Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆိုလာအသေးစားဓာတ်အားပေးစနစ် အဓိကအခြေပြု ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်


05 Mar,2024

နေပြည်တော် မတ် ၅

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများဖြင့် ဆောင်ရွက်ဆဲ ကျေးလက် မီးလင်းရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ကျေးရွာပြည်သူများအကြား ဆိုလာအသေးစားဓာတ်အားပေး စနစ်ဆိုင်ရာ အသိပညာများနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအသိပညာများ ပြန့်ပွားစေရေးတို့အပြင် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ ဆိုလာအသေးစားဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်သည့် စနစ်များဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆိုလာအသေးစားဓာတ်အားပေးစနစ် အဓိကအခြေပြု ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong (မစ္စတာဝမ်ရှန်ကျုံး)၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)နှင့် ဌာနဆိုင်ရာအဖွဲ့ အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းနှင့် ပြည်သူအားလုံး ပါဝင်ရရှိခံစားနိုင်သည့် တိုးတက်မှုများဖြစ်ပေါ်လာစေရန် အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ပြန်ပြည့်မြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက် မခွဲခြားဘဲ လူတန်းစားအားလုံး လျှပ်စစ် စွမ်းအင်သုံးစွဲနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက် ခြင်းဟာ လူနေမှုအဆင့်အတန်းကို မြင့်မားတိုးတက်စေရုံသာမက ပညာရေး၊ ကျန်းမာရေး ကဏ္ဍ တို့ကို ထောက်ပံ့ပေးနိုင်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခွင့်အလမ်း များပါ တစ်ပါတည်း ရရှိလာစေမှာဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးမှာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ် မီးလင်းရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကာလတို၊ ကာလရှည်စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်လုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ဖြင့် မဟာဓာတ်အား လိုင်းနှင့် (၁၀)မိုင်အထက် ဝေးကွာသော၊ နောင် (၁၀) နှစ်၊ (၁၅)နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား မရရှိနိုင်သော ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် မဟာဓာတ် အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို အိမ်သုံးဆိုလာစနစ်၊ ပြန်ပြည့်မြဲ စွမ်းအင် အသုံးပြုအသေးစားဓာတ်အားစနစ်များဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည် ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ စတင်၍ နိုင်ငံတော်ရန်ပုံငွေဖြင့် နှစ်စဉ်ရန်ပုံငွေများလျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ယခုဘဏ္ဍာရေးနှစ်အထိ အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၁၀,၀၇၅)ရွာနှင့် အသေးစားဓာတ်အားစနစ် (Mini-Grid)ဖြင့် စီမံကိန်း ကျေးရွာပေါင်း (၁၇၁)ရွာတွင် တပ်ဆင်စွမ်းအား  ၄၈ ဒသမ ၉၀၈ မဂ္ဂါဝပ်ခန့် ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်၍ လူဦးရေ  ၂ ဒသမ ၅သန်း အကျိုးပြုနိုင်ခဲ့ပါကြောင်း၊ ယခုအခါ မဟာဓာတ်အား လိုင်းပြင်ပဧရိယာ၏ ၃၉ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပါကြောင်း၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်သည့်အတွက် နိုင်ငံတော်ရန်ပုံငွေ တစ်ခုတည်း ဖြင့်သာမက နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သလို လက်ရှိမှာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြစ်သော မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ကျေးလက်မီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှ အသိပညာမျှဝေမှု၊ ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ပိုမိုကောင်းမွန်သည့် လုပ်ငန်းပုံစံများချမှတ်နိုင်ရန်နှီးနှောဖလှယ်မှုဆိုင်ရာအခွင့်အလမ်း ကောင်းတွေပါ ရရှိလာစေမှာဖြစ်ပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးလာစေရေး ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများပါဝင်မှသာ ပိုမိုထိရောက်မြန်ဆန်မှာ ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီး အနေဖြင့် မိမိတို့၏ အတွေ့အကြုံများ၊ ဗဟုသုတများကို အခြေခံပြီး ကဏ္ဍရပ်အားလုံးအတွက် ရှုထောင့် အသီးသီးမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong (မစ္စတာဝမ်ရှန်ကျုံး)၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်း ရေးအဖွဲ့(မြန်မာ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးတို့က အမှာစကားပြောကြား ကြပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဆိုင်ရာ ကျေးလက်မီးလင်းရေးလုပ်ငန်းများနှင့် အသေးစားဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်းများဆောင်ရွက်မှုအခြေအနေအား အကျဉ်းချုပ် ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူများက ဆိုလာအသေးစားဓါတ်အားပေး စနစ်များဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများ၊ အတားအဆီးများနှင့် စိန်ခေါ်မှုများ အားလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်က ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဆိုင်ရာ နည်းပညာနှင့် အသုံးချနိုင်မှုများအားလည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်စန္ဒာဦးက မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ အသုံးပြုမှုနှင့် ရှေ့အလားအလာများ အားလည်းကောင်း၊ Inner Mongolia University of Technology, China မှ Professor Dr. Yan JIA နှင့် Professor Charlie DOU တို့က အသေးစား ဓာတ်အားပေးစနစ်ဆိုင်ရာ ဆိုလာစွမ်းအင်သုံးထုတ်လုပ်မှုနည်းပညာရပ်ဖွံ့ဖြိုးရေးနှင့် တိုးတက်မှုအခြေအနေများ၊ ကျေးလက် ဒေသ လျှပ်စစ်ဓာတ်အားရရှိမှုတွင် ဆိုလာအသေးစားဓာတ်အားပေး စနစ် ရေရှည်ဖွံ့ဖြိုးစေရေး အတွက် အဓိကအချက်များအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က တနင်္သာရီတိုင်း ဒေသကြီး၏ လျှပ်စစ်စွမ်းအင်ရရှိမှုအခြေအနေနှင့် အသုံးပြုလျှက်ရှိသော စွမ်းအင်ရင်းမြစ်များအားလည်းကောင်း၊ မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအားလည်းကောင်း အသီသီးဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူ များမှ သိရှိလိုသည်များမေးမြန်းမှုအပေါ် ကဏ္ဍအလိုက်တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးကြပါသည်။

ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများ တာဝန်ရှိသူများ၏ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး အကြုံပြုခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm