Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေးမျက်နှာမြို့နယ် စိန်တောင်၊ လှော်ကထားကျေးရွာ ဆိုလာအသေးစား ဓါတ်အားပေးစနစ်မီးလင်းရေးလုပ်ငန်းဖွင့်ပွဲကျင်းပ


04 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ  ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့သည် ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ကျုံရှ ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာသူကျေးရွာသားများ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများများက ကျုံရှကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မိသားစုချင်းဝင်ငွေများ တိုးပွားလာစေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် အခြားဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ကျေးရွာပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇလွန်မြို့နယ် ကျောင်းစုကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်းဝင်ငွေတိုးပွား စေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်စေရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရေး အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း၍ စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အားလုံးပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ကျေးရွာ အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော အိမ်တိုင်ရာရောက်ရေမီတာသုံးစနစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကျေးရွာအမှိုက်ကင်းစင် စနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာသို့ ရောက်ရှိပြီး အသောကပီလောပီနံစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် အသင်းအမှုဆောင်များက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အသင်းသားတောင်သူ(၄၇)ဦး၏ စိုက်ပျိုးမြေဧက ၁၄၀ ဧကပေါ်တွင် ကိုင်းရှပ်၊ ယိုးဒယားမျိုး ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြများအပေါ် ပြည်ထောင်စုဝန်ကြီးက  အသင်းသားတောင်သူများ အနေဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကိုသာ တိုးချဲ့စိုက်ပျိုးကြရန် လိုအပ် ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပီလောပီနံမှ တန်ဖိုးမြှင့်ထုတ်ကုန်( Value Added)များ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် ဈေးကွက်သေချာစွာ ရရှိရေး ကြိုတင်ချိတ်ဆက် စီမံဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အသင်းသာတောင်သူ ဦးသန်းမြင့်၏ ပီလောပီနံစိုက်ခင်းအား လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ သုံးရွာ၊ အိမ်ခြေ ၆၄၉ အိမ်၊ လူဦးရေ ၂၉၀၀ ကျော် အကျိုးပြုပေးနိုင်မည့် ပဆင-ခတ္ထူ-ထူပါရုံဘုရားလမ်းအား မြေသားလမ်းမှ ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံ ပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆွေးနွေးမှာကြား ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စိန်တောင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် စိန်တောင်၊ လှော်ကထား ဆိုလာအသေးစားဓါတ်အားပေးစနစ်(Solar Mini-Grid) မီးလင်းရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများ၏ အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိမှုဟာ အဓိကကျသည့် အခန်းကဏ္ဍ တွင် ပါဝင်နေပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက် မခွဲခြားဘဲ လူတန်းစား အားလုံး လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးမှာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့်  လျှပ်စစ်မီးလင်းရေးကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ(Off-Grid) လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ −၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေး နှစ်အထိ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း(၁၀,၀၇၅)ရွာ၊ အိမ်ထောင်စုပေါင်း (၄၅၈,၀၉၁)အိမ်၊ အသေးစားဓာတ်အားပေးစနစ်ဖြင့် စီမံကိန်းလုပ်ငန်းပေါင်း (၁၃၀)ခု၊ ကျေးရွာပေါင်း (၁၇၁) ရွာ၊ အိမ်ထောင်စုပေါင်း (၄၁,၁၀၂)အိမ်၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေး အဆောက်အဦ စသည်တို့အတွက် အများသုံးဆိုလာစနစ် (၁၉,၃၂၃)ခု၊ လမ်းမီးတိုင်ပေါင်း (၅၄,၇၇၆)တိုင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၃,၂၀၁)ခု လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ပေးနိုင်ခဲ့တဲ့အတွက် စုစုပေါင်းကျေးရွာ (၁၀,၂၄၆) ရွာ၊ အိမ်ခြေ ပေါင်း (၄၉၉,၁၉၃) အိမ်၊ လူဦးရေ ၂ ဒသမ ၅ သန်းခန့် အကျိုးပြုနိုင်ခဲ့ပါကြောင်း၊ ယခု စီမံကိန်းမှာ ဆိုလာ ၂၂၄ ဒသမ ၄ ကီလိုဝပ်၊ အရံဒီဇယ်အင်ဂျင်စနစ် ၁၂၀ ကီလိုဝပ်ပါဝင်ပြီး ငွေကျပ် ၂၈၅၄ ဒသမ ၆၅၈ သန်းဖြင့် နိုင်ငံတော် ရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူမှ ၂၀ ရာခိုင်နှုန်း၊ တာဝန်ယူ ဆောင်ရွက်သည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းထည့်ဝင်ကာ Pro Engineering ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ခဲ့ကြောင်း၊ စီမံကိန်းမှ  ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၄၀၀ ကျော် အကျိုး ခံစားရရှိနိုင်မှာဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် လူနေမှုအဆင့်အတန်းကို မြင့်မားစေရုံသာမက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူပြုနိုင်မှာဖြစ်သည့် အပြင် အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် အခွင့် အလမ်းများကိုပါ တစ်ပါတည်းရရှိလာစေမှာဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီ တိုင်းဒေသကြီးအတွင်း အသေးစားဓာတ်အားစနစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းပေါင်း (၃၅)ခုအနက် စိန်တောင်-လှော်ကထားကျေးရွာ ဆိုလာအသေးစားဓာတ်အားစနစ်လုပ်ငန်းမှာ (၃၂)ခုမြောက် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ယခုစီမံကိန်းဆောင်ရွက်ရာတွင် ဒေသတည်ငြိမ်အေးချမ်းမှု၊  ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပံ့ပိုးမှု၊ ကုမ္ပဏီ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးခဲ့ကြောင်း၊ လက်ငင်းအကျိုး ခံစားမှုအနေဖြင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲများ မဖြေဆိုမီ ဆောင်ရွက်ပြီးစီးခဲ့သည့် အတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ ယခု မီးလင်းရေးစနစ် ရေရှည်တည်တံ့ အောင်မြင်စေရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ကျယ်ကျယ်ပြန့်ပြန့် အထောက် အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရေး ဆက်လက်ကြိုးစား အားထုတ်ကြစေလိုပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ စိန်တောင်၊ လှော်ကထား ဆိုလာအသေးစားဓါတ်အားပေးစနစ်ကို တာဝန်ယူ တည်ဆောက်ခဲ့သော Pro Engineering ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာက ယခု တည်ဆောက်ပြီးစီးခဲ့သည့် ဆိုလာအသေးစားဓါတ်အားပေးစနစ်မှာ Grid Ready ဖြစ်ပြီး ကြိုတင် ငွေဖြည့်စမတ်မီတာစနစ်(Prepaid Smart Meter) ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေ များကိုရှင်းလင်းပြောကြားပါသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက မီးလင်းရေးစနစ် ရေရှည်တည်တံ့အောင်မြင်စေရေး ကျေးရွာအနေဖြင့်  ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ် မီတာခ နှုန်းထားများအတိုင်း တာဝန်ကျေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြား ပါသည်။

ထို့နောက် ဆိုလာအသေးစားဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊  Pro Engineering ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပါသည်။

 ထို့နောက် မီးလင်းရေးစက်ရုံ ကဗ္ပည်းမော်ကွန်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီး ဆိုလာ အသေးစားဓါတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်း လျှပ်စစ်ဓါတ်အားသွယ်တန်းထားမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm