Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရမည်းသင်းမြို့နယ်အတွင်း ဝါစက်လုပ်းငန်းများဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


05 Apr,2024

နေပြည်တော် ဧပြီ  ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းဝါစက်လုပ်းငန်းများဆောင်ရွက်နေမှုနှင့် ဝါသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ရမည်းသင်းမြို့နယ်၊ ရွှေဒါးကျေးရွာအနီးရှိ တိုးပွားကြီးဝါစက်သို့ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များထုတ်လုပ်နေမှုများ၊ ဝါကြိတ် စက်ဖြင့် ဝါစေ့ဆီထုတ်လုပ်ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လက်ရှိဝါဖန်စက်များမှ ဝါဂွမ်း အထုပ်များထုတ်လုပ်ရောင်းချမှုအဆင့်မှ ချည်ဖြစ်သည်အထိ လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း များကို ပံ့ပိုးပြီး Value Added အဖြစ် အဆင့်ဆင့်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်ပြီး ဝါဂွမ်းများ ဈေးကွက်သေချာစွာ ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝါဖန်စက်များ ထပ်မံလိုအပ်ချက် ရှိ/မရှိ စိစစ်တင်ပြ ပေးရန် လိုအပ်ကြောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲမှုတွင် လိုအပ်သည်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊  အရည်အသွေးစစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးရန်နှင့် ဘေးကင်းလုံခြုံရေးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မီးဘေးလုံခြုံရေးဂရုပြုဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ် သည်များ  ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားသမဝါယမအသင်း၌ ကျင်းပပြုလုပ်သည့် ဝါစိုက်အသင်း သားတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ဝါမျိုးစေ့နှင့် သွင်းအားစုများပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်အမှာစကား ပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူ များနှင့် ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေး၊ ဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူများ အဝတ်အထည်များဖူလုံရေး အတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုဟာ အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံအတွင်း ချည်လိုအပ်ချက် အတွက်ပြည့်မီတာကို တွေ့ရှိ ရသော်လည်း ချည်နှင့်အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချ နေရကြောင်း၊ ဒါကြောင့် ပြည်တွင်း၌သာ ချည် ဖြစ်သည်အထိ ထုတ်လုပ်ရန် အတွက်လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကို ပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါမှသာ ပြည်ပမှ ချည်တင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ဝါစိုက် တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး စိတ်တူ ကိုယ်တူဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသော သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ ရရှိရေးနှင့် နည်းပညာရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် ဝါစိုက်တောင်သူများ အနေဖြင့် လိုအပ်ချက် များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ လိုအပ်သော သွင်းအားစုများရရှိရေးနှင့် စက်ပစ္စည်း လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရာသီဥတုပူပြင်းလာသည့်အတွက် ပိုးမွှားအန္တရာယ်များ ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် လိုအပ်သည့် နည်းပညာများကူညီပံ့ပိုးပေး စေလိုကြောင်း၊ ကျေးရွာတောင်သူ များ အနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှချေးငွေများနှင့် သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန်လိုအပ်ကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားသမဝါယမအသင်းမှ ဝါစိုက်တောင်သူ(၇၅)ဦး၏ ဝါစိုက်ပျိုးဧက ၂၁၀ အတွက် India နိုင်ငံ ထုတ် RAKA ဝါမျိုးစေ့များအား လည်းကောင်း၊  အမြဲတမ်းအတွင်းဝန်နှင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သွင်းအားစုများအားလည်းကောင်း အသင်းသားတောင်သူများ လက်ဝယ် အရောက်ပေးအပ်ကာ အသင်းသား တောင်သူများ၏ တင်ပြချက်များ၊ လိုအပ်ချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm