Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လေးမျက်နှာမြို့နယ် ယင်းဆယ်ကျေးရွာ အသေးစားဆိုလာဓာတ်အားပေးစနစ်စီမံကိန်းအား ကြည့်ရှုစစ်ဆေး


24 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၄

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ်၊ လေးမျက်နှာမြို့နယ် တို့၌ ပီလောပီနံစိုက်ဧက (၆၀,၀၀၀)ခန့် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါပြီး လေးမျက် နှာမြို့နယ်၊ ခမောက်စုကျေးရွာမှ တောင်သူဦးသန်းမြင့်၏ ပီလောပီနံစိုက်ခင်းနှင့် ပီလောပီနံ ကုန်ချောထုတ်လုပ်နေမှုများကို သွားရောက်ကြည့်ရှုသည်။ ဆက်လက်ပြီး တောင်သူဦးသန်းမြင့်နှင့် တာဝန်ရှိသူများက လေးမျက်နှာမြို့နယ်အတွင်း ပီလောပီနံ အမှု့န်ကြိတ်စက် (၇၄) လုံးဖြင့် ထုတ်လုပ်နေမှုအခြေအနေ၊ ထပ်မံ၍ အဆင့်မြင့်အမှုန့်ကြိတ်စက်များ တည်ဆောက်မည့်အခြေအနေ၊ ပီလောပီနံ မျိုးကောင်း မျိုးသန့်များ ရယူစိုက်ပျိုးမည့်အခြေအနေနှင့် ဈေးကွက်ရရှိမှုအခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ ပရဟိတကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ အောက်စုကျေးရွာနှင့် ယင်းဆယ် ကျေးရွာချင်းဆက်လမ်း အခြေအနေနှင့် တံတားတည်ဆောက်ပေးရန် လိုအပ်သည့်နေရာများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုမှတဆင့် ယင်းဆယ်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် ပေးနေသော အသေးစားဆိုလာဓာတ်အားပေးစနစ်စီမံကိန်းအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးက ယင်းဆယ်ကျေးရွာအနေဖြင့် မကြာမီ လျှပ်စစ်မီးရရှိတော့မည် ဖြစ်၍ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်‌ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ သားသမီး များ၏ ပညာရေး၊ ရပ်ရွာဒေသဖွံ့ဖြိုးရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ အ‌သေးစားဆိုလာ ဓာတ်အားစနစ်စီမံကိန်းသည် 224.4 kw PV Diesel Hybrid Mini-Grid System ကို အသုံးပြုကာ ကျေးရွာရှိ အိမ်ခြေ (၅၄၄) အိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် အသေးစား စက်မှုလုပ်ငန်း (၂၀) တို့ကို အကျိုးပြုမည် ဖြစ်သည်။

          ၎င်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကွင်းကြီး‌ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာခန်းမတွင် ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ခေတ်မီစံပြကျေးရွာစီမံကိန်း လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားကြသည်။

          ယင်းနောက် ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံဖြိုးရေး တင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် ကွင်းကြီးစံပြကျေးရွာမှ တောင်သူ ဦးအောင်သန်း၏ ပဲတီစိမ်း စိုက်ခင်းသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ထုတ်လုပ်ထားသော ပဲရိတ်စက်ဖြင့် သရုပ်ပြရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။ မတ်ပဲ၊ ပဲတီစိမ်းကို လူလုပ်အားဖြင့် နှုတ်ပါက ၁ ဧကလျင် လူ ၁၀ ယောက်အတွက် အနည်းဆုံး ငွေကျပ် ၈၀,၀၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ထုတ်လုပ်ထားသော ယခုပဲရိတ်စက်သည် ၁ နာရီလျင် ၁ ဧက ရိတ်သိမ်းနိုင်၍ ကုန်ကျစရိတ်မှာလည်း ဆီဖိုး ၅၀၀၀ ကျပ်ခန့်သာ ကုန်ကျ၍ တစ်နေ့လျင် ၇ ဧကခန့် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း၊ စက်တန်ဖိုးကျပ် သိန်း (၃၀) ဖြင့် သမဝါယမအသင်းအဖွဲ့များ၊ တောင်သူများ ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm