Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

သမဝါယမဦးစီးဌာန ပေါ်ပေါက်လာပုံနောက်ခံသမိုင်းကြောင်းနှင့် နောက်ခံသမိုင်းအကျဉ်းချုပ်

အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၌ “၁၉၀၄ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ သမဝါယမငွေစုငွေချေးအသင်းများဆိုင်ရာအက်ဥပဒေ"ကိုပြဋ္ဌာန်းပြီး သမဝါယမလုပ်ငန်းများပေါ်ပေါက် လာသဖြင့် ယင်းအချိန်တွင် အိန္ဒိယနိုင်ငံ၌ လက်အောက်ခံပြည်နယ်ခွဲတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ တွင်လည်း သမဝါယမငွေစုငွေချေးအသင်းများ ဖွဲ့စည်းထူထောင်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး သမဝါယမအသင်းအဖြစ် မြင်းမူမြို့နယ်ငွေစုငွေချေး သမဝါယမအသင်းကို (၁၉၀၅) ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်တွင် ဖွဲ့စည်းမှတ်ပုံတင်ပေးခဲ့သည်။ ၎င်းနောက် "၁၉၁၂ ခုနှစ် သမဝါယမအ သင်းများဆိုင်ရာ အက်ဥပဒေ"ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအက်ဥပဒေအရ သမဝါယမဗဟိုဘဏ်များ၊ အခြေခံကျေးလက် ငွေစုငွေချေးအသင်းများ၊ ယူနီယံခေါ်အသင်းစုများ၊ ခရိုင်သမဝါယမအသင်းများ၊ အသင်းစုချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သမဝါယမကောင်စီဟူ၍ အဆင့်ဆင့်ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ ၁၉၂၅ ခုနှစ် နောက်ပိုင်းတွင် သမဝါယမလုပ်ငန်း အခြေအနေယိမ်းယိုင်လာခဲ့ပြီး အသင်း အရေအတွက်မှာလည်း လျော့နည်းခဲ့ပါသည်။ အဆိုပါအခြေအနေများကြောင့် ချေးငွေကျန်များ ကောက်ခံနိုင်ရန်နှင့် စာရင်းရှင်းနိုင်သည့်အာဏာများ လိုအပ်လာသဖြင့် ၁၉၂၇ ခုနှစ်၊ မြန်မာနိုင်ငံ သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေအမှတ်(၆)ကို အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ သမဝါယမ အသင်းများ၏ ဆုတ်ယုတ်လာမှုအခြေအနေများအား အောင်မြင်မှုဖြစ်ပေါ်လာစေရေးအတွက် ၁၉၃၅ ခုနှစ်တွင် မြေစာရင်းအရာရှိ ဦးတင်ကြီးကို သမဝါယမမင်းကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဦးတင်ကြီး သမဝါယမပြုပြင်ရေးစီမံကိန်းကိုရေးဆွဲပြီး အစိုးရထံတင်သွင်းခဲ့ရာ အချိန်ကာလနှင့် လိုက်လျော ညီထွေမှုရှိသဖြင့် အစိုးရက သဘောတူအတည်ပြုပေးခဲ့သည်။ အဆိုပါစီမံကိန်းအရ စားသုံးသူ သမဝါယမအသင်းများ (ကွန်ကိုးအသင်းများ) ဖွဲ့စည်းခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အသင်း ပေါင်း(၇၀၀၀)ကျော်၊ အသင်းဝင်(၃)သန်းခွဲနှင့် အစု(၉)သန်းခန့်အထိ အောင်မြင်တိုးတက်ခဲ့သည်။


ပါလီမန်ခေတ်မြန်မာ့သမဝါယမ

ယင်းအချိန်တွင် သမဝါယမမင်းကြီး၌ အာဏာအပြည့်အဝရှိစေရန်အတွက် ၁၉၂၇ ခုနှစ် သမဝါယမအက်ဥပဒေကို ရုပ်သိမ်း၍ ၁၉၅၆ ခုနှစ် သမဝါယမအသင်းများအက်ဥပဒေကို ပြဋ္ဌာန်း ခဲ့ပါသည်။ သမဝါယမစုပေါင်းရောင်းချရေးလုပ်ငန်းကို ၁၉၅၁-၅၂ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ပြီး ဆန်စပါး၊ ဝါဂွမ်းနှင့် ကြံများအဓိကထားလုပ်ကိုင်ခဲ့သည်။ ဆန်စပါးစုပေါင်းရောင်းချရေးစီမံကိန်းအရ ခရိုင်သမဝါယမများမှတစ်ဆင့် နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးစပါးဒိုင်တွင် ရောင်းချသည်။ ဝါဂွမ်းစုပေါင်း ရောင်းချရေးစီမံကိန်းတွင် လက္ကားသမဝါယမအဖွဲ့ချုပ်သည် တစ်ဦးတည်း ကုန်ထုတ် လိုင်စင်ယူ၍ ပြည်ပသို့ ဝါရောင်းချရေးလုပ်ငန်းကို ဦးစီးလုပ်ကိုင်သည်အထိ တိုးတက်အောင်မြင် ခဲ့ပါသည်။


ဆိုရှယ်လစ်ခေတ်မြန်မာ့သမဝါယမ

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်ရောက်ခဲ့ပြီး တော်လှန်ရေးကောင်စီက ၁၉၇၀ ခုနှစ် သမဝါယမစီမံကိန်းအရ ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေကို (၂၈-၅-၁၉၇၀)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ၎င်းဥပဒေအရ သမဝါယမ လုပ်ငန်းများကို ဆိုရှယ်လစ် စီးပွားရေးစီမံကိန်းဘောင်အတွင်းမှဆောင်ရွက်ကြရပါသည်။ သမဝါယမအသင်းများသည် နိုင်ငံတော် ၏ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ အိမ်ငှား၊ ပြည်တွင်းလက္ကား ကုန်သွယ်ရေး၊ ပြည်တွင်း လက်လီကုန်သွယ်ရေးကဏ္ဍများစသောကဏ္ဍအားလုံးတွင်ပါဝင်ဆောင်ရွက်ခဲ့ကြရသည်။ သမဝါယမ အသင်းများကိုလည်း ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေအရ မြို့ပေါ်ရပ်ကွက်၊ ဌာနဆိုင်ရာများ နှင့် ကျေးရွာများပါ မကျန် တစ်ပြည်လုံးအရှိန်ဟုန်ဖြင့် တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။


ဈေးကွက်စီးပွားရေးခေတ်မြန်မာ့သမဝါယမ

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ၁၉၇၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေပါပုဒ်မအချို့အား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပြင်ဆင်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်ခဲ့သည်။၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းထားသည့်အသင်းပေါင်း (၂၀၀၀၀)ကျော်အနက် ဆိုရှယ်လစ် ခေတ်က ပါဝင်ခဲ့သော အမှုဆောင်ကော်မတီများကို သမဝါယမဝန်ကြီးဌာန၏ (၂-၁-၁၉၈၈) ရက်စွဲ ပါအမိန့်စာဖြင့် တာဝန်မှရပ်စဲခဲ့ပြီး ဝန်ထမ်းများနှင့် အရပ်ဖက်မှသင့်လျော်သူများကို ရွေးချယ်၍ အစားထိုးခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေအား ပြဋ္ဌာန်းခဲ့ပြီး သမဝါယမအသင်းသစ်များကို ဖွဲ့စည်း၍ အသင်းဟောင်းများကို ပြန်လည်ပြုပြင်ဖွဲ့စည်းခဲ့ရာ (၃၁-၇-၂၀၀၄) ရက်နေ့စာရင်းအရ အသင်းစုစုပေါင်း (၁၇၉၀၅)သင်း ပြုပြင်ဖွဲ့စည်းပြီးကြောင်း တွေ့ရှိ ရသည်။


မျက်မှောက်ခေတ်မြန်မာ့သမဝါယမ

သမဝါယမအသင်းသည် လူအချင်းချင်း ပူးပေါင်းပြီး၊ ပါဝင်သူများ၏ လူမှုရေးနှင့် စီးပွားရေး ကို မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်သည့် အသင်းအဖွဲ့ ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် လူကိုအခြေခံထားပြီး လူ၏တန်ဖိုးများကို အလေးထားသည့် လူ့ကျင့်ဝတ်များကို ထိန်းသိမ်း လိုက်နာစေသည့် လူမှုစီးပွားရေး ( Social Economy ) ပူးပေါင်း ဆောင်ရွက်မှုအသင်းအဖြစ် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ပြောင်းလဲလာသည့် ဥပဒေ နှင့်အညီ စိတ်တူကိုယ်တူ ဆန္ဒတူများဖြင့် ပူးပေါင်းပါဝင်သည့် သမဝါယမအသင်းများကို အသင်းသားများ၏ ဆန္ဒနှင့်အညီဖွဲ့စည်းပေးခြင်း၊ အမှုဆောင်အဖွဲ့ကိုလည်း ဒီမိုကရေစီ နည်းလမ်းကျကျဖြင့် ရွေးချယ်တင်မြှောက်ပြီး သမဝါယမ အသင်းသည် NGO (Non-Governmental Organization) ဖြစ်သည်နှင့်အညီ စီးပွားရေးလုပ်ငန်း များကိုလည်း အသင်းသားများ၏ ဆန္ဒနှင့်အညီ ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။


သမဝါယမဦးစီးဌာနဖြစ်ပေါ်လာပုံ

ကိုလိုနီခေတ်၊ ၁၉၀၄ ခုနှစ်မှစ၍ မေမြို့(ပြင်ဦးလွင်)၌ သမဝါယမမင်းကြီးရုံးကို စတင် ဖွင့်လှစ်ခဲ့ပြီး ပြောင်းလဲလာသော ခေတ်စနစ်နှင့်လိုက်လျောညီထွေမှုရှိစေရန် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခဲ့ရာမှစ၍ ယခုအခါ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအဖြစ် ဆက်လက်တည်တံ့ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။


သမဝါယမဦးစီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့မှု အခြေအနေများ

(က) သမဝါယမဦးစီးဌာန၏ဖွဲ့စည်းပုံကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်း အဝေးအမှတ်(၃၉/၉၁)မှသဘောတူခွင့်ပြုချက်အရ ၁၉၉၁ခုနှစ်၊အောက်တိုဘာ (၃၀) ရက်နေ့ မှစတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ယင်းသို့ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် (၉/၉၂)ဖြင့် ထုတ်ပြန်ခဲ့သော သမဝါယမအသင်း ဥပဒေသစ်အရ လုပ်ငန်းတာဝန်များ တိုးချဲ့ပြောင်းလဲ ဆောင်ရွက်မှုများပြုလုပ်လာရ၍ သမဝါယမဦးစီးဌာန၏ (၅-၆-၁၉၉၄) ရက်စွဲပါ အစည်းအဝေးအမှတ်စဉ် (၂၁/၉၄) အရ ဖွဲ့စည်းပုံပြင်ဆင် ဆောင်ရွက်ခဲ့ပါသည်။

(ခ) ထို့အပြင်(၃၁-၅-၂၀၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၂) သဘောတူခွင့်ပြုချက်အရ သမဝါယမဒီဂရီ ကောလိပ် (သန်လျင်၊ စစ်ကိုင်း)အား သမဝါယမတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) အဖြစ်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခွင့်ရခြင်းဖြင့်လည်းကောင်း၊ (၆-၉-၂၀၁၂) ရက်နေ့ တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးအမှတ်စဉ် (၃၄/၂၀၁၂)အရ နေပြည်တော်ကောင်စီ နယ်မြေရှိ သမဝါယမဦးစီးဌာနဖြင့်လည်းကောင်း၊ (၁၆-၈-၂၀၁၂)ရက်နေ့တွင် အစည်းအဝေး အမှတ်စဉ် (၃၁/၂၀၁၂)အရ နေပြည်တော်ကောင်စီနယ်မြေရှိ သီရိ(၅) မြို့နယ်ရှိ သမဝါယမ ဦးစီးဌာနရုံးများဖြင့် တိုးချဲ့ဖွဲ့စည်း ခဲ့ပါသည်။

(ဂ) ထို့ပြင်(၁၅-၁-၂၀၁၅)ရက်နေ့တွင်ကျင်းပပြုလုပ်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူခွင့်ပြုချက်အရ သမဝါယမဦးစီးဌာနကို အရာထမ်းရာထူး(၇၀၃)နေရာ၊ အမှုထမ်းရာထူး(၁၅၆၉၆)နေရာ စုစုပေါင်းရာထူး(၁၆၃၉၉)နေရာဖြင့် (၁-၄-၂၀၁၅) ရက်နေ့မှစ၍ ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

(ဃ) (၅-၂-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၀)၏သဘောတူဆုံးဖြတ်ချက်အရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊သမဝါယမဦးစီးဌာန၏ဖွဲ့စည်းပုံအား (၅-၂-၂၀၂၀)ရက်နေ့မှစ၍ ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။

(င) (၁၇-၆-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် အမှတ် (၁၄၀/၂၀၂၁) အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး သမဝါယမဦးစီးဌာနကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခု အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွဲ့စည်းခြင်း

၂၀၂၂ ခုနှစ်၊ မေလ (၃၁)ရက် (အင်္ဂါနေ့) တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂)၏ သဘောတူ ခွင့်ပြုချက်အရ သမဝါယမ သင်တန်းကျောင်း(မကွေး၊ မော်လမြိုင်၊ တောင်ကြီး၊ ပုသိမ်) (၄) ကျောင်း နှင့် သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(မန္တလေး)တို့အား သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများအဖြစ် ကျောင်းအုပ်ကြီး (ဒုတိယညွှန်ကြားရေးမှူး) ကွပ်ကဲသည့် စံကိုက်ဖွဲ့စည်းပုံဖြစ်သော အရာထမ်းရာထူး(၂၉)နေရာ၊ အမှုထမ်းရာထူး(၅၀)နေရာစီဖြင့် အဆင့်တိုးမြှင့် ဖွဲ့စည်း၍ အရာထမ်းရာထူး(၁)နေရာ၊ အမှုထမ်းရာထူး(၂၆)နေရာစီဖြင့် ဖွဲ့စည်းထားသော သမဝါယမ ကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(မော်လမြိုင်၊ ရန်ကုန်) (၂) ကျောင်းအား ဖွဲ့စည်းပုံအတွင်းမှ လျှော့ချပြီး သမဝါယမဦးစီးဌာနကို အရာထမ်းရာထူး(၈၀၈)နေရာ၊ အမှုထမ်းရာထူး (၁၄၇၈၇) စုစုပေါင်း ရာထူး(၁၅၅၉၅) နေရာဖြင့် အင်အားတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm