Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


07 Apr,2022

နေပြည်တော် ဧပြီ ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၉ နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ် ၁၆ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြား ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန်၊ မြို့ပြနှင့် ကျေးလက်ကွာဟချက်များ ကျဉ်းမြောင်းစေရန် တို့ကိုလည်း အလေးထားစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်း (၁၆၀၁)ခု၊ မီးလင်းရေးကျေးရွာ (၁၀၅၀)ရွာ၊ ကုန်ထုတ်လမ်း (၃၅၉) မိုင်၊ ကုန်ထုတ်တံတား (၅၀၈)စင်း၊ ကျေးလက်အိမ်ရာ (၇၁)လုံး၊ လူထုဗဟိုပြုစီမံကိန်း (၄)မြို့နယ်၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(၁၉၄)ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (၁၁၆၁)ရွာ၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ကျေးရွာ(၃)ရွာတို့ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာလအတွင်း ကန့်သက်ချက်များကြားမှ လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခဲ့ကြသည့် ဦးစီးဌာနရုံး အဆင့်ဆင့်မှ ဝန်ထမ်းများ အားလုံးကို ချီးကျူးမှတ်တမ်းတင်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနဟာ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှလက်မှုလုပ်ငန်းဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားတာကြောင့် ကျေးလက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဆောင်ရွက်ဖို့၊ သွင်းအားစုများထောက်ပံ့ဖို့အတွက် ဦးစီးဌာနများအကြား အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြဖို့အပြင် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းလက်တွဲဆောင်ရွက်ကြဖို့ မှာကြား လိုပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဟာ ကျေးလက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးရသော Development Organization ဖြစ်ပြီး ကျေးလက်နေပြည်သူများရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်တွေကို တိုက်ရိုက်ဝန်ဆောင်မှုပေးရတဲ့ Service Provider အဖွဲ့လည်း ဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိဦးစီးဌာနရဲ့လုပ်ငန်းများဆောင်ရွက်တဲ့ အခါမှာ ကြန့်ကြာမှုမရှိစေရေး၊ ပြည်သူများနဲ့ဆက်ဆံရာမှာ တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး ချေငံစွာပြောဆိုဆက်ဆံရေး၊ ကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုပေးနိုင်ရေး ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက် နိုင်ရေးစတဲ့ ဝန်ဆောင်မှုကို ရှေးရှုပြီး (Service Oriented) အလေးထား ဆောင်ရွက်ပေးတဲ့ ဦးစီးဌာနတစ်ခုဖြစ်စေရန် ယခုထက်ပို၍ ဆောင်ရွက်သွားကြဖို့ မှာကြား လိုပါကြောင်း၊ ယခုအခါ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစတင်ပြီး ပြည်ထောင်စုနယ်မြေရှိ ကျေးရွာ (၃)ရွာမှာ Pilot အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလာမယ့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကစတင်ပြီး ပြည်နယ်/တိုင်းဒေသကြီးအားလုံးမှာ (၃)ရွာစီ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ စံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ဆောင်ရွက်စေခြင်းဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေခြင်း၊ ကျေးလက်ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်း၊ မိသားစုဝင်ငွေတိုးပွားစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိ လာစေခြင်းနဲ့ ဒေသထွက်ကုန် အပေါ်အခြေခံတဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းစတဲ့ အကျိုး ကျေးဇူးများရရှိမှာဖြစ်လို့ ဦးစီးမှူးများအနေနဲ့ စီမံကိန်းစတင်ဆောင်ရွက် နိုင်ရေး ကြိုတင် ပြင်ဆင်ထားကြဖို့ မှာကြားလိုပါကြောင်း၊ ကျေးလက်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့ စီမံကိန်းများကို အကောင်အထည်ဖော်တဲ့ အခါမှာလည်း နိုင်ငံတော်ကချမှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနဲ့အညီ စနစ်တကျထုတ်ယူသုံးစွဲဖို့၊ အလေအလွင့်မရှိ အကျိုးရှိ ထိရောက်စွာသုံးစွဲဖို့ မှာကြားလိုပါကြောင်း၊ အထူးသဖြင့် မိမိတို့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် တလျှောက်လုံးမှာ အဂတိတရားကင်းရှင်းစွာနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ် များကို ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍  တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား အသီးသီးရှင်းလင်းတင်ပြကြပါသည်။

          ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု ပထဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့်  တိုင်းဒေသကြီး/ ပြည်နယ်များ ဦးစီးမှူးများအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အထူးဆုရရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များ ဦးစီးမှူး များအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) များ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm