Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


02 Mar,2024

နေပြည်တော် မတ် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် သန်လျင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ သုံးရွာ၊ အိမ်ထောင်စု ၂၁၂၅ စု ၊ လူဦးရေ ၆၃၇၅ ဦး တို့ကို အကျိုးပြုပေးနိုင်မည့် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ ကျောင်းကုန်း-ဆိပ်ကြီးလမ်းပိုင်း ကတ္တရာလမ်း အရှည်ပေ ၆၆၀၀ ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန   ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန် စံညွှန်းအရည်အသွေး ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ရန်၊ ကျေးရွာလမ်းကော်မတီဝင် များနှင့် ဒေသခံပြည်သူ အားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးရွာလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရာသီမရွေး သွားလာနိုင်ကာ ဒေသထုန်ကုန်ထွက်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါးအတွက် သွင်းအားစုအဖြစ် ဓာတ်မြေဩဇာများ ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကိုရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လိုအပ်မှု တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်၊ ကရင်ဆိပ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက ကရင်ဆိပ်ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒါ့အပြင် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများ၊ မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှု ရရှိရေး လုပ်ဆောင် ပေးလျက်ရှိပါကြောင်း၊ အသင်းသားတောင်သူများ အနေဖြင့်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်အစိုးရမှ လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍ ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ကျေးရွာများရှိ Grade-9 အောင်မြင်ပြီးသူများကို မန္တလေး၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများတွင် အခမဲ့ တက်ရောက်နိုင်ကြောင်း၊ အဆိုပါ သင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများ အနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ဆက်လက် ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်း၊ အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေ တိုးပွားရေး ဆောင်ရွက်လိုသော အမျိုးသမီးများနှင့် ပညာရေးဆုံးခန်း တိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကိုလည်း အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားတတ်မြောက်စေပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက် နိုင်စေရန်အတွက် ကျေးရွာအရောက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး သင်တန်းများဖွင့်လှစ် ပို့ချပြီးပါက သင်တန်းတွင် ထူးချွန်သူ များအနက်မှ  အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူများကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ၊ အရင်းအနှီးမတည်ငွေများ ထူထောင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားပြီးနောက် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ဆိပ်ကျေးရွာတွင် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း(Smart Village)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသည့် ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်ထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံ ပြည်သူ အားလုံးမှ ဆောင်ရွက်ပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်း ကြရန်၊ ဝက်မွေးမြူသူများအနေဖြင့် တိရစ္ဆာန်ရောဂါများ မကျရောက်စေရေး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စနစ်တကျဆောင်ရွက်ရန်နှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm