ကရင်နီ” ဆိုသည့် စကားရပ်ပါရှိ သော နေရာတိုင်း၌ ထိုစကားရပ်အစား “ကယား” ဆိုသည့် စကားရပ်ကို ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းကြိုးပမ်းမှုဖြစ်စဉ်များကြောင့်ပင် ကယားအမျိုးသားခေါင်းဆောင်များ နှင့်တကွ စောဖျာများ၊ ပြည်နယ်သူပြည်နယ်သားများ၏ ဆန္ဒအရ “ကယားပြည်နယ်” ဟူ၍ ခေါ်ဆိုခွင့်ရခဲ့ကြပြီး နှစ်စဉ် ဇန်နဝါရီလ (၁၅) ရက်နေ့ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့၌ “ကရင်နီပြည်နယ်” မှ “ကယားပြည်နယ်” သို့ အမည်ပြောင်းလဲခေါ်တွင်သည့် နာမကရဏသဘင်ကို ဆင်ယင် ကျင်းပပြီးနောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားပွဲတော်ကို နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ ယနေ့ဆိုလျှင် (၇၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲနှင့် မယ်စဲ့ ဟူ၍ ခရိုင် (၄) ခရိုင်၊ မြို့နယ် (၇) မြို့နယ်နှင့် မြို့ (၄) မြို့၊ ရပ်ကွက် (၅၆) ခု၊ ကျေးရွာအုပ်စု (၇၄) စုနှင့် ကျေးရွာ ပေါင်း (၅၀၆) ရွာတို့ဖြင့် ဖွဲ့စည်းထားရှိပါသည်။ ကယားတိုင်းရင်းသား (၅၆) ရာခိုင်နှုန်းခန့် အများဆုံး နေထိုင်ကြလျက် ကိုးကွယ်ယုံကြည်မှုအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားဘာသာများ ကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာ (၄၉.၅၇) ရာခိုင်နှုန်း၊ ခရစ်ယာန် ဘာသာ (၄၈.၁၄) ရာခိုင်နှုန်း ကိုးကွယ်လျက်ရှိပါသည်။ ကယားပြည်နယ်တွင် ကယားမျိုးနွယ် စု (၉) မျိုးအပြင် အခြားတိုင်းရင်းသားမျိုးစုံတို့လည်း အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းနေထိုင်လျက် ရှိပါသည်။
ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆုများချီးမြှင့်
ဆက်လက်၍ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲနှင့် (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြု ဆုများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပေးအပ်သည့် 50 KW ဆိုလာအစုံ ၁၀၀ နှင့် ကယားပြည်နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ငွေကျပ် ၁၅၁ သိန်း တန်ဖိုးရှိ အခြေခံ စားသောက်ကုန်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြန်ကြားရေး ဝန်ကြီးဌာနက ပေးအပ်သည့် DTH စလောင်း အစုံ ၅၀ နှင့် Set Top Box အစုံ ၁၀၀ တို့ကို လည်းကောင်း ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ဖွံ့ဖြိုးဝေစည်ကန္တာရဝတီ ဖြစ်စေဖို့
လွိုင်ကော်မြို့သို့ ရောက်တုန်းရောက်ခိုက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက် ဦးစီးဌာန (၄) ခုရှိ ဝန်ထမ်းများနှင့်တွေ့ဆုံခွင့်ရခဲ့သည်။ ၂၀၂၃ ခုနှစ်ထဲမှာလည်း တစ်ကြိမ်တွေ့ခဲ့သေး၏။ သို့သော် ၂၀၂၃ တွေ့ဆုံမှုနှင့် ၂၀၂၅ တွေ့ဆုံမှုအနေအထားက မတူတော့ပေ။ ရှေးယခင်နှစ်များစွာ တည်ငြိမ်အေးချမ်းသာယာခဲ့သော ကယားပြည်နယ် အတွင်း၌ ၂၀၂၁ ခုနှစ်မှစတင်ကာ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ခြင်းများ ပြုလုပ်ခြင်းဖြင့် လူငယ်လူရွယ်များအား လမ်းမှားသို့တွန်းပို့ခဲ့သည်။ ၂၀၂၁ ခုနှစ် မေလတွင် ဒီမော့ဆိုမြို့နယ်အတွင်း၌ အကြမ်းဖက်လုပ်ရပ်များ စတင်ပေါ်ပေါက်လာ သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဖရူဆိုမြို့၊ ၂၀၂၃ ခုနှစ် မေလတွင် ဘောလခဲမြို့နှင့် ဇွန်လတွင် မယ်စဲ့မြို့တို့၌လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရှားတောမြို့နှင့် မတ်လတွင် ဖားဆောင်းမြို့တို့၌လည်းကောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပြီး တိုက်ပွဲ ကြီးငယ်များ ဖြစ်ပွားကာ ၎င်းဒေသများရှိ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်ခဲ့ရသည်။
ပြည်နယ်၏ မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့သည် ရပ်ကွက်ကြီး (၂၃) ခု၊ ဆင်ခြေဖုံး ကျေးရွာ (၈) ရွာတို့ဖြင့် ဖွဲ့စည်းတည်ရှိနေပြီး ပြည်သူ ၇၃၇၃၈ ဦး၊ ဌာနဆိုင်ရာ ၈၉ ခုမှ ဝန်ထမ်း ၄၉၀၀ ဦးတို့က ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်း များကို ကြိုးပမ်းလုပ်ဆောင်ကြရင်း ယုံကြည်ရာ ဘာသာသာသနာအသီးသီးကို ကိုးကွယ် လျက် အေးချမ်းစွာနေထိုင်လျက်ရှိကြရာမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့များ၏ အင်အားသုံးတိုက်ခိုက်ခြင်းခံရကာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ ရသည်။ ယာယီတိမ်းရှောင်ခဲ့ရမှုများကြောင့် ဝန်ထမ်း ၉၃၃ ဦး၊ ရပ်ကွက် (၆) ခုနှင့် ကျေးရွာ (၅) ရွာတွင် ပြည်သူ ၁၀၂၅၀ ဦးသာကျန်ရှိကြောင်း သိရသည်။ ဌာနဆိုင်ရာ ရုံးအဆောက်အအုံ (၇၃) ခု၊ ဝန်ထမ်းအိမ်ရာ (၂၉၇) ခု၊ အခြားအဆောက်အအုံ (၁၆၄) ခု၊ ယာဉ်/ ယန္တရားများ၊ လယ်ယာသုံးစက်ကိရိယာများ၊ မွေးမြူရေးလုပ်ငန်းများ၊ လူနေရပ်ကွက်များအတွင်းမှ ဒေသခံ များ၏ နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကာ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ၄၈ ဘီလီ ယံကျော် ရှိခဲ့သည်။
ယခုအခါ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ လက်တွဲ၍ ကယားပြည်နယ် တည်ငြိမ် အေးချမ်းရေးကို ပြန်လည်ကြိုးပမ်းတည်ဆောက်လျက်ရှိရာ ကုန်စည်စီးဆင်းမှုလမ်းကြောင်း များ ပြန်လည်ပွင့်လာခဲ့ပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အထိုက်အလျောက် ရရှိနေပြီ ဖြစ်သည်။ ကယားပြည်နယ်အစိုးရအဖွဲ့သည် နိုင်ငံ့ဝန်ထမ်းများ မူလလုပ်ငန်းတာဝန်ပြန်လည် ထမ်းဆောင်နိုင်ရေး၊ ပြည်သူများ မိမိတို့နေအိမ်တွင်ပြန်လည်အခြေချ နေထိုင်နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့အထိ ဌာနဆိုင်ရာ ၈၉ ခုမှ ဝန်ထမ်း ၃၉၄၈ ဦး (၅၉.၆၃%) ပြန်လည်တာဝန်ထမ်းဆောင်နေကြပြိီး ပြည်သူလူထုအနေဖြင့် လည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း၌ လူဦးရေ(၄၅၈၈၆)ဦး၊ ရာခိုင်နှုန်း အားဖြင့် ၆၂.၂၃ ရာခိုင်နှုန်း ပြန်လည်ဝင်ရောက်နေထိုင်နေပြီ ဖြစ်သည်။
ကယားပြည်နယ်သားတို့အတွက် အမျိုးသားရေးတာဝန်
ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် ချက်နှင့်အညီ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဝန်ထမ်းများကို တိုက်တွန်းမှာကြား ခဲ့သည်။ ပြည်နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများစွာ ရှိနေ ပါသေးသည်။ ပြည်နယ်သူပြည်နယ်သားတို့ကလည်း အမျိုးသားရေးစိတ်ဓာတ် ကင်းမဲ့ပြီး လွဲမှားသည့် အတွေးအခေါ် အယူအဆများ ထပ်မံမပေါ်ပေါက်စေရေးအတွက် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်နေစေရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ အစဉ်အမြဲ ထွန်းကားပြန့်ပွားနေစေရန် ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်သည်။ ကယား ပြည်နယ်၏ အင်အားသည် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး ၏ စုပေါင်းအားပင်ဖြစ်သည်ကို သဘောပေါက်နားလည်ခံယူကျင့်သုံးရင်း ကယားပြည်နယ်ကြီး တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်သွား ကြရန် တိုက်တွန်းရေးသားလိုက်ပါသည်။
မြင့်စိုး(နတလ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်