Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ရန်ကုန်မြို့ အရှေ့တောင်ဘက် (၈)မိုင်ခန့်အကွာရှိ သန်လျင်မြို့ ကျိုက်ခေါက်ဘုရား လမ်းမကြီး၏အရှေ့ဘက်၊ ရန်ကုန်သီလဝါမီးရထားလမ်း ရှေ့ဘက်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ အနောက်ဘက် ညောင်သုံးပင်ရွာတွင်တည်ရှိပြီး၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်ပိုင် မြေဧရိယာစုစုပေါင်းမှာ (၂၀၈.၂၀၉)ဧက ရှိပါသည်။

၂။ ၁၉၇၀ခုနှစ်တွင် ရန်ကုန်တိုင်း သမဝါယမသင်တန်းကျောင်းကို မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက်၊ ရန်ကုန်တိုင်းသန်လျင်မြို့ ကျိုက်ခေါက် ဘုရားလမ်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဗဟိုသမဝါယမ သင်တန်းကျောင်းတည်နေရာတွင် ရန်ကုန်တိုင်း သမဝါယမသင်တန်းကျောင်းနှင့် ပဲခူးတိုင်း သမဝါယမသင်တန်းကျောင်း (၂)ကျောင်းအား စုပေါင်းဖွင့်လှစ်ခဲ့ပါသည်။

၃။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့မှ ရန်ကုန်တိုင်းသမဝါယမသင်တန်းကျောင်းကို ရန်ကုန်သမဝါယမဒေသကောလိပ်အဆင့်သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၉-၅-၁၉၉၄)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၀/၉၄)အရ (၂၁-၆-၁၉၉၄) ရက်နေ့တွင် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။

၄။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၁၉၉၆ခုနှစ် နို၀င်ဘာလ (၁၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇/၉၆)ဖြင့် ရန်ကုန်သမဝါယမဒေသကောလိပ်အား ရန်ကုန်သမဝါယမ ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် နှင့် ပေါင်းစည်းဆက်သွယ်ပြီး ဘွဲ့ကြို(၃)နှစ် သင်တန်းဖွင့်လှစ်၍ ဝိဇ္ဇာဘွဲ့စီးပွားရေးသိပ္ပံ B.A(Business Science) ဘွဲ့ဒီဂရီကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အထိ ပေးအပ်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စ၍ စီးပွားရေးသိပ္ပံဘွဲ့ (B.BSc)ဘွဲ့ဒီဂရီကို ပြောင်းလဲပေးအပ် ခဲ့ပါသည်။

၅။ ၂၀၁၂ခုနှစ်၊ မေလ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂) သဘောတူ ခွင့်ပြုချက်အရ ၀န်ကြီးရုံး၏ (၂၁-၆-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၂)ဖြင့် သမဝါယမ၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာနအောက်ရှိ ရန်ကုန်သမဝါယမဒီဂရီကောလိပ်အား သမဝါယမတက္ကသိုလ်(သန်လျင်)အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါသည်။ တက္ကသိုလ်အဖြစ် အဆင့် တိုးမြှင့်ပြီးနောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စီးပွားရေးသိပ္ပံဘွဲ့အား စာရင်းကိုင် ပညာနှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှု ပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာစသည့် အထူးပြု ဘာသာရပ်(၅)ခုဖြင့် သင်ကြားခဲ့ပြီး အထူးပြုဘာသာရပ်အလိုက် ဘွဲ့များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အကုန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ အပ်နှင်းချီးမြှင့်လျက်ရှိပါသည်။ အထူးပြုဘာသာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်သင်ကြားခဲ့ပြီး ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်လျက်ရှိပါသည်။ အထူးပြုဘာသာရပ် အလိုက် မဟာဘွဲ့သင်တန်းများကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်သင်ကြားခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စ၍ မဟာဘွဲ့များ အပ်နှင်းချီးမြှင့်လျက်ရှိပါသည်။

၆။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီးရုံး၏ (၁၉-၁၁-၂၀၂၁) ရက်စွဲပါစာအမှတ် ၁/၁/၂၉/သမကျေးလက် (၁၂၁၆/၂၀၂၁)နှင့် ပညာရေး ဝန်ကြီးဌာနဝန်ကြီးရုံး၏ (၅-၁၁-၂၀၂၁) ရက်စွဲပါစာအမှတ် အုပ်ချုပ်မှု (ဖွဲ့စည်းပုံ)/၂၀၂၁ (၉၆၂၈) ဖြင့် သမဝါယမတက္ကသိုလ်(သန်လျင်)အား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)ဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm