Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းစုံတောအလယ်မှာ ဂုဏ်ဝင့်ထည်နေသော ယွန်းပညာကောလိပ်(ပုဂံ)


11 Mar,2024

မြင့်စိုး(နတလ)

အားလုံးရဲ့ပုဂံ

  1. ဤနေရာဤဒေသကို တစ်ခေါက်တစ်ခါမက ကျွန်တော်ရောက်ဖူးခဲ့သည်။
  2. ရောက်တိုင်းလည်း စိတ်မှာကြည်နူးချမ်းမြေ့မှုများ အနမတဂ္ဂ ခံစားခဲ့ရသည်။
  3. ထို့ပြင်တဝ ဤနေရာတွင် တမာရနံ့ထနောင်းရနံ့များကို ရှူရှိုက်ရင်း သတိရ ခြင်း၊ လွမ်းဆွတ်တသခြင်း ဝေဒနာများကိုလည်း ထွေးပွေ့ခဲ့ရသည်။(ကျွန်တော် ၏ ချစ်၍လွမ်းခဲ့သည် စာအုပ်ထဲကအပိုင်းအစများ)
  4. ဆရာမြသန်းစံ ရေးဖွဲ့သီကုံးထားသော “မဟာ” သီချင်းထဲက တေးစာသား တစ်ချို့ကို ခဏငှားသုံးရလျှင် ဤနေရာသည်ကား……… အားလုံးရဲ့ပုဂံ။
  5. ဤမည်သောပုဂံ၊ ထိုထိုအနှီသောပုဂံကို ပန်းစုံတောဟု ကျွန်တော်က ဝိဂြိုဟ်ပြု လိုက်ပါသည်။ အကြောင်းမှာ ကျွန်တော်တို့ ငယ်စဉ်ကပင် ရေရွတ်မှတ်သားခဲ့ ဖူးသော ဘုရားမတင်၊ နတ်မဝင် လူတွင်ပန်းဆယ်မျိုး (ပန်းပဲ၊ ပန်းတိမ်၊ ပဲတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း) ဆိုသည့် အတိုင်း ရိုးရာယဉ်ကျေးမှု အနုလက်ရာများဖြင့် ပုဂံဒေသတစ်ခုလုံးကို ထုံမွမ်း ရက်ရှယ်ထား၍ပါတည်း။

ပုဂံဝန်ထောက်မင်း ဦးတင်နှင့် ဆရာကြီး ဦးစိန်

          ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကရောက်ခဲ့သော ပုဂံခရီးစဉ်ကမူ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်သော ယွန်းပညာကောလိပ် (ပုဂံ) ၏ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် မော်ကွန်း ကျောက်စာတိုင် စိုက်ထူပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးကိုယ်စား တက်ရောက်ရန်အတွက် ဖြစ်ပါသည်။ ယွန်းပညာကောလိပ်အကြောင်းကို ပြောလျှင် ယွန်း ပညာမျိုးစေ့ကို စတင်သန္ဓေတည်ပေးခဲ့သူ ပုဂံဝန်ထောက်မင်း ဦးတင်နှင့် အမွေဆက်ခံသူ ဆရာကြီး ဦးစိန်တို့ကို ချန်လှပ်ထား၍ မရတော့ပေ။

          ပုဂံဝန်ထောက်မင်း ဦးတင်ဟု နာမမည်ခေါ် အကျော်အမော်ဖြစ်လာမည့် ငယ်နာမည် မောင်မောင်တင်ကို အဖ ဝမ်းတွင်းမြို့ဝန် စာဆိုတော်၊ မဟာမင်းလှသင်္ခယာဘွဲ့ခံ ဦးမောင်၊ အမိ ဒေါ်စောတို့မှ သက္ကရာဇ် ၁၂၂၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်နေ့တွင် မန္တလေးမြို့ ရွှေနန်းတော်အနောက်ဘက် ရန်နှည်တံခါး လမ်းမတော်ကြီးရှိ စကြာအိမ်တွင် ဖွားမြင်ကြောင်း၊ အသက် ၉ နှစ်အရွယ်၌ အမရပူရမြို့ဘုံကျော်တိုက် ဆရာတော်ဘုရားကြီး ထံတွင် ပညာရင်နို့ သောက်စို့ခဲ့ကြောင်း၊ အသက် ၁၃ နှစ်အရွယ်မှာပင် ကင်းဝန်မင်းကြီး ရေးသားသော အဋသံခေပ ဓမ္မသတ်လင်္ကာ ၇၂ ပုဒ်ကို နှုတ်တက်အာဂုံဆောင်နိုင်ရုံမျှမက အထွက် အတက်နှင့် အနက်အဓိပ္ပါယ်ကိုပါ ကျနသေချာစွာ ဆရာတော်ဘုရားကြီး သင်ကြား ထားသည့်နည်းအတိုင်း ကင်းဝန်မင်းကြီးရှေ့၌ ပြန်ဆိုဖြေကြားပြနိုင်သဖြင့် ကင်းဝန်မင်းကြီး ၏ ချီးကျူးဩဘာ ထောပနာပြုခြင်းခံရသည်မှအစပြု၍ ထင်ရှားကျော်ကြားလာခဲ့ကြောင်း လေ့လာသိရှိရသည်။ ထိုမှ သီပေါမင်းလက်ထက် အသက် ၁၉ နှစ်အရွယ် သက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် နော်ရထာကျော်ထင်ဘွဲ့ကို ရရှိခဲ့ပြီး အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးချိန် အသက် ၂၃ နှစ်မှ စ၍ မန္တလေးလွှတ်တော်တွင် အမှုထမ်းရသည်။ အသက် ၂၇ နှစ်မှ ၃၃ နှစ်ထိ မြန်မာနိုင်ငံ စာပြန်တော်ဌာနနှင့် ကျောက်စာဌာနများတွင် တာဝန်ထမ်းဆောင်ပြီး ပုဂံမြို့အုပ် ဖြစ်လာခဲ့ သည်။ ထိုမှ အသက် ၄၄ နှစ်တွင် နယ်ပိုင်ဖြစ်ပြီး ဒေလီမြို့သို့ သွားရောက်ခဲ့သည်။ အင်္ဂလိပ် အစိုးရက အသက် ၆၃ နှစ်တွင် အငြိမ်းစားလစာရိက္ခာ ပေးခဲ့သော်ငြားလည်း စာပေဝါသနာ ကြောင့် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဆရာအဖြစ် (၁) နှစ် တာဝန်ထမ်းဆောင်ခဲ့သေး ကြောင်း၊ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ဦးတင်အား အသက် ၇၁ နှစ်အရွယ် ၁၂၉၄ ခုနှစ် တွင် မဟာဝိဇ္ဇာ (M.A) ဘွဲ့ချီးမြှင့်ခဲ့ကြောင်းနှင့် ၁၂၉၅ ခုနှစ် ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ ၌ ရန်ကုန်မြို့ အရှေ့ပိုင်းကရိလမ်း (ယခုဗိုလ်မြတ်ထွန်းလမ်း) နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

          ပုဂံဝန်ထောက်မင်း ဦးတင် ပြုစုရေးသားခဲ့သော ကျမ်းပေါင်းများစွာ၊ စာတမ်းပေါင်း များစွာ၊ ပြန်တမ်းပေါင်းများစွာ၊ အတ္ထုပတ္တိပေါင်းများစွာ ရှိခဲ့ကြောင်းနှင့် ကဗျာ ဗန္ဓသာရ ကျမ်း၊ တကညုတကတဒေဝီစာတမ်း၊ ကျောက်စာဝန်တော် စိန်ခို အတ္ထုပတ္တိ၊ ပုဂံအတ္ထုပတ္တိ အကျယ်၊ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများဆက်ဆံပုံ၊ မြန်မာမင်းအုပ်ချုပ်ပုံနှင့် ဘိုးတော် ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်ပြန်တမ်းကြီး၊ ပုဂံနယ်အတွင်းရှိ ဘုရားများ အကြောင်း၊ မြန်မာစာအသက်ဆက်စာတမ်း၊ သံချက်နည်းအတ္ထုပတ္တိ၊ ယွန်းထည်လုပ်နည်း အတ္ထုပတ္တိတို့လည်း ပါဝင်ကြောင်း သိရသည်။ ပုဂံဝန်ထောက်မင်း ဦးတင်၏ အကြောင်းကို ကျွန်တော် ဤမျှလောက်နိဒါန်းပျိုးနေရခြင်းမှာ ဦးတင်သည် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ယွန်းထည်လုပ်နည်းအတ္ထုပတ္တိကို ရေးသားပြုစုခဲ့သလို ပုဂံခေတ် ၁၂ ရာစု ဝန်းကျင် ကတည်းက စတင်လာခဲ့သည့် ယွန်းထည်လုပ်ငန်းသည် ၁၄ ရာစုနှစ်လောက်တွင် ပိုမို ကျယ်ပြန့်လာပြီးနောက် ဆက်လက်ထွန်းကား ပြန့်ပွားရေးအတွက် ပုဂံဝန်ထောက်မင်း ဦးတင်က ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်ပါသည်။ ပုဂံဝန်ထောက်မင်း ဦးတင်သည် ပုဂံဒေသရှိ ဒေသခံယွန်းထည်လုပ်ငန်း ပညာရှင်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ကာ ကိုယ့်အားကိုယ်ကိုး ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

          ဆရာကြီး ဦးစိန်ကိုမူ အဘဦးမူ (ATN) ပခုက္ကူ မြူနီစပယ်ဝန်ထောက်နှင့် အမိဒေါ်ရှင် တို့မှ သက္ကရာဇ် ၁၂၅၆ ခုနှစ် (၁၈၉၄)တွင် စလေမြို့၌ မွေးဖွားခဲ့ကြောင်း၊ အင်းစိန် GTI စက်မှုသင်တန်းကျောင်းဆင်း ဖြစ်ကြောင်း၊ ပခုက္ကူတွင် လမ်းဝန်ထောက် လုပ်ကိုင်နေစဉ် အင်္ဂလိပ်အစိုးရက ၁၉၂၄ ခုနှစ်တွင် ပုဂံယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်း အသစ် ဖွင့်လှစ်ရာ၌ ကျောင်းအုပ်ကြီးအဖြစ် တိုက်ရိုက်ပြောင်းရွှေ့ခန့်ထားခဲ့သည်ဟု ဆိုကြောင်း၊ ဆရာကြီး၏ ဇနီးမှာ ဒေါ်မေယုဖြစ်ပြီး သားသမီးမထွန်းကားသောကြောင့် ပုဂံမြို့မှ ဒေါ်ဝါပွင့်၏သား ဦးသန်းအောင်ကို မွေးစားခဲ့ကြောင်း သိရသည်။ ဆရာကြီး ဦးစိန်သည် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်း၏ ပထမဦးဆုံးသော ကျောင်းအုပ်ကြီး ဖြစ်သကဲ့သို့ ကျောင်းသို့ လာရောက်လေ့လာကြသော နိုင်ငံခြားသားဧည့်သည်များကို ယွန်းသမိုင်းကြောင်း နှင့် ယွန်းထည်ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို အင်္ဂလိပ်လို ပိုင်နိုင်စွာ ရှင်းလင်းပြောကြားနိုင် သဖြင့် နယ်မြေအာဏာပိုင်များက ပုဂံသို့ရောက်ရှိလာသည့် နိုင်ငံခြားအထူးဧည့်သည်များ၊ သံတမန်များအား ပုဂံဘုရားပုထိုးများအကြောင်းကိုပါ လိုက်ပါရှင်းလင်းပြသပေးရန် တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောင်းဝင်းထဲက သစ္စာရှင်ပေါ်တော်မူဘုရား

          ဆရာကြီး ဦးစိန်နှင့်ပတ်သက်၍ အထူးအမှတ်ရစရာ အကြောင်းချင်းရာတစ်ခုမှာ ဆရာကြီး ဦးစိန်သည် မိမိကျောင်းအုပ်နေအိမ်တွင် အိပ်စက်နေစဉ် တစ်ည၌ အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်တစ်ဦးက ကျောင်းအဆောက် အဦ အရှေ့ဘက်သို့ လက်ညှိုးညွှန်၍ “ ဦးစိန်…. ကျောင်းနှင့်မျက်နှာချင်းဆိုင်လောက်မှာ တောင်ကမူလေးတစ်ခု ရှိတယ်။ ကမူကို ဖြိုလိုက်ရင် ဘုရားငုတ်တိုတစ်ဆူ ပေါ်လာလိမ့်မယ်။ အဲဒီဘုရားငုတ်တိုကို ပြုပြင်ပူဇော်ပါလေ” ဟု ဦးစိန်၏ အနားသို့ကပ်၍ ပြောလိုက်သလို ကြားလိုက်ရကြောင်း၊ မနက်မိုးလင်းချိန်၌ ဇနီးဖြစ်သူ ဒေါ်မေယုအား ပြန်လည်ပြောပြရာ ဒေါ်မေယုကလည်း တိုက်တိုက်ဆိုင်ဆိုင် ထိုကဲ့သို့အိပ်မက်ကို ညကမက်ခဲ့ကြောင်း ပြောသ ဖြင့် ထူးခြားနေသောကြောင့် ဆရာကြီး ဦးစိန်သည် ကျောင်းမှ ဆရာများ၊ ဝန်ထမ်းများ၏ အကူအညီဖြင့် ၎င်းမြေကမူကို ရှာဖွေပြီး ခြုံတွေရှင်းလင်း၍ တူးဖော်ကြည့်ရာ အိပ်မက်ထဲက အတိုင်းပင် ဘုရားငုတ်တိုတစ်ဆူနှင့် လိုင်အတွင်း ကျိုးပဲ့နေသော ဆင်းတုတော်အချို့ကို တွေ့မြင်ခဲ့ကြ ကြောင်း၊ ဆင်းတုတော်တစ်ဆူ၏ လက်မောင်း၌ ပျဉ်ပြားမင်း၏ ကုသိုလ်တော် သစ္စာရှင်ဘွဲ့ အမည်ရဘုရားဟု ရေးထွင်းထားကြောင်း၊ ထိုမှဘုရားကို ဝိုင်းဝန်းပြုပြင်ကာ စာလိပ်နှင့် ကျန် ဌာပနာပစ္စည်းအားလုံး ဌာပနာသွင်းလှူပူဇော်ပြီးနောက် ဘုရားဘွဲ့ကိုလည်း ရှေးမူမပျက်အတိုင်းပင် သစ္စာရှင်ဘုရားဟု ဘွဲ့မည်နာမခေါ်တွင်ခဲ့ကြကြောင်းတို့အား ဆရာကြီး၏ဇနီး ဒေါ်မေယု၏ တူမတော်စပ်သူ ပခုက္ကူမြို့ ပန်းပဲတိုက်နေ ကျောင်းဆရာမ ဒေါ်အေးထံမှ ကြားသိခဲ့ရသည်ဟု လေ့လာမှတ်သားရပါသည်။ ဆရာကြီး ဦးစိန်သည် ၁၃၂၈ ခုနှစ်၊ အသက် ၇၂ နှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အဆင့်ဆင့်ပြောင်းလဲလာပုံနှင့် ကျောင်းအုပ်ကြီးများ

          ၁၉၂၄ ခုနှစ် အစိုးရယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ချိန်၌ သင်တန်းကာလမှာ (၃) နှစ် ဖြစ်သည်။ ၁၉၆၀ ခုနှစ် မတ်လတွင် သင်တန်းကာလကို (၃) နှစ် မှ (၁) နှစ် သင်တန်းအဖြစ် နိုင်ငံတော်အစိုးရက ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ် တွင် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို မြန်မာ့ယွန်းသိပ္ပံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ ပါသည်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာ့ယွန်းသိပ္ပံအဆင့်မှ ယွန်းပညာ ကောလိပ်အဆင့်သို့ တိုးမြှင့်၍ အောက်ပါရည်ရွယ်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားခဲ့ ပါသည် -

(က)   မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာများ မတိမ်ကော မပပျောက်စေရေး အတွက် ထိန်းသိမ်းရန်၊

(ခ)     မြန်မာ့ရိုးရာယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များ ဖြင့် တိုးတက်တီထွင်ပြီး ရရှိသည့်နည်းပညာများကို ဖြန့်ဖြူးပေးရန်၊

(ဂ)    ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ် ပျိုးထောင်ပေးရန်၊

(ဃ)   ယွန်းထည်လုပ်ငန်းအတတ်ပညာ သင်ကြားရေးကို ပညာသင်ကြားမှုနည်းလမ်း များနှင့်အညီ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(င)     စီးပွားရေးပညာတတ်ကျွမ်းနားလည်သော ယွန်းအတတ်ပညာရှင်များ ပေါ်ထွန်း လာစေရန်၊

          အစိုးရယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်း ဘဝက ဆရာကြီး ဦးစိန်၏နောက် ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သွားသူများမှာ ဆရာကြီး ဦးတင်အေး (၁၉၅၆-၁၉၇၅)၊ ဆရာကြီးဦးတင်ငွေ (၁၉၇၅-၁၉၈၂)၊ ဆရာကြီး ဦးသောင်းထွန်း (၁၉၈၂-၁၉၈၇)၊ ဆရာကြီး ဦးခင်ထွန်း (၁၉၈၇-၁၉၈၉)၊ ဆရာကြီး ဦးသောင်းကြည် (၁၉၈၉-၁၉၉၀)၊ ဆရာကြီး ဦးဌေး အောင် (၁၉၉၀-၁၉၉၂) တို့ ဖြစ်ကြသည်။ မြန်မာ့ယွန်းပညာသိပ္ပံ ကျောင်းအုပ်ကြီးများမှာ ဆရာကြီး ဦးတင်ငွေ (၁၉၉၂-၁၉၉၈) (ဆရာကြီး ဦးတင်ငွေသည် ယခင်ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းဘဝ၌ ကျောင်းအုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါသည်)၊ ဆရာကြီး ဦးယုသိန်း (၁၉၉၈-၂၀၀၁) တို့ ဖြစ်ကြသည်။ ယွန်းပညာကောလိပ်အဆင့် တိုးမြှင့် ပြီးနောက် တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများမှာ ဆရာကြီး ဦးသောင်းလင်း (၂၀၀၄-၂၀၁၀)၊ ဆရာကြီး ဦးကျော်ဖုန်းနိုင် (၂၀၁၀-၂၀၁၂)၊ ဆရာကြီး ဦးဝင်းဇော်စိုး (၂၀၁၂-၂၀၁၅) နှင့် လက်ရှိယွန်းပညာကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့် (၂၀၁၅-ယနေ့ထိ) တို့ ဖြစ်ကြပါသည်။

ကောလိပ်မှသည် သမတက္ကသိုလ်များဆီသို့

          ယွန်းပညာကောလိပ်(ပုဂံ)တွင် ယွန်းအတတ်ပညာဒီပလိုမာ (၁)နှစ်သင်တန်းနှင့် ယွန်း အတတ်ပညာဒီပလိုမာ (၂)နှစ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ (၁) နှစ် သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီး အသက် ၃၅ နှစ်မကျော်သူများ၊ (၂) နှစ် သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပါသည်။ ယွန်းအတတ်ပညာကျွမ်းကျင်သူ (၁) နှစ် သင်တန်းလည်း ဖွင့်လှစ်သင်ကြားပေးနေရာ (KG+9) အောင်မြင်၍ အသက် ၂၀ မကျော်သေးသူများ တက်ရောက်နိုင်ပါသည်။ ယွန်း အတတ်ပညာဒီပလိုမာ (၂)နှစ်သင်တန်းတွင် ကညစ်ယွန်းမေဂျာ၊ ရွှေဇဝါယွန်းမေဂျာ၊ သားရိုး ပန်းကြွယွန်းမေဂျာ ဟူ၍ အဓိကမေဂျာ (၃) မျိုး သတ်မှတ်ထားသည်။ ယွန်းပညာကောလိပ် (ပုဂံ)မှ ဒီပလိုမာ (၂)နှစ်သင်တန်း အောင်မြင်ပြီးသူများသည် ဒီပလိုမာဘွဲ့အပြင် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့်သန်လျင်) များသို့လည်း ပေါင်းကူးတက်ရောက် ခွင့် ရရှိကြမည်ဖြစ်သည်။ ယွန်းအတတ်ပညာကျွမ်းကျင်သူ (၁) နှစ်သင်တန်း တက်ရောက် အောင်မြင်ပြီး သူများအနေဖြင့်လည်း မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဌာန်းရေးအဖွဲ့ National Skills Standards Authority (NSSA) အသိအမှတ်ပြု ကျွမ်းကျင်မှုအဆင့်-၂ သို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိခြင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်နိုင်ခြင်း၊ ယွန်းထည်အလုပ်ရုံများတွင် ကျွမ်းကျင်လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း စသော အကျိုးကျေးဇူများကို ရရှိကြမည် ဖြစ်ပေသည်။

          (ဆက်လက်ဖော်ပြပါမည်။)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm