Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ်၊ ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား ဖွင့်လှစ်


25 Mar,2024

နေပြည်တော် မတ် ၂၅

          (၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဆင်းရဲ နွမ်းပါးမှုလျော့ချရေးလုပ်ငန်းများဟာ ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ်များစွာ အခြေခံနေတာကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုဟာ အဓိက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများ လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များအကြား ဖွံ့ဖြိုးမှုကွာဟချက်များကျဉ်းမြောင်းစေရေးတို့အတွက် ရည်မှန်းချက်များ၊  ကျေးလက် လမ်း၊တံတားဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယနေ့ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်သည့် "ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား" ဟာဆိုရင် တံတားအရှည် (၈၄၀)ပေ၊ တံတားအကျယ်(၂၀)ပေ၊ လူသွားလမ်း တစ်ဖက် တစ်ပေစီရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မ တပ်ဆင်အသုံးပြုထားတဲ့ တံတားအမျိုးအစား ဖြစ်ပါကြောင်း၊ တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် (၃၆)တန်အထိ ဖြတ်သန်း အသုံးပြုသွားနိုင်မှာဖြစ်ပါကြောင်း၊ ယခုလို စံချိန်စံညွှန်း နှင့်အညီ အဆင့်မြှင့်တင် တည်ဆောက် ထားသည့် ကျေးလက်လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများ အနေဖြင့့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူး တံတားကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တံတားဦးစီးဌာနသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပြီး တံတားဦးစီးဌာနအနေဖြင့် တံတားဆည်ဆောက်နိုင်ရန် စစ်တောင်းမြစ်၏ ပြောင်းလဲမှုအခြေအနေ အား လေ့လာ၍ ပဏာမကြိုတင်ဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်မှုနှင့် တံတားအူးကြောင်းများ ရွေးချယ်သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားတည်ဆောက်ရာတွင်လည်း သတ်မှတ်ထားသော စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျ ဆောင်ရွက်ခဲ့ပါကြောင်း၊ တံတားကြီးတည်ဆောက်နိုင်မှုကြောင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ အေးချမ်းသာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာ၊ ဆနွင်းအိုင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၄)ရွာနှင့် ကျေးလက်ဒေသနေ ပြည်သူများမှ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နေပြည်တော်၊ လယ်ဝေးမြို့၊ ပျဉ်းမနားမြို့နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ အချိန်မရွေး သွားလာ နိုင်မှာဖြစ်သည့်အပြင် ဒေသထွက်ကုန်စည်များ အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မှာဖြစ်ပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး အချိုးကျကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးဟာ အဓိကကျလျက်ရှိပါကြောင်း၊ ယခု ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နိုင်မှုကြောင့် လယ်ဝေးမြို့နယ် အတွင်းရှိ ပတ်ဝန်းကျင် ကျေးရွာ(၅)ရွာမှ အိမ်ခြေ(၁၅၀၅)အိမ်၊ လူဦးရေ (၆၇၂၇)ဦးကို တိုက်ရိုက် အကျိုးပြု နိုင်မှာဖြစ်သည့် အပြင် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက(၇၇၀၀)ကျော်မှ ထွက်ရှိသော ဒေသထွက်ကုန်၊ ထုတ်ကုန်များအား မြို့ပေါ် ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ပို့ဆောင် နိုင်မှာဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တံတားရေရှည် တည်တံ့ ခိုင်မြဲအောင် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားပါသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားပါသည်။

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတို့က ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသောဧည့်သည် တော်များ တံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပါသည်။

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က တံတားကမ္ပည်းမော်ကွန်းအား  စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည် များ ပက်ဖြန်းကာ တံတားအားဖြတ်သန်း ကြည့်ရှုကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ ရွှေဇေယျာသမဝါယမအသင်းနှင့် အောင်နိုင်သစ္စာကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်နေသော ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်  မြန်မာ- ကိုရီးယားအဆင်မြင့်ဆန်စက်သို့ ရောက်ရှိပြီး စပါးကြိတ်ခွဲ ဆောင်ရွက်နေမှု အခြေအနေများ၊ ထွက်ရှိလာသော ဆန်များတင်ပို့ရောင်းချနေမှု အခြေအနေများအားလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ သွားရောက်သို့ ရောက်ရှိပြီး ပျဉ်းမနားမြိုနယ် သမဝါယမအသင်းစုပိုင် စိုက်ပျိုးမြေများပေါ်တွင် ရုရှားသဘာဝ မြေဩဇာအသုံးပြု၍ အစေ့ထုတ်ပြောင်း GT-200 မျိုး စမ်းသပ်စိုက်ပျိုးထားရှိမှု၊ နွေစပါး၊ ဆီးထွက် သီးနှံဖြစ်သည့် နေကြာ၊ နှမ်းနှင့် ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသား တောင်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သီးနှံများအထွက်တိုး စေရေးအတွက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကြိုးစားဆောင်ရွက်ကြ ရန်လိုအပ်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm