Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ဘုရားအနေကဇာတင်ပွဲ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် သီလပွဲအခမ်းအနားကျင်းပ


20 Jul,2024

ဝါဆိုလပြည့်နေ့

၂၀.၇.၂၀၂၄ (စနေနေ့)

တက္ကသိုလ်ဓမ္မာရုံ
 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဘုရားအနေကဇာတင်ပွဲ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် သီလပွဲအခမ်းအနားကို တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ တက္ကသိုလ်ဓမ္မာရုံ၌ ယနေ့ နံနက် (၆:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ 

အခမ်းအနားကို ရွှေသမားကျောင်းတိုက် ဆရာတော်ဘုရား၊ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဦးဝင်းနိုင်ထွန်း(ဒုတိယပါမောက္ခချုပ်(စီမံ))၊ ဒေါက်တာဥမ္မာစံ(ဒုတိယပါမောက္ခချုပ်(သင်ကြား))၊ဌာနဆိုင်ရာများမှ ဧည့်သည်တော်များ၊ အငြိမ်းစား ဆရာကြီး/ ဆရာမကြီးများ၊ အလှူရှင်များ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ/တွဲဖက်ပါမောက္ခ/ကထိက ဌာနမှူးများ၊ သင်တန်း၊ စီမံ၊ သု/ဖွံ့ဌာနများမှ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

နံနက်(၆:၀၀)နာရီတွင် တက္ကသိုလ်ဓမ္မာရုံ အကြိုဖွင့်ပွဲအခမ်းအနားကိုပါ တစ်ဆက်တည်း ကျင်းပရာ ဓမ္မာရုံအတွင်းတည်ထားကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုလည်းအနေကဇာတင်ပြုလုပ်ခဲ့ရာ ရွှေသမားဆရာတော်ကြီးမှဦးဆောင် ကျင်းပခဲ့ပြီးနောက် အခမ်းအနား ကိုဖွင့်လှစ်ခဲ့ပါသည်။ 

ဆက်လက်၍ ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရာ ကြွရောက်လာသူများမှ သြကာသကန်တော့ချိုး နှင့် ကိုးပါးသီလတို့ကို ခံယူ ဆောက်တည်ခဲ့ကြပါသည်။ ဆရာတော်ဘုရားမှ ဓမ္မာရုံတည်ဆောက်ရေး ကုသိုလ်ကောင်းမှုအတွက် အနုမောဒနာတရားကို အကျဉ်းဟောကြားခဲ့သည်။ ပြီးနောက်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား၊စီမံ၊သု/ဖွံ့နှင့် သင်တန်းရေးရာဌာန အသီးသီးတို့မှ  ဌာနမှူးများမှ ဝါဆိုသင်္ကန်းခြင်းနှင့်တကွ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ 

ထို့နောက် ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်များကို ရွတ်ဖတ် ပူဇော်‌ကြပါသည်။ ဆက်လက်၍ ရွှေသမားဆရာတော်ကြီးမှ  ရေစက်ချတရားကို ချီးမြှင့်ပေးခဲ့ပြီး လှူဖွယ်ဝတ္ထု အစုစုတို့အတွက် အမျှအတန်းများ ပေးဝေခဲ့ကြသည်။ 

ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့်အလှူရှင်များက တက္ကသိုလ်ဓမ္မာရုံဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပါသည်။ ၄င်း‌နောက် ဆရာတော်ဘုရားမှ ဦးဆောင်၍ တက်ရောက်လာသူများက အောင်မြင်ကြောင်း ကြွေးကြော်ခဲ့ကြပါသည်။

ထို့နောက် တက္ကသိုလ်ဓမ္မာရုံ တည်ဆောက်ပြုပြင်နိုင်ရေး  လှူဒါန်းပေးခဲ့ကြသော အလှူရှင်များကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းဥက္ကဌတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ ယင်းနောက် ပါမောက္ခချုပ် ဦးဆောင်၍ ပင့်သံဃာတော်(၅)ပါးတို့အား နေ့ဆွမ်း၊ အချိုပွဲတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထို့အတူ နံနက်(၈း၀၀)နာရီမှစ၍ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်း မိသားစုများနှင့်ဧည့်သည်တော်များအား တက္ကသိုလ်ဓမ္မာရုံတွင် ယနေ့သီလပွဲအလှူရှင် ပါမောက္ခချုပ်နှင့် တက္ကသိုလ်မိသားစုဝင်များ စုပေါင်း၍ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး ပျော်ရွှင်စွာသုံးဆောင်ခဲ့ကြပါသည်။

တက္ကသိုလ်ဓမ္မာရုံတည်ဆောက်ရေးအတွက် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)ဦးဝင်းနိုင်ထွန်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဒေါက်တာဥမ္မာစံနှင့် သင်ကြား/စီမံဌာနများမှ ဌာနမှူးများမှလည်းကောင်း။ MPA  Program First and Second Batch မှ အလှူငွေ ကျပ် ၄၁ သိန်း ၇ သောင်း ၅ထောင်နှင့် MBA First and Second Batch တို့ မှ ကျပ် ၁၀ သိန်းတို့အားလှူဒါန်း‌ခဲ့ကြပါသည်။

#ucmsg


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm