Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးအသက်မွေးဝမ်းကျောင်းပညာသင်တန်းဖွင့်ပွဲနှင့် ဝါးကုန်ထုတ်ပစ္စည်းပြပွဲအခမ်းအနား ကျင်းပ


30 Jun,2022

နေပြည်တော် ဇွန် ၃၀

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ ဝါးအသက်မွေးဝမ်းကျောင်းပညာသင်တန်းဖွင့်ပွဲနှင့် ဝါးကုန်ထုတ်ပစ္စည်းပြပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ဝန်ပြန်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နေပြည်တော်သည် ဝါးပေါများသော ဒေသဖြစ်ပြီး၊ ဝါးကိုအကျိုးရှိရှိအသုံးချတတ်ရန် လိုအပ်ပါကြောင်း၊ သစ်ပင်သစ်တောများ မပြုန်းတီး စေရေးအတွက် ဝါးကို အစားထိုးသုံးစွဲမည်ဆိုပါက ဒေသနှင့်ဂေဟစနစ် မပျက်ယွင်းစေရေးကို များစွာ အထောက်အကူပြုပါကြောင်း၊ တန်ဘိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေသည်အထိ ဆောင်ရွက်နိုင်မှာဖြစ်၍ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါကြောင်း၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အတန်းပညာ ဆက်လက်သင်ကြားနိုင်ခြင်းမရှိသော အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသူများအား သမဝါယမသင်တန်းကျောင်းများတွင် စာရင်း ရေး၊ စာရင်းကိုင်နှင့် အသက်မွေးဝမ်းကျောင်းပညာများကို နေရေး၊ စာရေးတာဝန်ယူကာ  အခမဲ့ သင်ကြားပေးနေပါကြောင်း၊ သင်တန်းသားများအနေနဲ့လည်း မိမိတို့တတ်ကျွမ်းထားသည့် ပညာနှင့် မိမိတို့ရဲ့ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်နိုင်ခြင်း၊ မိမိတို့မြို့ရွာ ပြန်ရောက်တဲ့အခါ ဒေသခံများကို ဝါးပညာပြန့်ပွားရေး ထပ်ဆင့်သင်ကြားပေးခြင်း၊ ဝါးတောများ မပြုန်းတီးစေရေး စနစ်တကျ ခုတ်ယူသုံးစွဲနိုင်အောင် အသိပညာဖြန့်ဝေ ဆွေးနွေးဟောပြောခြင်းတို့ကို လက်လှမ်းမီသလောက် ဆောင်ရွက်သွားကြစေလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ အသင်းဥက္ကဋ္ဌမှ အသင်း ဖွဲ့စည်းပုံအဆင့်ဆင့်၊ ရည်ရွယ်ချက်၊ ဆောင်ရွက်နေဆဲ လုပ်ငန်းအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ သင်တန်းသားတစ်ဦးမှ ဝါးဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းမှ သင်ကြားပေးသောပညာများကို မိမိတို့အနေဖြင့် တတ်မြောက် အောင်သင်ယူ၍ မိမိတို့တတ်မြောက်ထားသော ပညာရပ်များကို အချင်းချင်း နှီးနှောဖလှယ်ခြင်း၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာသို့ ပြန်လည်ရောက်သည့်အခါတွင်လည်း ဤအတတ်ပညာများဖြင့် ထုတ်ကုန် ပစ္စည်းများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာအတွင်း၌လည်း နည်းပညာဆင့်ပွားသင်တန်း များ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆင်းရဲမှုလျော့ချရေးကဏ္ဍအနေဖြင့် တစ်ဖက် တစ်လမ်းမှ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖန်တီးလုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများကို အချင်းချင်းချိတ်ဆက် ဈေးကွက်ရှာစနစ်နှင့် တစ်စု တစ်စည်းတည်း ပြသရောင်းချနိုင်မည့် ဈေးကွက်ရှာစနစ်တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်း၏ “တတ်အောင်သင်၊ ဖြစ်အောင်လုပ်၊ ဈေးကွက်အတူရှာကြစို့” ဆောင်ပုဒ်အသစ်အတိုင်း  ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြခဲ့ပါသည်။ ယခုသင်တန်းအား ဒေသစုံမှ သင်တန်းသား/သင်တန်းသူ (၃၀) ဦးဖြင့် သင်တန်းကာလ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း လီမိတက်မှ ဝါးဖြင့်ပြုလုပ်ထားသော ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm