နေပြည်တော် ဇန်နဝါရီ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့ Victoria Cliff ဟိုတယ်ရှိ ဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စမာကျား)၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ လန်ချန်း-မဲခေါင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများ၊ လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေနွေးကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)နှင့်အဖွဲ့သည် ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂) ဖြင့် ဆောင်ရွက်သည့် ကံမော်ကြီးကျေးရွာနှင့်ရေငံကြီးကျေးရွာ ဆိုလာအသေးစားဓါတ်အားပေးစနစ် နှင့် ရေပေးဝေရေးလုပ်ငန်း စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အခမ်းအနား တက်ရောက်ကြသည်။
အခမ်းအနားတွင် စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်း Video အားပြသကြည့်ရှုပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးသောနိုင်ငံအဖြစ် တည်ဆောက်ရာမှာ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဟာ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အထူးပဲအရေးပါလှပါကြောင်း၊ ယနေ့ မျက်မှောက်ခေတ်မှာ စွမ်းအင် သုံးစွဲမှုနှုန်းဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာပေးသော အဓိကညွှန်းကိန်း တစ်ခု လည်းဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ခြင်းဟာ လူနေမှုအဆင့်အတန်းကို မြင့်မားတိုးတက်စေရုံသာမက ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့ကို ထောက်ပံ့ပေးနိုင်ပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများပါ တစ်ပါတည်း ရရှိလာစေမှာ အားလုံး အသိပဲဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးပတ်ဝန်းကျင်ကောင်း ဖန်တီးပေးခြင်းနှင့် ပြည်သူအားလုံး ပါဝင်ရရှိခံစားနိုင်သည့် တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဒီလိုဆောင်ရွက်သည့် အခါမှာ လျှပ်စစ်ကဏ္ဍ နှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကို တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက် မခွဲခြားဘဲ လူတန်းစားအားလုံး လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးမှာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးလင်းရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ် များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ကာလတို၊ ကာလရှည် စီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်လုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ဖြင့် မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်အထက်ဝေးကွာသော၊ နောင်(၁၀)နှစ်မှ(၁၅)နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား မရရှိနိုင်သော ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် မဟာဓာတ်အားလိုင်း ပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို အိမ်သုံးဆိုလာစနစ်၊ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု အသေးစားဓာတ်အားစနစ်များဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အထိ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း(၁၇၁)ရွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ် လုပ်ငန်းနှစ်ခုလုံးအနေဖြင့် တပ်ဆင်စွမ်းအား ၄၈ ဒသမ ၉၀၈ မဂ္ဂါဝပ်ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကာ လူဦးရေ ၂ ဒသမ ၅ သန်း အကျိုးပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေး နှစ်တွင် အသေးစားဓာတ်အားပေးစနစ်ဖြင့် စီမံကိန်းလုပ်ငန်းနှစ်ခု၊ ကျေးရွာနှစ်ရွာ၊ တပ်ဆင်စွမ်းအား တိုးမြှင့်ဆောင်ရွက်သည့် လုပ်ငန်း(၆)ခု၊ ကျေးရွာ(၇)ရွာ၊ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာ(၂၀၅)ရွာ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၉ ရာခိုင်နှုန်း လွှမ်းခြုံ ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းပြီးစီးခဲ့သည့် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်း နှစ်ခုဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၂)၊ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာ ကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုနှင့် ကျေးရွာပြည်သူ့ထည့်ဝင်ငွေတို့ အချိုးကျ ပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရ-ပြည်သူ-ပုဂ္ဂလိက သုံးပွင့်ဆိုင် လက်တွဲညီညီဆောင်ရွက်မှု စံနမူနာပြ စီမံကိန်း တစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းမှ ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့် ရေပေးဝေရေး လုပ်ငန်း များကို ဆောင်ရွက်ထားရှိသည့်အတွက် ကျေးရွာ(၂)ရွာရှိ အိမ်ခြေ (၅၄၀) ခန့်၊ လူဦးရေ (၂၇၀၀)ဦး တို့၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးများ တိုးတက်လာမည့် အပြင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေမှာဖြစ်ပါကြောင်း၊ ယခုစီမံကိန်းများ၏ အောင်မြင်မှုများကို အခြေခံပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃) ဖြင့်လည်း ဆိုလာ အသေးစား ဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်း(၂)ခု ဆောင်ရွက်လျက်ရှိပြီး လာမည့် ဘဏ္ဍာနှစ် အတွင်းမှာ ဆောင်ရွက်ပြီးစီးမှာဖြစ်ပါကြောင်း၊ စီမံကိန်းတစ်ခု အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်သည့် ဌာန၏ အားတစ်ခုနှင့် မရဘဲ တိုင်းဒေသကြီး အစိုးရအပါအဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆက်စပ် ဦးစီးဌာနများ၊ ဒေသခံပြည်သူများမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆောင်ရွက်ပြီးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ထိန်းသိမ်းနိုင်ရေးအတွက် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာရှိ ကျေးရွာသူ ကျေးရွာ သားများအနေဖြင့် စီမံကိန်းမှဆောင်ရွက်ပေးသော အသေးစားဓါတ်အားပေးစနစ် လုပ်ငန်းသုံး ပစ္စည်းများအား မိမိတို့ပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူ၍ ထိန်းသိမ်းစောင့်ရှောက် ကိုင်တွယ်သုံးစွဲကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)က တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအားလည်းကောင်း ပြောကြားကြပါသည်။
ဆက်လက်၍ Mega Global Green Automation ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက စီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပါသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)နှင့် ကိုယ်စားလှယ်များက စီမံကိန်းဆိုင်ရာ မှတ်တမ်းဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပါသည်။
အခမ်းအနားအပြီးအတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ကံမော်ကြီး၊ ရေငံကြီး၊ ဘာလိအော်၊ အောင်မြန်မာ၊ ကံပုံ၊ မှာတမ်း စသည့်ကျေးရွာများမှ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသေးစားတစ်ပိုင်တစ်နိုင်ကုန်ထုတ် လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက်လည်း သမဝါယမအသင်းရန်ပုံငွေများ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ်သည့် မတည်ရင်းနှီးငွေများ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင် လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမ အသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့် များ ရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့ ခလရ(၂၆၂) အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသားကျောင်းသူ များနှင့် တွေ့ဆုံအားပေးကာ ဆရာ၊ဆရာများ ကျောင်းသားကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့နယ်ရှိ စူငယ်ဘာလှိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ၆၀ ရာခိုင်နှုန်း ရင်းနှီး မြုပ်နှံသည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်းနှုန်းတို့ဖြင့် မဟာဓာတ်အား လိုင်းပြင်ပ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းအား ၁၂၀ ဒသမ ၆၄ ကီလိုဝပ်၊ ဒီဇယ် ၂၀၀ ကေဗွီအေ စွမ်းအားထပ်မံတိုးမြှင့် တပ်ဆင်ခြင်းအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်သွားရန် နှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်