Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


05 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာ ၅၁ ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ကျေးရွာ ၁၄ ရွာမှ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ သမဝါယမအသင်း (၈)သင်းမှ အသင်းသား များ၊ ပညာရေးဌာနမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွား စေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို  အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းကာ စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ် ကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွား လာမှာဖြစ်သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သည့်တောင်သူများအား လိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ သွင်းအားစုများကို စိုက်ပျိုးချိန်မီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများမှလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာများရှိ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူများအနေဖြင့် ပုသိမ်၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် အခမဲ့တက်ရောက် နိုင်ကြောင်း၊ အဆိုပါ သင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်း၊ ဆက်လက်ပေါင်းကူးတက်ရောက်ရန် အခက်အခဲရှိသူများကိုလည်း အလုပ်အကိုင်များရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်လိုသော အမျိုးသမီးများနှင့် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကိုလည်း အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားတတ်မြောက်စေပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက်နိုင်စေရန် အတွက် ကျေးရွာအရောက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး သင်တန်းများဖွင့်လှစ်ပို့ချ ပြီးပါက သင်တန်းတွင် ထူးချွန်းသူများအနက်မှ  အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူများကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ၊ အရင်းအနှီးမတည်ငွေများ ထူထောင်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက် ပေးမည့် အခြေအနေများနှင့် ဒေသခံပြည်သူများတင်ပြချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အမြန်ဆုံးပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် ဒေသခံ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကျော်အောက်ကျေးရွာအုပ်စု၊ ရေကျော် ကျေးရွာသို့ သွားရောက်ရှိပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ပုသိမ်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက မြစိမ်းကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း အောင်မြင်မှုများအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာရှိ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူများအား သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်း ကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အသေးစားအလယ်စားကုန်ထုတ် လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော နည်းပညာသင်တန်းများ ကျေးရွာအရောက်ဆောင်ရွက် ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လိုအပ်သည့် အရင်းအနှီးမတည်ငွေများ ထူထောင်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ငပုတောမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျုံကူးကျေးရွာအပါအဝင် ကျေးရွာ(၁၃)ရွာရှိ အိမ်ခြေ (၃၀၃၄)အိမ်၊ လူဦးရေ (၁၄၀၃၁)ဦး တို့ကို အကျိုးပြုပေးနိုင်မည့် ကျုံကူး-ရေကျော်-ရေတွင်းကုန်းကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ကျေးရွာတွင်း အိမ်တိုင်ရာရောက်ရေရှိရေး ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများလည်းကောင်း၊ တောင်သူ ဦးအောင်မင်းဇော်၏ မိုးစပါးစိုက်ပျိုးခဲ့မှု နှင့် ဆောင်းသီးနှံ ဘိုကိတ်ပဲ စိုက်ပျိုးထားရှိမှု အခြေအနေများလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း အရည် အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ကျေးရွာကော်မတီအသီးသီးမှ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော် ကြည်ညိုကြပြီး စေတီရင်ပြင်တော် တိုးချဲ့ပြုပြင်နေမှုများကို ကြည့်ရှုကာ အလှူတော်ငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm