Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ယာဝန်ဆောင်မှု၊ ပေါင်းစုလို့ လုပ်ကြမယ်……..


18 Mar,2024

ခန့်‌ဇော်(ကျေးလက်)

တောင်သူများရဲ့ အဓိကလိုအပ်ချက်များကို ကြည့်လျှင် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ သိုလှောင်ရောင်းချခြင်းဆိုတဲ့ Supply Chain  လုပ်ငန်းစဉ်များတစ်လျှောက် ပင်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ထွန်ယက်စိုက်ပျိုးခြင်းသည် မြေကို ပြင်ဆင်ခြင်း၊ ပေါင်းတွေ၊ မြက်တွေ မရှိအောင်၊ သမန်းညက်အောင် သီးနှံအလိုက် လိုအပ်သလို ထွန်ကြရပါတယ်။ ရှေးယခင် ခေတ်များက ကျွဲ၊ နွားများနှင့် ထွန်ယက်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ စက်မှုလယ်ယာခေတ် ဆီသို့ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာကြပြီဖြစ်လို့ ခေတ်မီလယ်ထွန်စက်များဖြင့် ထွန်ယက် နေပြီ ဖြစ်ပါတယ်။ ကွာခြားတာကတော့ တစ်နာရီ၊ တစ်ရက် စသည်ဖြင့် အချိန်တိုအတွင်း ဧကများစွာကို  ထွန်ယက်ပြီးစီးခြင်းစွမ်းအားပင် ဖြစ်ပါတယ်။ စက်နှင့်ထွန်ယက်ပါက တစ်ဆက် တည်း ဧကများစွာကို ရက်တိုတိုဖြင့် ထွန်ယက်နိုင်ပြီး ကျွဲ၊ နွားဖြင့်ထွန်ပါက ထွန်ယက်ပြီးစီးမှု နှေးပါတယ်။ ယနေ့ခေတ်တွင် ကျွဲ၊ နွားများလည်း ရှားပါးလာပြီဖြစ်ပါတယ်။ လယ်ယာလုပ်သူများ လည်းရှားပါးလာပါတယ်။ဒါဆိုရင်ထွန်ယက်ခြင်းအတွက် ဘာလိုအပ်သလဲဆိုတော့ လယ်ထွန်စက် တွေလိုလာပါတယ်။ လယ်ထွန်စက်တွေ ဘယ်ကရမလဲ။ ဘယ်သူတွေထုတ်လုပ်ရောင်းချလဲ။ ဘယ်ဌာနတွေက ထွန်ယက်ခြင်း ဝန်ဆောင်မှုပေးသလဲလို့ ဆန်းစစ်ကြည့်ရင် လယ်ထွန်စက် တွေကို ဂျပန်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယစတဲ့နိုင်ငံများမှာ ထုတ်လုပ်နေပါတယ်။ ပြည်တွင်း ကုမ္ပဏီများမှလည်း တင်သွင်းရောင်းချလျက်ရှိပါတယ်။ စက်မှုလယ်ယာဦးစီးဌာနကလည်း ဌာနမှာရှိတဲ့ စက်ပစ္စည်းများနဲ့ အငှားထွန်ယက်ပြီး နိုင်ငံတော်ကို ရငွေများ ပေးသွင်းနေတာ တွေ့ရပါတယ်။ သမဝါယမအသင်းများမှလည်း အသင်းပိုင်စက်ပစ္စည်းများဖြင့် ထွန်ယက်ခြင်း ဝန်ဆောင်မှု ပေးတာတွေလည်း တွေ့ရပါတယ်။ ပုဂ္ဂလိကတစ်ဦးချင်းစီမှာလည်း ကိုယ်ပိုင်စက်များ ဝယ်ယူဆောင်ရွက်နေတာ တွေ့ရပါတယ်………

          စက်မှုလယ်ယာခေတ်သို့ ပြောင်းလဲလာခြင်း၊ လယ်ယာလုပ်သားများ ရှားပါးလာခြင်း များကြောင့် လက်တွေ့ထွန်ယက်စိုက်ပျိုးနိုင်ရေး လယ်ထွန်စက်များ၊ ကောက်စိုက်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များမှာ လိုအပ်လျက်ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။ ပုဂ္ဂလိက ကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့မှလည်း သီးခြားစီ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ ယခုကာလမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာတာကို တွေ့ရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်း လယ်ယာဝန်ဆောင်မှု၊ သမဝါယမစနစ် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ကမ်းလှမ်းမှုရှိလာပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍမှလည်း ပူးပေါင်း ဆောင်ရွက်ရန် အသင့်ဖြစ်နေ၍ ပူးပေါင်းဆောင်ရွက်သွားရန် ချက်ချင်းတုန့်ပြန်ခဲ့ ပါတယ်။ သို့သော် ပုဂ္ဂလိက ကဏ္ဍကို ချန်လှပ်ထား၍မရပါ။ ဒါ့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပြီး ဌာန စက်၊ အသင်းစက်၊ ပုဂ္ဂလိက ရောင်းချမည့်စက်များဖြင့် ပြည်သူများသို့ အချိန်မီ ထွန်ယက်နိုင်ရန်နဲ့ သက်သာသော ဈေးနှုန်းဖြင့် ထွန်ယက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါ တယ်……

စိုက်ပျိုးရာမှာလည်း ယခင်ကာလတွေက စပါးအပါအဝင် သီးနှံတွေကို စိုက်ပျိုးရာမှာ လက်ဖြင့် ကြဲပက်စိုက်ပျိုးကြပါတယ်။ လူနဲ့လည်းစိုက်ကြပါတယ်။ ဒါပေမယ့် ကောက်စိုက်စက် တွေ ပေါ်လာပြီးနောက်ပိုင်းမှာတော့ စက်နဲ့ စိုက်ပျိုးလာကြပါတယ်။ ကွာခြားမှုတွေကတော့-

(က)   လက်နဲ့ကြဲပက်စိုက်ရင် ပင်ကြား၊ တန်းကြား မညီခြင်း၊ မျိုးဖိုးပိုမိုကုန်ကျခြင်း ကြောင့် အထွက်နှုန်းထိခိုက်နိုင်ခြင်း။

( ခ )   လူနှင့်စိုက်လျှင် ပင်ကြား၊ တန်းကြားညီပြီး အထွက်နှုန်းကောင်းမွန်စေသော်လည်း၊ ကောက်စိုက်သမများ ရှားပါးလာခြင်းကြောင့် အချိန်ကုန်ခြင်းနှင့် ဈေးနှုန်းကြီးမားခြင်း။

( ဂ )  စက်နှင့်စိုက်ပါက ပင်ကြား၊တန်းကြားညီခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် အထွက်နှုန်း ကောင်းမွန်ခြင်း၊ မျိုးစေ့ဖိုးသက်သာခြင်း သို့သော်လည်း စိုက်စက်မှာ ဈေးကြီး၍ တစ်ဦးချင်း မဝယ်နိုင်ခြင်း။

(ဃ)   စိုက်စက် အစား ဈေးသက်သာပြီး ကြဲပက်ခြင်းထက် ပိုကောင်းမွန်ပြီး မြန်မြန် ဆန်ဆန် ဆောင်ရွက်နိုင်သော အစေ့ချစက်များ တီထွင်အသုံးပြုလာတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် တိုက်ရိုက်အစေ့ချစက်နှင့် ကောက်စိုက်စက်များကိုလည်း ဝန်ဆောင်မှုပေးနေ ကြပြီး အရေးကြီးကြောင်း တင်ပြလိုပါတယ်…….

မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေအများစုမှာ တစ်သီးသာ စိုက်ပျိုးနိုင်ပြီး ဆည်ရေသောက် ဧရိယာ ဖြင့် (၂)သီး (၃)သီး စိုက်ပျိုးနိုင်မှုဧရိယာ အလွန်နည်းပါတယ်။ သို့သော် စပါးပြီးလျှင် အစိုဓာတ် ဖြင့် ပဲတီစိမ်း၊ မတ်ပဲစသည့် ပဲစိုက်ပျိုးခြင်းကိုလည်း ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်တို့မှာ အဓိကအားဖြင့် စိုက်ပျိုးကြတာတွေ့ရပြီး ဈေးကွက်လည်း သေချာပါတယ်။ တောင်သူများ စိုက်ပျိုးကြပါတယ်။ ဒါ့ကြောင့် စပါးကို အချိန်မီ မြန်မြန်ဆန်ဆန် ရိတ်သိမ်းရန် အရေးကြီး ပါတယ်။ ဒါမှ နောက်တစ်သီးဖြစ်တဲ့ ပဲစိုက်ရန် အစိုဓာတ်နဲ့ အချိန်ကာလမိမှာ ဖြစ်ပါတယ်။ အစို ဓာတ်ဖြင့် စိုက်ပျိုးပြီး ရေလိုအပ်ချက် အနည်းဆုံးဖြစ်တဲ့ ပဲသီးနှံစိုက်ပျိုးခြင်းက သီးထွက် စွမ်းအားမြင့်မားရန်နှင့် နိုင်ငံခြားဝင်‌ငွေ၊ တောင်သူများဝင်ငွေရရန် အဓိကဖြစ်တာ တွေ့ရပါတယ်။ မြန်မြန်ရိတ်သိမ်းခြင်းဟာ အဓိကသော့ချက်ဖြစ်တဲ့အတွက် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြု ခြင်း၊ ရိတ်သိမ်းခြွေလှေ့စက် ဝန်ဆောင်မှုပေးခြင်းဟာ အဓိကဖြစ်လာပါတယ်။ ဒါ့ကြောင့် လယ်ထွန်စက်များ၊ ကောက်စိုက်စက်များနှင့် ရိတ်သိမ်းခြွေလှေ့စက်များစသည့် လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများဟာ မရှိမဖြစ် အရေးကြီးပါတယ်………

ရိတ်သိမ်းချိန်မှာလည်း ရိတ်သိမ်းခြွေလှေ့စက်တွေက မရှိမဖြစ် လိုအပ်လာပါတယ်။ Post Harvest Technology ပေါ့။ ရိတ်သိမ်းခြွေလှေ့ရာမှာ သမရိုးကျ လူနှင့် ရိတ်သိမ်းလျှင် အဆင့်ဆင့် ဆောင်ရွက်ရသည်များကြောင့် လေလွင့်ဆုံးရှုံးမှုအလွန်များပါတယ်။ အထွက်တိုးအောင် မလုပ်နိုင် ရင်တောင် ထွက်ပြီးသီးနှံများ မလေလွင့်အောင်တော့ တောင်သူများကို ပညာပေးရပါမယ်။ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရိတ်သိမ်းပြီးနောက် သီးနှံများမပျက်စီး မဆုံးရှုံးအောင် ဆောင်ရွက်ခြင်းမှာ တနည်းအားဖြင့် စားနပ်ရိက္ခာများကို ပိုမိုတိုးတက်အောင် ထုတ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။စပါးအတွက်ဆိုလျှင် Combine Harvester ရိတ်သိမ်း ခြွေလှေ့စက် လိုအပ်ပါတယ်။ ဈေးကတော့ ကြီးပါတယ်။ သိန်း (၁,၀၀၀)ဝန်းကျင်ခန့် ရှိပါတယ်။ ရိတ်သိမ်းခြွေလှေ့စက်ရဲ့ စွမ်းဆောင်ရည်မြင့်လျှင် မြင့်သလို ဧကများစွာ  ရိတ်သိမ်းနိုင်ပါတယ်။ တောင်သူကြီးများအနေဖြင့် ဝယ်ယူနိုင်ရန် အလှမ်းဝေး နေပါတယ်။ ဒါ့ကြောင့် ရိတ်သိမ်းခြင်း ဝန်ဆောင်မှုလုပ်မည့် ကုမ္ပဏီ များ၊ သမဝါယမအသင်းများ၊ ဌာနဆိုင်ရာများ၊ အစုအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါတယ်။ တစ်ဦးတည်း မဝယ်နိုင်လျင် စုပေါင်းဝယ်ယူခြင်း၊ အသင်းတစ်သင်းတည်း မဝယ်နိုင် လျင် အသင်းများ စုပေါင်းဝယ်ယူခြင်းစသည်ဖြင့် တစ်ဦးချင်းနှင့် အစုအဖွဲ့များ ဝယ်နိုင်အောင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ညှိနှိုင်းပေါင်းစပ်ပြီး JICA Two Step Loan နှင့် ချိတ်ဆက်ပေးခြင်းဖြင့် ဝယ်ယူနိုင်ခြင်း၊ ဝန်ဆောင်မှုပေးနိုင်ခြင်းများကို ဆောင်ရွက်နိုင်ပြီး အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်-

(က)   အချိန်မီရိတ်သိမ်းနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း။

( ခ )   သီးနှံများပျက်စီးဆုံးရှုံးမှုလျော့နည်းပြီး အလေအလွင့်နည်းပါးခြင်း။

( ဂ )  အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တွင် ဈေးကောင်းရရှိခြင်း။

(ဃ)   နောက်ထပ်သီးနှံစိုက်ပျိုးရန် မြေပြင်ဆင်နိုင်ပြီး အစိုဓါတ်ဖြင့် ဒုတိယသီးနှံ စိုက်ပျိုးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်…….

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးတွင် ဖွဲ့စည်းထားသော သမဝါယမအသင်းများအနေဖြင့် လည်း လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုပေးသည့်လုပ်ငန်းစတင်သည်မှစ၍ ယနေ့အချိန် ထိ ရိတ်သိမ်းခြွေလှေ့စက် (၅၀)စီး၊ ထွန်စက်ကြီး (၄၅၂)စီး၊ စုစုပေါင်း (၅၀၂)စီးဖြင့် ထွန်ယက်ဧက (၁၃၇၆၈၆.၄၄)ဧကနှင့် ရိတ်/ခြွေဧက (၂၇၃၇၅.၀၃)ဧကတို့အား ပြည်နယ်/ တိုင်းဒေသကြီးအသီး သီးရှိ  မြို့နယ်ပေါင်း (၁၃၂)မြို့နယ်တွင် သမဝါယမအသင်း (၁၁၃)သင်းမှ လယ်ယာဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တောင်သူများ စုပေါင်းထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက်လည်း ဝန်ကြီးဌာန (၃)ခုဖြစ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သမဝါယမလယ်ယာဝန်ဆောင်မှုသရုပ်ပြရှင်းလင်းပွဲ အခမ်းအနား၌ ထွန်စက်ကြီး (၁၄)စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် (၅)စီးတို့ကို အသင်းသား/ တောင်သူများသို့ JICA Two Step Loan အစီအစဉ်ဖြင့် ချိတ်ဆက်ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တောင်သူများမှလည်း ကုမ္ပဏီတိုက်ရိုက်ဝယ်ယူခြင်းဖြင့် ထွန်စက်ကြီး (၅)စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် (၄)စီးတို့အား ဝယ်ယူနိုင်ခဲ့တာ တွေ့ရပြီး သက်ဆိုင်ရာဌာနများနှင့် တောင်သူများ၏ စုပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ဖြစ်ပါတယ်………

          သို့သော် တစ်ဦးချင်းအနေဖြင့် ဝယ်ယူနိုင်ရန် အခက်အခဲရှိခြင်း၊ ပုဂ္ဂလိကချေးငွေဖြင့် ဝယ်ယူမည်ဆိုပါကလည်း အတိုးနှုန်းကြီးမားခြင်း၊ လက်ငင်းငွေပေးချေနိုင်မှု မရှိခြင်းစသည့် ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများက ရှိနေပြန်ပါတယ်။ ဒီအခက်အခဲကို ကျော်လွှားဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်နေ သော JICA Two Step Loan နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အစုအဖွဲ့ပုံစံကို သမဝါယမဦးစီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များက တာဝန်ယူ ဖွဲ့စည်းပေးခြင်းစသော လိုအပ်သည့် Cooperate Guarantee ပေးခြင်းများ ပူးပေါင်းဆောင်ရွက် ပေးနိုင်ပါတယ်………

          ဒီလိုလယ်ယာသုံးစက်ပစ္စည်းများကို တောင်သူများ ဝယ်ယူအသုံးပြုနိုင်အောင်ဆောင်ရွက် ပေးခြင်းကြောင့် မျက်မှောက်ကာလတွင် မြေယာပြုပြင်ထွန်ယက်အသုံးပြုနိုင်သည့် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များမှာ တောင်သူများလက်ဝယ်တွင် ကျယ်ပြန့်စွာ သုံးစွဲလာကြသည်ကို တွေ့ရှိရသော်လည်း လက်တွေ့လုပ်ငန်းခွင်၌ လယ်ယာသုံး စက်ကိရိယာ များစက်စွမ်းအားပြည့်၊ သက်တမ်းပြည့်မှန်ကန်စွာ အသုံးပြုနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ နည်းစနစ်တကျမောင်းနှင် ပြင်ဆင်ထိန်းသိမ်းတတ်စေရေး   လိုအပ်လျှက်ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ပုဂ္ဂလိကကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများမှ ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက် ရှိပါတယ်……….

လယ်ယာကဏ္ဍနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေဆိုင်ရာ အကြောင်းအရာများ

            မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်လည်း တောင်သူတစ်ဦးချင်းနှင့် တောင်သူအစု အဖွဲ့များသို့ လယ်ယာသုံးစက်ပစ္စည်းများအား ဘဏ်၏ စံသတ်မှတ်ချက်များအတိုင်း ချေးငွေများ ထုတ်ပေးလျက်ရှိပါတယ်။ ချေးငွေကာလအနေဖြင့် (၁)နှစ်မှ (၅)နှစ်အထိ ကန့်သတ်ထားပြီး လက်တွန်းထွန်စက်ကဲ့သို့ စက်ကိရိယာများကို (၃)နှစ်၊ ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်များအနေဖြင့် (၅)နှစ်အထိ ကန့်သတ်ထားပါတယ်။ အတိုးနှုန်းအနေဖြင့် နှစ်စဉ်တိုး (၅.၀%) ဖြစ်ပါတယ်။ ချေးငွေပမာဏအနေဖြင့် တောင်သူတစ်ဦးချင်းကို ကျပ်သန်း (၇၀) အထိနှင့် တောင်သူအစုအဖွဲ့ကို ကျပ်သန်း(၅၀၀)အထိ ချေးငွေရယူနိုင်ပါတယ်။ ပြန်လည် ပေးဆပ်ခြင်းအား နှစ်စဉ်အရင်းပြန်ဆပ်ရန်နှင့် အတိုးမှာ နှစ်ချုပ်ပိတ်ချိန်(၁)ကြိမ်နှင့် အချိန်စေ့ အရင်းပြန်ဆပ်ချိန်တွင် (၁)ကြိမ် ပေးဆပ်ရမှာဖြစ်ပါတယ်……….

            ချေးငွေကို လယ်ယာသုံးစက်ကိရိယာများဖြစ်တဲ့ ရေစုပ်စက်၊ ခြွေလှေ့စက်၊ လက်တွန်း ထွန်စက်၊ လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် ကောက်စိုက်စက်တို့အား လယ်ယာ လုပ်ငန်းခွင်များ၌ ဝယ်ယူအသုံးပြုနိုင်ရန်နှင့် လယ်ယာစီးပွားရေးနှင့် ဆက်စပ်သော လုပ်ငန်းများ မတည်လုပ်ကိုင်ရန် ဆန်စက်၊ ဆီစက်၊ စားသောက်ကုန် ထုတ်လုပ်သည့်စက်၊ ဂိုဒေါင်၊ စက်ရုံ ဆောက်လုပ်ခြင်း၊ ထရပ်ကားစသည့်တို့တွင် ရင်းနှီးလုပ်ကိုင်နိုင်ရန်တို့ဖြစ်ပါတယ်။ ချေးငွေချေးယူ ရာတွင်လည်း သတ်မှတ်ချက်(၅)ခုရှိပါတယ်-

            (၁)  ချေးငွေ၏ ၃၀ ရာခိုင်နှုန်းကို ဘဏ်တွင် စုဆောင်းအပ်နှံရန်၊

            (၂)   ချေးငွေဖြင့် ဝယ်ယူသော စက်ပစ္စည်း၊

            (၃)  အာမခံ လူပုဂ္ဂိုလ်(၂)ဦး

            (၄)  မြေယာအသုံးချခွင့် (ပုံစံ-၇)

            (၅)  ပုံသေရပိုင်ခွင့်များ၊ (ချေးယူသူ၏ ကြွေးဆပ်နိုင်အား နည်းမှသာ အသုံးပြုရန်)

          အကယ်၍ ချေးငွေအာမခံ (CGI)သည် ချေးငွေပမာဏကို ကာမိပါက အပေါင်ပစ္စည်း လိုအပ်ချက်ကို မြန့်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လျော့ပေါ့စဉ်းစားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ချေးငွေရရှိရန် စောင့်ဆိုင်းရသည့် ကာလအပိုင်းအခြားအနေဖြင့် ချေးငွေလျှောက်လွှာတင်ပြချက် များ ပြည့်စုံမှုအပေါ်မူတည်ပြီး အဆိုပြုသည့်နေ့မှစ၍ ရက်သတ္တပတ် (၃)ပတ်မှ (၈)ပတ်အထိ ကြာနိုင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ လယ်ယာဖွံ့ဖြိုးရေးဘဏ်များ၌ ချေးငွေများအား ချေးယူ ရရှိနိုင်ကြောင်း လေ့လာသိရှိရပါတယ်…….

အကျိုးကျေးဇူး

          ဒီလို လယ်ယာဝန်ဆောင်မှုလုပ်ငန်းကို သမဝါယမအသင်းများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့-

၁။      ငွေကြေးအရင်းအနှီးလိုအပ်မှုကို လယ်ယာစိုက်ပျိုးရေးဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ပြီး အတိုးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ခြင်း။

၂။      အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ပြီး သက်သာသောနှုန်းဖြင့် ထွန်ယက်စိုက်ပျိုး ပေးသဖြင့် ထွန်ယက် စရိတ်သက်သာခြင်း၊ အချိန်မီပြီးစီးခြင်း။

၃။      ဝန်ကြီးဌာန(၃)ခုနှင့် ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ ပေါင်းစပ် ဆောင်ရွက်မှုကြောင့် စိုက်ပျိုးရေ ရရှိရေး အပါအဝင် နည်းပညာသင်တန်းများ ရရှိခြင်း။

၄။      ပုဂ္ဂလိကမှ စက်ပစ္စည်းရောင်းချမှုတွင် သေချာမှုရှိခြင်း၊ လယ်ယာစိုက်ပျိုးရေးဘဏ်မှ JICA Two Step Loan ဖြင့် စက်ပစ္စည်းများ ရောင်းချရာတွင် ပူးပေါင်း ဆောင်ရွက် မှုကြောင့် ချေးငွေပိုမိုထုတ်ချေးလည်ပတ်နိုင်ခြင်း။

၅။      ချေးငွေပြန်လည်တောင်းခံရာတွင် ဌာနများ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဆုံးရှုံး နိုင်မှု နည်းပါးခြင်း။

၆။      လိုအပ်သော စက်များ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ခြင်း၊ ဌာနများ Back up / အသင်းများ Back up ရှိနေ၍ တောင်သူများအတွက် အကာအကွယ်ဖြစ်ခြင်းနှင့် After Sale Service နှင့် Spare Part အတွက် သေချာမှုရှိခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိစေပါတယ်……….

ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းအပြင် ဆောင်ရွက်ပေးရန်လိုအပ်နေသေးတဲ့ ဝန်ဆောင်မှုများကတော့ အောက်ပါအတိုင်းဖြစ်၍ အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူများ ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပြီး အစိုးရနဲ့ ပုဂ္ဂလိကမှ ဝန်ဆောင်မှုပေးရမှာ ဖြစ်ပါတယ်-

(က)   မြေဆီလွှာအရည်အသွေးကို စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်တဲ့ အဟာရ မြေဩဇာ အမျိုးအစားနဲ့ အချိုးအစား ထည့်ရန်များကို ဝန်ဆောင်မှုပေးခြင်း၊ အသိပညာ ပေးခြင်း။

( ခ )   အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရရှိရေး အရည်အသွေး ကောင်းမွန်သော သွင်းအားစုများ အချိန်မီရရှိရေး ဝန်ဆောင်မှုပေးခြင်း၊ အသိပညာ ပေးခြင်း။

( ဂ )  ပိုးမွှားနှင့် ရောဂါထိန်းချုပ်ရေး အသိပညာပေးခြင်း။

(ဃ)   မိုးလေဝသအခြေအနေ၊ ခန့်မှန်းချက်များကို အချိန်နှင့် တစ်ပြေးညီ တောင်သူများ သိရှိနိုင်ရန် သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ မိုးလေဝသ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသည့် သီးနှံစိုက်ပျိုးမည့် အစီအမံများ အကြံဉာဏ်ပေး ခြင်း၊ အသိပညာပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း။

( င )   ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးနိုင်ခြေများ လျော့ပါးရေး အတွက် သီးနှံအာမခံစနစ်များ ဝန်ဆောင်မှုပေးခြင်း။

( စ )  ဈေးကွက်သတင်းအချက်အလက်များ လက်လှမ်းမီအောင် ဆောင်ရွက်ပေးခြင်းနှင့် ချိတ်ဆက်ပေးခြင်း။

(ဆ)   တောင်သူပညာပေးနှင့် လေ့ကျင့်ရေးတို့ကို တိုးချဲ့ဆောင်ရွက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် စီမံခြင်း။

          မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံရဲ့လူဦးရေ(၇၀) ရာခိုင်နှုန်းခန့်ဟာ ကျေးလက်နေပြည်သူများဖြစ်ကာ စိုက်ပျိုးရေးလုပ်ကိုင်သူများမှာလည်း ကျေးလက်နေပြည်သူများဖြစ်တာမို့ လိုအပ်သည့် လယ်ယာဝန်ဆောင်မှုများကို သက်ဆိုင်သူ အားလုံး ပေါင်းစုကာ ဝန်ဆောင်မှုပေးကြပါစို့………….


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm