Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမဦးစီးဌာန၏ လယ်ယာဝန်ဆောင်မှုသရုပ်ပြရှင်းလင်းပွဲနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စီမံကိန်းသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်


30 Jan,2024

နေပြည်တော် ဇန်နဝါရီ ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာရှိ ကောင်းသစ် စိုက်ပျိုးရေးသမဝါယမအသင်းသို့ သွားရောက်ပြီး အဆိုပါသမဝါယမအသင်းနှင့် John Deere ကုမ္ပဏီလိမိတက်တို့ အကျိုးတူပူးပေါင်း ၍ John Deere ထွန်စက်များဖြင့် သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်တူကိုယ်တူဆန္ဒတူသူများ၊ အမှန် တကယ် လုပ်ငန်းလုပ်လိုသူများအား သမဝါယမအသင်းအဖွဲ့များဖွဲ့စည်းပြီး လိုအပ်သောမျိုးကောင်း မျိုးသန့်ရရှိရေး၊ သွင်းအားစုများရရှိရေး၊ သီးနှံထွက်ကုန်များ ဈေးကွက်ခိုင်မာမှုရရှိရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၃၅) ရွာ စိုက်ပျိုးမြေ (၃၁၂၆) ဧကတွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမစနစ် နွေစပါး  စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်ဘဏ္ဍာနှစ် (၂) နှစ်အတွင်း ဒေဒေါင်းထွန်စက် (၁၃၅) စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၁)စီး ပံ့ပိုးပေးခဲ့ပြီး စုစုပေါင်းလယ်ယာမြေ (၂၇၇၁၈) ဧကအား သက်သာ သောနှုန်းထားဖြင့် ထွန်ယက်ပေးခဲ့သောကြောင့် သမဝါယမအသင်းသားတောင်သူများ အကျိုး များစွာ ရရှိခဲ့ပါကြောင်း၊ ယခုရာသီတွင် နေပြည်တော်သမဝါယမအသင်းပိုင် ထွန်စက် (၄) စီး၊ နိုင်ငံတော်မှပံ့ပိုးထားသည့် ထွန်စက် (၂၁) စီး နှင့် John Deere ကုမ္ပဏီမှ ထွန်စက် (၁) စီး၊ စုစုပေါင်းထွန်စက် (၂၆) စီးဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များအလိုက် ထွန်ယက်စိုက်ပျိုးပေးသွားမည်ဖြစ်၍ အသင်းသားတောင်သူများက နည်းစနစ်မှန်မှန်ဖြင့် ပန်းတိုင် အထွက်နှုန်း ရရှိရေး၊ မိသားစုဝင်ငွေ တိုးပွားရေးတို့အတွက် အလေးထားကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ယင်းနောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမအသင်း အဖွဲ့စနစ်ဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း၊ Capital Automotive Limited မှ CEO က လယ်ထွန်စက်များ၏ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုများအား လည်းကောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ကောင်းသစ် စိုက်ပျိုးရေးသမဝါယမအသင်းမှ အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကောင်းသစ် စိုက်ပျိုးရေးသမဝါယမအသင်းနှင့် John Deere ကုမ္ပဏီလိမိတက်တို့ အကျိုးတူပူးပေါင်း၍ John Deere ထွန်စက်များဖြင့် သမဝါယမ လယ်ယာဝန်ဆောင်မှု သရုပ်ပြထွန်ယက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကျည်တောင်ကန်ကျေးရွာ၊ ညောင်လူး ကျေးရွာ၊ ကျောက်စရစ်ကုန်းကျေးရွာ၊ အေးမြင့်သာယာစံပြကျေးရွာ၊ ဇလောင်း(တောင်)ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် မွန်းတည့်ခွင်ကျေးရွာတို့တွင် ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ခြင်းသင်တန်း၊ စက်ချုပ်နည်းပညာ သင်တန်း၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ၏ သင်တန်းဆင်းပွဲ နှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်သည်။ အဆိုပါအခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်း သား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်မှစတင်ကာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းတွင် သင်တန်းအမျိုးအစားပေါင်း (၂၂) မျိုးပါရှိပြီး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်၊ အများဆန္ဒပြုသည့် သင်တန်းအမျိုးအစားများကို ပို့ချပေးလျက်ရှိပြီး ထူးချွန်သင်တန်း သားများကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နိုင်ဖို့အတွက် လုပ်ငန်းသုံးစက်ပစ္စည်းများ ပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာ (၇) ရွာတွင် ဖွင့်လှစ်ခဲ့ သည့် သင်တန်း (၇) ခုမှ ထူးချွန်သင်တန်းသား (၃၅) ဦးအတွက် လုပ်ငန်းသုံးပစ္စည်း (၇၂) မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် (၄၅,၅၁၅,၀၀၀) ကို ပေးအပ်မှာဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်း သူများအနေဖြင့် သင်ယူတတ်မြောက်ခဲ့သော ပညာရပ်များ၊ ပံ့ပိုးပေးသည့် လုပ်ငန်းသုံးပစ္စည်းများကို စွမ်းအားပြည့်အသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေးမှ အစပြုလို့ ကျေးရွာအကျိုး၊ ဒေသအကျိုးကို တစ်ဖက်တစ်လမ်းမှ ပါဝင်ထမ်းရွက်နိုင်ရေး၊ ကျေးရွာတွင်းစီးပွားရေး တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအနေနဲ့ နိုင်ငံတော်၏ဦးတည်ချက်(၉)ရပ်နှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူများရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားပေးမြှင့်တင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းသည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေတိုးပွားလာနိုင်ခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေခြင်း၊ ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ခြင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဤစီမံကိန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ နေပြည်တော်ကောင်စီနယ်မြေရှိ ကျေးရွာပေါင်း (၁၄) တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေနဲ့ ဒေသထွက်ကုန်ကြမ်း အခြေခံ အရည်အသွေးပြည့်တန်ဖိုးမြှင့်ထုတ်ကုန်များအား အဆင့်မြင့်ထုပ်ပိုးမှုပုံစံများဖြင့် ပြည်တွင်း သာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြပါဟု ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျည်တောင်ကန်ကျေးရွာမှ ထူးချွန်သင်တန်း သား(၅) ဦးအတွက် ဆိုင်ကယ်ပြင်ပစ္စည်းများဖြစ်သည့် အဲယားကွန်ပရက်စာ၊ ဖိအားမြှင့်ရေဖြန်းစက်၊ လက်သုံးကိရိယာများအားလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ညောင်လူး ကျေးရွာမှ ထူးချွန်သင်တန်းသား (၅) ဦးအတွက် အိမ်သုံးလျှပ်စစ်ပြုပြင်ပစ္စည်းများ ဖြစ်သည့် လက်ကိုင်ကျောက်စက်၊ ကွန်ကရစ်ဖောက်စက်၊ အုမ်းတိုင်းကိရိယာစက်များအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက ထူးချွန်သင်တန်းသား သင်တန်းသူများအား အပ်ချုပ်စက်များ၊ ဓားစက်များ၊ ဘီတင်စက်များ၊ Miter Saw စက်များနှင့် Sander စက်များအားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ထူးချွန်သင်တန်းသား သင်တန်းသူများအား Digital ကတ္တား စက်များ၊ Digital Scale စက်များ၊ ရေခဲမုန့်ကြိတ်စည်များ၊ Freezer စက်များ၊ Blender စက်များ၊ အိမ်သုံးလျှပ်စစ်ပြုပြင်ပစ္စည်း Tool Box များအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ကျေးရွာ (၇) ရွာမှ သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm