Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ(၃)နှစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


08 Apr,2024

နေပြည်တော် ဧပြီ ၈

              သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ(၃)နှစ်သင်တန်းအတွက် သင်ရိုး ညွှန်းတမ်းနှင့် သင်ခန်းစာဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့မှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းရေးဆွဲခဲ့သည့် တက္ကသိုလ်/ကောလိပ် များမှ ပါမောက္ခ(ဌာနမှူးများ)နှင့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမ ဦးစီးဌာန(၅)ခုမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

                  ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာ၌ သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများ(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အဖြစ် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုလျှင် သင်တန်းကာလ (၂) နှစ်ဖြင့် သင်တန်းများကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း။ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ အထက်တန်းကျောင်းများနှင့် စက်မှုအထက်တန်း ကျောင်းများကဲ့သို့ (၃)နှစ်သင်တန်းသို့  တိုးမြှင့်ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်း။

              ယခုလာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစပြီး အကောင်အထည်ဖော်မှာ ဖြစ်သည့် အတွက်(၃)နှစ်တာ သင်ကြားပို့ချမည့်ဘာသာရပ်သင်ခန်းစာများကို စနစ်တကျပြည့်စုံစွာ ရေးဆွဲပြုစုစေလိုကြောင်း။ စနစ်သစ်ပညာရေးအရ Grade-9 အောင်မြင်ထားသူများကို သင်တန်း သားအဖြစ် လက်ခံဆောင်ရွက်မှာ ဖြစ်သည့်အတွက် ၎င်းတို့နှင့် အဆင်ပြေစေနိုင်မည့် သင်ခန်းစာ များကို ရွေးချယ်ဖန်တီးစေလိုပါကြောင်း။ (၃)နှစ်အတွင်း ကျွမ်းကျင်သည့်စာရင်းကိုင်များအဖြစ် မွေးထုတ်ပေးရမှာဖြစ်သည့်အတွက် လေ့ကျင့်ချိန်နှင့် လက်တွေ့ဆောင်ရွက်ချိန်များကို ဒုတိယနှစ် နှင့်တတိယနှစ်များတွင် ပိုမိုထည့်သွင်းစေလိုပါကြောင်း။ စာရင်းကိုင်ပညာနဲ့ အသက်မွေးကြမှာ ဖြစ်တဲ့အတွက် စာရင်းကိုင်ဘာသာရပ်များကို သင်တန်းလေ့ကျင့်ချိန်များများ ပြုစုရေးဆွဲစေလို ပါကြောင်း။ ၃ နှစ် သင်တန်းမှ ပြီးမြောက်သည့်အခါ Certificate in Business Accounting လက်မှတ်ကို ထုတ်ပေးရန်နှင့် သတ်မှတ်ထားသော အရည်အသွေး ဖြစ်သည့် စာရင်းကိုင် ဘာသာရပ်များနှင့် သင်္ချာဘာသာရပ်တို့မှ ဂုဏ်ထူးရရှိပြည့်မီသူများအား သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များနှင့် သမဝါယမကောလိပ်များမှာ ပေါင်းကူးပညာသင်ယူပြီး ဘွဲ့၊ ဒီပလိုမာတွေ ပေးအပ်နိုင်အောင် စီစဉ်မည်ဖြစ်ပါကြောင်း။

              ပြည်ထောင်စုစိတ်ဓာတ်ဟာ အင်မတန်အရေးကြီးသည့်အတွက် ယခုသင်ကြားနေ သောဘာသာရပ်တွေအပြင် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးနေစေဖို့ ပြည်ထောင်စု စိတ်ဓာတ်ဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားစေလိုကြောင်း။ ထို့ပြင် သင်တန်းသား တွေကို နိုင်ငံတော်မှ စားစရိတ်၊ ထောက်ပံ့ကြေးတွေ ထောက်ပံ့ပေးထားတာဖြစ်သည့်အတွက် ထမင်းစားချိန်မှာ ထမင်းစားသစ္စာ ဆိုတာမျိုး၊ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာကို စောင့်သိစေချင်သည့် အတွက် ကျောင်းတက်/ကျောင်းဆင်းချိန်မှာ နိုင်ငံတော်သီချင်းသီဆိုတာမျိုးကိုလည်း ဆောင်ရွက် စေလိုပါကြောင်း။ အားကစားနဲ့ပတ်သက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးထားသောကိရိယာများအပြင် ဖူဆယ်ဘောလုံးကွင်းများကိုလဲ ပံ့ပိုးပေးထားတာ ဖြစ်လို့ အားကစားချိန်တွေကိုလည်း ထည့်သွင်းပြီး တစ်နေ့တာဆောင်ရွက်ရမည့် အချိန်တွေမှာ ဆောင်ရွက်စေလိုပါကြောင်း။

              သမဝါယမကောလိပ်များသို့ ပေါင်းကူး တက်ရောက်ခွင့်ရရှိသည်ကိုလည်း တွေ့ရှိရပါ ကြောင်း။ သမဝါယမကောလိပ်အပြင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ တက်ရောက်ပညာသင်ကြားရန် အရည်အချင်းစိစစ်ပြီး လက်ခံရမည်ဖြစ်ကြောင်း။ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်၍ အောင်မြင်ပြီးသော သင်တန်းသားများအားလုံး  အလုပ်အကိုင် ရရှိမှာဖြစ်ကြောင်း။ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများအနေ ဖြင့် နိုင်ငံအတွက်တန်ဖိုးရှိသော အနာဂတ်စာရင်းကိုင် ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်သော အားထားရသောကျောင်းများအဖြစ် ရေရှည်တည်တံ့ ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။

              ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ သင်ရိုးညွှန်းတမ်းရေးသားပြုစုသော Major ဘာသာရပ်၏ တာဝန်ခံအဖွဲ့ခေါင်းဆောင်များမှ ဘာသာရပ်အလိုက် Power Point Presentation ဖြင့်တင်ပြခြင်း၊ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများမှ အကြံပြုဆွေးနွေးတင်ပြခြင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များက အကြံပြုချက်များ ဆွေးနွေး ပြီး(၃)နှစ်သင်တန်းတွင် ထည့်သွင်းသင်ကြားမည့် သင်ခန်းစာများအား ဆွေးနွေးညှိနှိုင်းခဲ့ ကြောင်း သိရသည်။

              သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများတွင် သင်ကြားပို့ချ ပေးမည့် သင်ခန်းစာများကို ဖော်ထုတ်ပြုစု၍ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးဌာန၏ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှ အသိအမှတ်ပြု ခွင့်ပြုရန် ဆောင်ရွက်မည်ဖြစ်ပြီး (၃)နှစ် သင်တန်းပြီးမြောက်ပါက သတ်မှတ်အရည်အချင်းပြည့်မီသူများအား သမဝါယမ ကောလိပ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်ပြီး လုပ်ငန်းခွင်အထိ ခန့်အပ်နိုင်ရေးဆောင်ရွက်ပေးကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်တွင် ၂၅၂ ဦးဖြေဆိုအောင်မြင်ခဲ့ပြီး ၂၁၈ ဦးမှာ အလုပ်အကိုင်များရရှိပြီး ၃၄ ဦးမှာ သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက် ပညာသင်ခွင့်ရရှိကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm