Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် မြန်မာ့ရှေ့ဆောင်ဘဏ်မှ “ဝဿန်ဦးမှာ တူနွှဲပျော် MAB သစ်ပင်စိုက်ပွဲတော်” ကျင်းပပြုလုပ်ခြင်း


14 Jul,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ပူးပေါင်း ၍ “ဝဿန်ဦးမှာ တူနွှဲပျော် MAB  သစ်ပင်စိုက်ပွဲတော်” ကို  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဘက်စုံသုံးခန်းမ၌  (၁၄-၇-၂၀၂၄)ရက်နေ့၊ နံနက် (၉:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ/ သင်ကြား)၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်မှ Vice Chairman ဦးကျော်ကျော်ဝင်း၊ Chief Operating Officer ဒေါ်ဟန်စုခိုင်နှင့်  ဝန်ထမ်းများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြား ရာတွင် ယခုအချိန်အခါကာလသည် ဝဿန်ကာလမိုးဦးကျသစ်ပင်စိုက်ပျိုးသော ကာလဖြစ်ပါကြောင်း၊ ယနေ့သည် တက္ကသိုလ်အနေဖြင့် ဇူလိုင်လအတွင်းမှာပင် တတိယအကြိမ် သစ်ပင်များစိုက်ပျိုးခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပင်မလမ်းဘေးဝဲယာ၌ ငုရွှေဝါပင်များ၊ အရိပ်ရသည့် ပျဉ်းမပင်များနှင့် ခရေပင်များအား စိုက်ပျိုးမှာဖြစ်ပါကြောင်း၊ ယခုသစ်ပင်စိုက်ပွဲတော် ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးသည့် MAB ဘဏ်မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ တက္ကသိုလ်မှ ဆောင်ရွက်ပေး သည့် စီမံရေးရာဌာနမှ ဝန်ထမ်းများ၊ ယနေ့ သစ်ပင်စိုက်ပွဲတော်သို့ လာရောက်စိုက်ပျိုးကြသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အတန်းကိုယ်စားလှယ် များအားလုံးကို  ကျေးဇူးတင် ရှိပါကြောင်း၊ မိမိစိုက်ပျိုးခဲ့သည့် သစ်ပင်ရှင်သန်ကြီးထွားဖွံ့ဖြိုးလာသည်နှင့်အမျှ နေ့စဉ်ပီတိကုသိုလ် ရရှိမှာဖြစ်ပြီး ထာဝရရှင်သန်ကြီးထွားစေရန်အတွက်လည်း တာဝန်ရှိပါကြောင်း၊ မိမိအဖွဲ့အစည်း၊ မိမိလူမှုပတ်ဝန်းကျင်၊ မိမိတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်၍ သာယာလှပစေရန်  အားလုံးမှာတာဝန်ရှိ ပါသဖြင့် သစ်ပင်များရှင်သန်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သစ်ပင်စိုက်ပွဲတော် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသည့် တစ်ဦးတစ်ယောက်ချင်းစီ အားလုံးကို ကျေးဇူးတင် ရှိပါကြောင်း  ပြောကြားခဲ့ပါသည်။  
ဆက်လက်၍ MAB ဘဏ်မှChief Operating Officer ဒေါ်ဟန်စုခိုင်မှ စုပေါင်းသစ်ပင် စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ယနေ့စိုက်ပျိုးမည့် သစ်ပင်များ ဆက်လက်ရှင်သန်စေရေးအတွက် မတည်လှူဒါန်းငွေ (၁၁)သိန်းကျပ်ကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထိုနောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ/သင်ကြား)၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ MAB ဘဏ်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် တက္ကသိုလ်ပင်မလမ်း ဘေးဝဲယာတွင် ငုရွှေဝါ(၁၀၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်နှင့် ဘက်စုံသုံးခန်းမပတ်လည်တွင် ခရေ(၁၀၀)ပင်၊ စုစုပေါင်း(၃၀၀)ပင်ကို စိုက်ပျိုးခဲ့ ပါသည်။ သစ်ပင်စိုက်ပျိုးခဲ့သော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်  ကျောင်းသား၊  ကျောင်းသူများ၊ MAB ဘဏ်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား  ကောက်ညှင်းပေါင်း၊ အကြော်စုံနှင့်  လက်ဖက်ရည် တို့ဖြင့် ဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို နံနက် (၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm