သမဝါယမကောလိပ်(မန္တလေး)သည် ၁၉၇၉ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် မကွေးနှင့် မန္တလေးတိုင်း သမဝါယမသင်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်း အမှုဆောင်များနှင့်ဝန်ထမ်းများကို သမဝါယမစာရင်းကိုင်နှင့် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များ လေ့ကျင့်ပေးရာ သင်တန်းကျောင်းတစ်ကျောင်း ဖြစ်ခဲ့ ပါသည်။
သမဝါယမဝန်ကြီးဌာနသည် “ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ သမဝါယမအသင်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် အရည်အချင်းပြည့်ပုဂ္ဂိုလ်များ လေ့ကျင့်ပျိုးထောင်ပေးရန်” ဟူသော ရည်ရွယ်ချက်ဖြင့် သမဝါယမကောလိပ်များတည်ထောင်ရန် မြန်မာနိုင်ငံပညာရေး ကော်မတီသို့ တင်ပြခဲ့ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ (၁၉-၅-၁၉၉၄)နေ့ အမိန့်ကြော်ငြာစာ(၁၀/၉၄)အရ သမဝါယမသင်တန်းကျောင်းများကို ကောလိပ် အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည့်အတွက် “မန္တလေးသမဝါယမဒေသကောလိပ်”ဟူ၍ (၁၈-၆-၁၉၉၄) နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကျော်သန်းနှင့် သမဝါယမဝန်ကြီးဌာန ဝန်ကြီးဦးသန်းအောင်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
မန္တလေးသမဝါယမဒေသကောလိပ် စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၄-၁၉၉၅ ပညာသင်နှစ် တွင် လက်မှတ်ရ စာရင်းရေး၊ စာရင်းကိုင်ပညာ (Certificate in Book Keeping and Accountancy) (CBA) သင်တန်းသား(၁၃)ဦးနှင့် ဒီပလိုမာသင်တန်းသား (၁၃၉)ဦးတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
"မန္တလေးသမဝါယမဒေသကောလိပ်" မှ "မန္တလေးသမဝါယမကောလိပ်" အမည်ကို သမဝါယမကောလိပ်များညွှန်ကြားမှုအဖွဲ့၏ (၁၅-၃-၂၀၀၃)နေ့တွင် ပြုလုပ်သည့် အစည်းအဝေး အမှတ်စဉ်(၁/၂၀၀၃) ဆုံးဖြတ်ချက်အရ ပြောင်းလဲခဲ့ပါသည်။ "မန္တလေး သမဝါယမကောလိပ်"မှ "သမဝါယမကောလိပ်(မန္တလေး)"အဖြစ် မြန်မာနိုင်ငံပညာရေးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ (၁၅-၆-၂၀၀၄)နေ့တွင် ထပ်မံပြောင်းလဲခဲ့ပါသည်။
သမဝါယမကောလိပ် (မန္တလေး)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။