သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် တက္ကသိုလ်အနုပညာအသင်းမှ ကြီးမှူး၍ကျင်းပပြုလုပ်သော သီချင်းဆိုပြိုင်ပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် (၉း၃၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမို့မို့ရီ၊ ဦးဝင်းနိုင်ထွန်း(ဒုတိယပါမောက္ခချုပ် (စီမံ))၊ ဒေါက်တာဥမ္မာစံ(ဒုတိယပါမောက္ခချုပ်(သင်ကြား))၊ သင်ကြားရေးဌာနများမှ ပါမောက္ခ/တွဲဖက်ပါမောက္ခ /ကထိကဌာနမှူးများ၊ စီမံ/သင်တန်း/သုဖွံ့ဌာနများမှ ဌာနမှူးများနှင့်တာဝန်ရှိသူများ၊ တက္ကသိုလ်အနုပညာအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ ဆရာ/ဆရာမများ ပြိုင်ပွဲဝင် ကျောင်းသား/ သူ(၁၉)ဉီးနှင့် ကျောင်းသား/ကျောင်းသူ ပရိတ်သတ်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီမှ တက်ရောက်လာသူများအား နှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားပြီးနောက် အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုပညာများကို ဆက်လက်ထိန်းသိမ်းစေရန် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ပါကြောင်း၊ သီချင်းဆိုပြိုင်ပွဲမှ ရရှိလာသော အကျိုးကျေးဇူးများဖြစ်သည့် တီထွင်ဖန်တီးနိုင်စွမ်းတိုးတက်လာစေရန်၊ မိမိ စွမ်းဆောင်ရည်များကို အနုပညာနှင့်အတူ အပြည့်အဝဖော်ထုတ်နိုင်ရန်၊ အနိုင်အရှုံးထက် မိမိတို့၏ အနုပညာအရည်အသွေးများကို အတူတကွပါဝင် မြှင့်တင်ပြီး ပြိုင်ပွဲအတွေ့အကြုံများရရှိကာ ဤပြိုင်ပွဲမှတဆင့် ခရိုင်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့်ထိပါဝင်နိုင်အောင် ကြိုးစားသွားကြရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အနုပညာတွင်သာမက အခြားပညာရပ်များကိုလည်း တက္ကသိုလ်တက်နေစဉ်အတွင်း ဘက်စုံထူးချွန်သောလူငယ်များ ဖြစ်လာစေရန်နှင့် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးရသည့် ထူးချွန်ထက်မြက်သော လူတော်၊ လူကောင်းများဖြစ်အောင် ကြိုးစားသွားရန်တို့ လိုအပ်ပါကြောင်းနှင့် ယခု ပြိုင်ပွဲကြီးဖြစ်မြောက်ရေး ဉီးစီးစီစဉ်ဆောင်ရွက်ပေးပါသော တက္ကသိုလ်အနုပညာအသင်း ဥက္ကဋ္ဌနှင့် ဆရာ/ဆရာမများ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများကို ကျေးဇူးတင်ရှိပါကြောင်းတို့ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက္ကသိုလ်အနုပညာအသင်း၏ဥက္ကဋ္ဌမှ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်၊ ပြိုင်ပွဲဝင်များအား ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲစည်းကမ်းပါသတ်မှတ်များအတိုင်း သီဆိုနိုင်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အပျော်တမ်းသီချင်းဆိုပြိုင်ပွဲကို စတင်ခဲ့ပါသည်။
ပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက အဆိုရှင်(၁၉)ဉီး၏ တင်ဆက်မှုများကို ကြည့်ရှု နားထောင်သုံးသပ်အမှတ်ပေးခဲ့ကြပြီး နောက်ဆုံးတွင် ဇကာတင်(၅)ဉီးစာရင်း၌ ပါရှိသောအမည်များကိုကြေညာကာ ပြိုင်ပွဲ၏ ပထမပိုင်းအခမ်းအနားကို ပြီးမြောက်ခဲ့ပါသည်။
ထို့နောက်ဒုတိယပိုင်းအခမ်းအနားအစီအစဉ်တွင် ဇကာတင်အဆိုရှင်ပြိုင်ပွဲဝင်(၅)ဉီးမှ ဆက်လက်သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသူ မဂျူးဂျူးမောင်(တတိယနှစ်,Accounting and Finance Major )နှင့် ဒုတိယဆုရရှိသူ မောင်မျိုးသန်းထိုက် (တတိယနှစ်, Marketing Management Major)တို့အား ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမို့မို့ရီမှ လည်းကောင်း၊ တတိယဆုရရှိသူ မခင်သန့်ဇင် (တတိယနှစ်, Accounting and Finance Major) အား ဒုတိယပါမောက္ခချုပ်(စီမံ) ဉီးဝင်းနိုင်ထွန်းမှ လည်းကောင်း၊ အထူးဆု(၁)ရရှိသူ မဆုဟန်သက်(တတိယနှစ်, Marketing Management Major)နှင့် အထူးဆု(၂)ရရှိသူ မအိဖြူလင်း(ပထမနှစ်)တို့ကို ဒုတိယပါမောက္ခချုပ်(သင်ကြား)ဒေါက်တာဥမ္မာစံမှလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲအခမ်းအနားကို ညနေ (၃:၀၀)နာရီအချိန်၌ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။