Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနိုင်ရေး အစည်းအဝေး ကျင်းပ


31 Mar,2022

နေပြည်တော် မတ် ၃၁

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူ လယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချနိုင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်‌ ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြန်မာနိုင်ငံ၏ ကျေးလက်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်စိုက်ပျိုးရေးအခြေခံ စားနပ်ရိက္ခာဖူလုံရေးသည် အရေးပါပါကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် ကန့်သတ်ချက်များရှိနေခြင်း၊ ပြည်ပမှတင်သွင်းရသည့် သွင်းအားစုများ၊ မြေဩဇာများမှာ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် တောင်သူများစိုက်ပျိုးရေးကဏ္ဍတွင် အခက် အခဲများ ဖြစ်ပေါ်နေပါကြောင်း၊ အဆိုပါအခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်း များအတွက်လိုအပ်နေသော သွင်းအားစုဖြစ်သည့် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်ဝသည့် ယူရီးယားမြေဩဇာအားဈေးနှုန်းသက်သာစွာနှင့်အချိန်မီ ဖြန့်ဖြူးရောင်းချနိုင်ရေး စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မြေဩဇာတင်သွင်းမှု အတွေ့အကြုံ ရှိပြီး တောင်သူများဝယ်ယူသုံးစွဲလိုသော အမှတ်တံဆိပ်တင်သွင်းသည့် အခြားကုမ္ပဏီများ နှင့်လည်းပူးပေါင်း၍ Consortium အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်ဝသော ယူရီးယားမြေဩဇာများအား တောင်သူများလက်ဝယ်သို့ စိုက်ပျိုးရာသီအမီရောက်ရှိစေရေးအတွက်သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်မှုများ ပြန်လည်ဦးမော့လာစေရန်နှင့် စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ပေးရန်အတွက် နည်းလမ်းများရှာဖွေ၍ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ယူရီးယားမြေဩဇာများ အချိန်မီ ဖြန့်ဖြူးနိုင်ရေးနှင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်မှ ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချမှု စီမံချက်နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်း ရှင်များအသင်းမှ ကိုယ်စားလှယ်တစ်ဦးက ဖြန့်ဖြူးရောင်းချသွားမည့် အစီအစဉ်များအား လည်းကောင်း၊ တက်ရောက်လာကြသူများမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များအား လည်းကောင်း ရှင်းလင်းဆွေးနွေးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ အဓိကစီးပွားရေးလုပ်ငန်းများ ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့မှ အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးသွားကြရမည်ဖြစ်ပြီး ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေမည့် ယူရီးယားမြေဩဇာများ တောင်သူများလက်ဝယ် စိုက်ပျိုးရာသီအချိန်မီ ဖြန့်ဖြူး ရောက်ရှိနိုင်ရေး အားလုံးပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ Consortium အဖွဲ့များအနေဖြင့် ယူရီးယားမြေဩဇာများအား ပြင်ပပေါက်ဈေးထက် တောင်သူများ ဈေးနှုန်း သက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် “အမြတ်မယူ၊ အရှုံးမရှိ” စနစ်ဖြင့် အကျိုးအမြတ်ကို ဝန်ဆောင်စရိတ်ကာမိရုံ အနည်းဆုံးသတ်မှတ်၍ ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm