Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲ အားပေးချီးမြှင့်


14 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၁၄

          ခေတ်မီဒစ်ဂျစ်တယ်နည်းပညာစနစ်များအား အကျိုးရှိရှိ တွင်ကျယ်စွာ အသုံးပြုခြင်းဖြင့် ကျေးရွာသူ/သားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် နေ့စဉ်လူနေထိုင်မှုပုံစံများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ခေတ်မီစံပြ ကျေးရွာစီမံကိန်း(Smart Village)များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး (၁၅) ခုမှ ကျေးရွာ (၈၈) ရွာအနက် လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာအပါအဝင် ကျေးရွာ (၄၃) ရွာ၌ ICT စင်တာများ ထူထောင်၍ ဒီဂျစ်တယ်နည်းပညာဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ ဆောင်ရွက်ပေးနေမှုအား ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အဆိုပါ သော်မှော်ကုန်းကျေးရွာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ICT စင်တာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖွင့်လှစ်ပေးနေသော ကွန်ပျူတာအခြေခံ သင်တန်း တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား ကြည့်ရှုအားပေးသည်။ ဆက် လက်ပြီး ပြည်ထောင်စုဝန်ကြီးက ICT စင်တာ၌ ကွန်ပျူတာ၊ TV ၊ အင်တာနက် Wifi များ တပ်ဆင်ပေးခြင်း၊ အများပြည်သူသုံး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး application များ ထည့်သွင်းချိတ်ဆက်ပေးခြင်း၊ အသိပညာပေး Website များနှင့်ချိတ်ဆက်ခြင်း၊ အမျိုးသားစာကြည့်တိုက်နှင့် ချိတ်ဆက်ထားရှိခြင်း၊ e.commerce platform နှင့် ချိတ်ဆက်ထားရှိ ခြင်းများ ဆောင်ရွက်ပေးထားကြောင်း၊ ကျေးရွာသူ/ သားများအနေဖြင့် ICT စင်တာ၌ အင်တာနက် အခမဲ့ ရယူသုံးစွဲနိုင်ပြီး ဈေးကွက်သတင်းများနှင့် ဈေးကွက်ချိတ်ဆက်နိုင်မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာအချက်အလက်များ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ များ၊ လူမှုရေးနှင့် စီးပွားရေး ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များအား လေ့လာသိရှိနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး အသိပညာပေး စာအုပ်များ၊ ဆောင်းပါးသတင်း ဂျာနယ်များဖတ်ရှုနိုင်သော e-Liberary ထူထောင်ခြင်းအပါအဝင် ကဏ္ဍအလိုက် ဝန်ဆောင်မှုလုပ်ငန်းများအား လွယ်လင့်တကူ ရှာဖွေလေ့လာနိုင်သည့် အကျိုး ကျေးဇူးများ ရရှိစေသဖြင့် ကျေးရွာသူ/ သားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လျက် ရှိကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင် ခြင်းစီမံကိန်း RBF ရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော ကျေးရွာသူ ကျေးရွာ သားများနှင့် တွေ့ဆုံကာ ဝက်မွေးမြူရေးအစုအဖွဲ့များ ဈေးကောင်းရရှိရေး၊ ဈေးကွက်ရရှိရေး အတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့နှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပြီး ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်း၊ ကျေးလက်သောက်သုံးရေ ရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာ အုပ်စု၊ ရုံးတောကျေးရွာ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာမျိုးများဖြစ်သည့် မြန်မာနိုင်ငံမှ ရေဆင်း စပ်မျိုး-၂ ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့် နေကြာမျိုးများ စမ်းသပ်စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု သောအားဖြင့် ကျင်းပပြုလုပ်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်း မိသားစုများ၏ တတိယအကြိမ် မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲသို့ တက်ရောက်ပြီး  ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာန ကိုယ်စားပြုအသင်းများ၏ ပျော်ရွှင်စွာယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး ခဲ့သည်။

          ယင်းနောက် ထမင်းနဲထိုးပြိုင်ပွဲတွင် ဆုရရှိကြသည့် ဦးစီးဌာနအသင်းများအား ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

          အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်ဦးစီးဌာနအသင်းများနှင့် အရာထမ်းအမှုထမ်းများ စုံညီစွာ တက်ရောက် ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm