Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကမ္ဘာ့ရာပြည့် သမဝါယမနေ့


28 Jun,2022

မတူကွဲပြားခြင်းများရှိလင့်ကစား အများအကျိုး ထမ်းသယ်ပိုးဖို့ စိတ်ဆန္ဒတူသူများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အများဆန္ဒနှင့်အညီ စီမံခန့်ခွဲလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ကမ္ဘာပေါ် တွင် မားမားမတ်မတ် ရပ်တည်လျက်ရှိနေပေသည်။ ပူးပေါင်းဆောင်ရွက်ခြင်း၏အကျိုးရလဒ်ကို ယင်းအဖွဲ့တွင် ပါဝင်သူများ အချိုးကျ ခွဲဝေရရှိစေခြင်းဖြင့် ရာစုနှစ် (၂)ခုနီးပါး သက်တမ်းရှည်လျား ခဲ့သည့် အဖွဲ့အစည်းကို ရည်ညွှန်းရလျှင် သမဝါယမအဖွဲ့/ အသင်းကို ပြဆိုရမည်ဖြစ်ပေသည်။ ရောဘတ်အိုဝင်၊ဒေါက်တာဝီလျံကင်းတို့ရဲ့ အတွေးအခေါ်အယူအဆများမှ အခြေခံဆင်းသက်လာခဲ့ ကာ ၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ရော့ကဒေးလ်မြို့ (Rochdale)၊ ဖလန်နယ်စက်ရုံမှ အလုပ်သမား (၂၈) ဦးတို့က ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနိမ့်ကျနေမှုများကို ရင်ဆိုင်ဖြေရှင်းရန် သမဝါယမ ကုန်စုံဆိုင်တစ်ဆိုင်ကို ရင်းနှီးငွေ စုပေါင်းထည့်ဝင်၍ ဖွင့်လှစ်ထူထောင်ခဲ့သည်မှစ၍ ကမ္ဘာ့သမဝါယမ စတင်ပေါ်ပေါက်ခဲ့ခြင်းဟု မှတ်ယူရမည်ဖြစ်ပါသည်။

အသွင်အမျိုးမျိုးနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတဲ့ ကမ္ဘာအနှံ့ သမဝါယမများကို စုစည်းပြီး ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းကြီးအဖြစ် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (ICA – International Cooperative Alliance) ကို ၁၈၉၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်ညီလာခံကို ၁၈၉၅ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA) စတင်ဖွဲ့စည်းခဲ့စဉ်က နိုင်ငံ (၁၃) နိုင်ငံရှိ သမဝါယမအသင်း/ အဖွဲ့များ ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ် တွင် နိုင်ငံ (၁၁၂) နိုင်ငံမှ သမဝါယမအသင်း/အဖွဲ့/ဘဏ်နှင့် ငွေကြေးအဖွဲ့ (၃၁၈) ဖွဲ့တို့မှ အဖွဲ့ဝင် အဖြစ် ပါဝင်လျက်ရှိနေပါသည်။

အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်(ICA)အဖွဲ့ဝင် သမဝါယမအသင်း/အဖွဲ့အစည်းများ မှာ နိုင်ငံအဆင့်၊ အမျိုးသားအဆင့်အဖွဲ့အစည်းများ ဖြစ်ကြပြီး ကမ္ဘာပေါ်ရှိ သမဝါယမအဖွဲ့အစည်း/ အသင်းပေါင်း (၃) သန်းကျော်မှ ကမ္ဘာ့ပြည်သူ အသင်းသားပေါင်း (၁/၂) ဘီလီယံခန့်ကို တိုက်ရိုက် တစ်ဖုံ၊ သွယ်ဝိုက်တစ်နည်းအကျိုးပြုနေခြင်းက ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မီးမောင်း ထိုးပြနေခြင်းပင် ဖြစ်ပေသည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့ကို ကျော်လွန်ဖြတ်သန်းပြီး အကျိုးအမြတ်အဓိကမထားဘဲ အစိုးရအဖွဲ့အစည်းမဟုတ်သည့် တစ်ခုတည်းသော အဖွဲ့အစည်းကြီး အဖြစ်ယနေ့တိုင်ရှင်သန်ရပ်တည်နေသည့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှာ(၁၉-၈-၁၈၉၅)  မှရေတွက်သော် ယခုနှစ်ဆိုလျှင် (၁၂၇) နှစ်တိုင်ခဲ့ပြီဖြစ်ပေသည်။

အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (ICA) ဖွဲ့စည်းထူထောင်ပြီး ၂၈ နှစ်ပြည့်ချိန် ၁၉၂၃ ခုနှစ် ဇူလိုင်လ ပထမ စနေနေ့တွင် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို စတင်ကျင်းပခဲ့ပါသည်။ နှစ်စဉ် ဇူလိုင်လရောက်တိုင်း အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ (ICA Day) ကို ကမ္ဘာအဝှမ်းကျင်းပခဲ့ရာ ဒုတိယကမ္ဘာစစ်ကာလအတွင်းပင် အပြည်ပြည်ဆိုင်ရာသမဝါ ယမနေ့ များကျင်းပနိုင်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။၁၉၉၄ခုနှစ်တွင် ကျင်းပခဲ့သည့်(၄၉) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ နှစ်စဉ် ဇူလိုင်လပထမစနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် သတ်မှတ်ကြေငြာခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် နိုင်ငံအလိုက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်နေ့အခမ်းအနား များကိုထည်ဝါစွာကျင်းပဆောင်ရွက်လာခဲ့ကြပါသည်။၁၉၂၃ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့ကို စတင်ကျင်းပခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်အထိ ဆိုလျှင် အကြိမ် ‌(၁၀၀) မြောက်တိုင်အောင် ကျင်းပ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ယခုအခါ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်ကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ် (Brussels) တွင် ရုံးချုပ်ဖွင့်လှစ် ထားပြီး အာဖရိက၊ အမေရိက၊ အာရှ နှင့် ပစိ္စဖိတ်၊ ဉရောပ တို့တွင် ဒေသရုံးခွဲများ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။ လယ်ယာကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ စားသုံးသူ (လက်လီရောင်းဝယ်ရေး)၊ သားငါးလုပ်ငန်း ၊ ကျန်းမာရေး၊ အိမ်ယာ စီမံကိန်း၊ အာမခံ လုပ်ငန်း၊ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းစသည့် စီးပွားရေးကဏ္ဍပေါင်းစုံပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအလိုက် အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားရှိပါသည်။ ကျားမတန်းတူရေး (gender)၊ သုတေသန၊ ဉပဒေရေးရာ၊ လူငယ်ရေးရာ နှင့် ဖွံ့ဖြိုးမှုဟူ၍ ကော်မတီ(၅) ရပ်ကို လည်း ထူထောင် ထားရှိကြောင်း သိရှိရပါသည်။

အောင်မြင်လျက်ရှိသော ကမ္ဘာ့ထိပ်တန်း သမဝါယမလုပ်ငန်း(၃၀၀) ခု၏ လှည့်လည် ရင်းနှီးငွေမှာ  အ‌မေရိကန်ဒေါ်လာ (၂.၁)ထရီလီယံခန့်ရှိပြီး အချိန်ပြည့်၊အချိန်ပိုင်း လုပ်သားဦးရေ (၂၈၀)သန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးနေပါသည်။ အပြည်ပြည် ဆိုင်ရာသမဝါယမအဖွဲ့ချုပ် အဖွဲ့ဝင် ဖြစ်သည့် ပြင်သစ်နိုင်ငံရှိ Credit Agricole Group မှာ တစ်နှစ် ပျမ်းမျှဝင်ငွေ အ‌မေရိကန်ဒေါ်လာ (၁၀၃.၅၀) ဘီလီယံခန့်ရှိပြီး ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုတို့ကို လုပ်ကိုင်လျက်ရှိကာ ကမ္ဘာ့သမဝါ ယမများ၏အဆင့် (၁) နေရာတွင် ရှိနေပေသည်။ ကမ္ဘာ့သမဝါယမ များသည် စုဖွဲ့မှုပုံစံအမျိုးမျိုးနဲ့ ကဏ္ဍပေါင်းစုံတွင် အောင်မြင်နေကြသည်က အံ့မခန်းတွေ့နေရပါ သည်။ ယခုနှစ်တွင်လည်း ကမ္ဘာ့ရာပြည့်သမဝါယမနေ့ကို ကမ္ဘာ့သမဝါယမလောကသားများက ခမ်းနား ထယ်ဝါစွာ ကျင်းပနေကြတော့မည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် ညီလာခံများကို (၂)နှစ်(သို့မဟုတ်)(၃)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၏ (၃၃)ကြိမ်မြောက် ညီလာခံတွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဘရူနို ရိုးလန့်စ်မှ သမဝါယမ များသည် တူညီသည့် လူ့ကျင့်ဝတ် ဂုဏ်သိက္ခာစံတန်ဖိုး အခြေခံအုတ်မြစ် အပေါ် အခြေတည်ထား သည့် တစ်ကမ္ဘာလုံးသဘောတူညီထားသော အခြေခံသဘောတရားဉပဒေ များရှိသည့် တစ်ခုတည်း သော စီးပွားရေးလုပ်ငန်း စံပြနမူနာ ပုံစံဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သတိတရရှိနေမိပါသည်။

အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်က သမဝါယမဟူသည် ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ့်တာဝန်ကိုယ်ယူခြင်း၊ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သောအဖွဲ့အစည်းဖြစ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတ စာနာထောက်ထားခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မှန်ကန် ဖြောင့်မတ်သည့် လူ့ကျင့်ဝတ် စံတန်ဖိုးများ ရှိခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ လူမှုတာဝန်ရှိပြီး အခြားသူများကို ပြုစုစောင့်ရှောက်ခြင်း ဆိုသည့်သမဝါယမအနှစ်သာရများက နိုးကြွဖြစ်ပေါ်လာစေသည့် မိမိတို့၏ လူထုအခြေပြု စီးပွားရေး ပုံစံသည် မည်သို့ရှိသည်ဆိုသည်ကို ကမ္ဘာအနှံ့ သိရှိအောင်ဆောင်ရွက်ရန် ကမ္ဘာ့နေရာဒေသ အသီးသီး တွင်ရှိသည့် သမဝါယမလောကသားများ အားလုံးကို ဖိတ်ခေါ်ကမ်းလှမ်းထားရှိမှုသည် ပိုမို ကောင်းမွန်သည့် ကမ္ဘာကြီးကို တည်ဆောက်နေခြင်း ဖြစ်ပါသည်။

သမဝါယမများ၏ ကမ္ဘာတစ်ဝှမ်း လုပ်ငန်းဆောင်ရွက်မှုများသည် ကွဲပြားခြားနားသည့် စီးပွားရေးကဏ္ဍများကိုဆောင်ရွက်နေခြင်းဖြစ်ပြီး၊ အကြပ်အတည်းကာလများတွင်လည်း သမဝါယမ များသည် ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပုံမှန်ထက် ပိုမိုကြံ့ကြံ့ခံနိုင်ခဲ့ပါသည်။ သမဝါယမများ သည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို ထိန်းသိမ်းကာကွယ်ခြင်း၊ အလုပ်အကိုင်ကောင်းများ ဖော်ဆောင်ပေးခြင်း၊ အစားအစာလုံခြုံရေးအတွက် အကူအညီအထောက်အပံ့ပေးခြင်း၊ ဒေသတွင်း အဖွဲ့အစည်းများ အတွင်း ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးခြင်း၊ လူ့ကျင့်ဝတ်နှင့်ကိုက်ညီသော စံတန်ဖိုးဖြစ်စဉ်များ ကို ပျိုးထောင်ပေးခြင်း၊ အများပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် လုံခြုံမှုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် စစ်မှန်သော ငြိမ်းချမ်းမှုကို အထောက်အကူပြု နိုင်ခြင်း စသည့်တို့ကို အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။

ကမ္ဘာ့သမဝါယမများ အောင်မြင်ဖြစ်ထွန်းမှုနှင့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၏ ချမှတ်ထားသည့် အခြေခံမူများကို ကမ္ဘာတစ်ဝှမ်း သမဝါယမအသင်းများက လိုက်နာလုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် လူသားအကျိုးပြုမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့တွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်နေကြသည်ကလည်း ရှေိ့သို့သာတိုး၍ လာနေပါသည်။ မြန်မာနိုင်ငံ တွင်လည်း အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (ICA) ၏ အခြေခံမူများကို အခြေခံ၍ မြန်မာ့ သမဝါယမအခြေခံမူ (၁၀) ချက်နှင့်အညီ သမဝါယမအသင်းများ ဖွဲ့စည်းထားရှိရာ ယနေ့အထိ အသင်းပေါင်း (၃၈၉၆၇) သင်း ရှိနေပါသည်။ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်း များကို ဆောင်ရွက်ရင်း အသင်းသားအကျိုးပြုမှု၊ ပြည်သူအကျိုး အလေးထား၍ ရှင်သန်ရပ်တည် နေသည်ကို တွေ့ရမှာ ဖြစ်ပါသည်။ (၃-၁-၁၉၀၅) ရက်နေ့တွင် မြင်းမူ ငွေစုငွေချေးသမဝါယမအသင်း စတင်ဖွဲ့စည်းကာ သန္ဓေတည်ခဲ့သည့် မြန်မာ့သမဝါယမသည် ခေတ်အမျိုးမျိုး၊ စနစ်အဖုံဖုံ၊ ဆူကြုံ နိမ့်မြင့် လောကသဘာဝကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်း (၁၁၇)နှစ်ကျော်သည့်တိုင် ရှင်သန်နေသည်ကို တွေ့ရမှာ ဖြစ်ပါသည်။

မြန်မာ့သမဝါ ယမအသင်းများ၏ APEX Body ဖြစ်သည့် ဗဟိုသမဝါယမအသင်းသည် (၇.၉.၁၉၉၃) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ICA ၏ လှုပ်ရှားမှု နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိနေပါသည်။ ထို့အပြင်- အပြည်ပြည် ဆိုင်ရာ ငါးလုပ်ငန်း သမဝါယမအဖွဲ့ချုပ် ဆိုးလ်မြို့၊ ကိုရီးယားနိုင်ငံ (ICFO)သို့ (၂၈-၁၁-၂၀၁၂) ရက်နေ့တွင်လည်းကောင်းI အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ အမျိုးသမီးများကော်မတီ၊ နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံ (ICA-AP-Women Committee) သို့ (၃၁-၃-၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ စားသုံးသူရေးရာကော်မတီ၊ ကွာလာလမ်ပူမြို့၊ မလေးရှားနိုင်ငံ (ICA-AP Consumer Committee) သို့ (၁-၁၂-၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသမဝါ ယမအဖွဲ့ချုပ် ဆိုးလ်မြို့၊ ကိုရီးယားနိုင်ငံ (ICAO) သို့ (၂၆-၉-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် လူငယ်ရေးရာကော်မတီ ဘရပ်ဆဲလ်မြို့၊ ဘယ်လ်ဂျီယံနိုင်ငံ (International Cooperative Alliance – Youth Committee) သို့ (၁၀-၁-၂၀၂၂) ရက်နေ့တွင် လည်းကောင်း အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး နိုင်ငံတကာရေးရာ သမဝါယမဖွံ့ဖြိုးမှု ကဏ္ဍများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့နေရပါသည်။

၁၉၉၃ ခုနှစ်တွင် ဗဟိုသမဝါယမအသင်းမှ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီးနောက် ၁၉၉၅ ခုနှစ် ဇူလိုင်လပထမပတ်စနေနေ့မှစကာ မြန်မာ့သမဝါ ယမလောကသားများကဦးဆောင်၍ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားများကို နှစ်စဉ် ကျင်းပခဲ့ရာ ယခုနှစ်ဆိုလှင် (၂၈) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာသမဝါယမ အဖွဲ့ချုပ်သည် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကျရောက်တိုင်း ဆောင်ပုဒ်များသတ်မှတ်၍ ကမ္ဘာ့ သမဝါယမများသို့ နိုးဆော်တိုက်တွန်းလျက်ရှိရာ ၂၀၂၂ခုနှစ် ဇူလိုင်လ(၂)ရက် စနေနေ့တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်အဖြစ်  “Cooperatives Build a Better World”ကမ္ဘာ့လောကပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး” ဟူ၍ သတ်မှတ်ပေးခဲ့ ပါသည်။

အချုပ်ဆိုရသော် ၁၉၂၃ခုနှစ်မှစတင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ သည် ယခုနှစ်ဆိုလျင်နှစ် (၁၀၀) ပြည့် အာဇညရတု တစ်နည်းရာပြည့်ရတု တိုင်ခဲ့ပြီဖြစ်ပါသည်။ သမ ဝါယမများ၏ ရှင်သန်နိုးထမှုနှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်၊ဆင်းရဲမှုလျော့ချရေးနှင့်ကျားမတန်းတူညီမျှရှိမှုတို့ကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအလွန် ကမ္ဘာလုံးဆိုင်ရာ အေးချမ်းတည်ငြိမ်ရေးနှင့် စီးပွားရေးပြန်လည် နလန် ထူမှုတို့အား ဝိုင်းဝန်းတည်ဆောက်လျက်ရှိနေခြင်းကို ပို၍ပို၍ အလေးထားကာ ကမ္ဘာ့ရာပြည့်သမဝါ ယမနေ့မှသည် ထောင်ပြည့်၊ သောင်းပြည့်နေ့ ကာလများကို ပိုင်ဆိုင်နိုင်ကာ ကမ္ဘာ့လောက ပိုမို ကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး နေဦးမည်ဆိုတာကို အစဉ်ယုံကြည်နေမိပါ ကြောင်းနှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုရေးသားလိုက်ရပါသည်။

ကိုးကား။  -29-4-2022 ရက်နေ့ www.ica.coop တွင် ထုတ်ပြန်ကြေငြာချက်။

 -သမဝါယမဦးစီးဌာနနှင့်ဗဟိုသမဝါယမအသင်းတို့မှ စာရင်းအချက်အလက်များ။

 

Kဇင်သစ်(မန်းတက္ကသိုလ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm