Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ ဆိုလာစနစ်စိုက်ပျိုးရေရရှိရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေး


29 Jan,2024

နေပြည်တော် ဇန်နဝါရီ ၂၉

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော 7.7 KW Solar & 5.5 HP Surface Pump ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြ သည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆိုလာစနစ်ရေရရှိရေးကို လက်တွေ့ဆောင်ရွက် မည့် တောင်သူများ စနစ်တကျ မှန်ကန်စွာကိုင်တွယ် အသုံးပြုတတ်စေရေး သင်တန်းပို့ချပေးရန်နှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူအသီးသီးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများ၊ သမဝါယမအသင်း သားတောင်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ပံ့ပိုးကာ တောင်သူများ၏ မိသားစုဝင်ငွေတိုးပွားရေး၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ တောင်သူများအနေဖြင့် ယခုဆောင်ရွက်ပြီးစီးသည့် ဆိုလာစနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို စွမ်းအားပြည့် အသုံးချကာ တစ်နှစ် ၃ သီး စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ လုပ်ငန်းကုန်ကျငွေ အပေါ် အကျိုးအမြတ်များ ပြန်လည်ရရှိနိုင်မည် ဖြစ်ကြောင်း၊ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် မိမိတို့ဝန်ကြီး ဌာနက ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားရေး တို့အတွက် တောင်သူများက တက်ကြွစွာဖြင့် အမှန်တကယ် အလုပ်လုပ်ရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားကာ ကျေးရွာသူကျေးရွာသားများနှင့် သမဝါယမအသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

          အဆိုပါ ဆိုလာစနစ် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းအနေဖြင့် အိမ်ခြေ (၂၃၉) အိမ်၊ လူဦးရေ (၈၅၉) ဦးရှိ မန်ကျီးပင်ကျေးရွာမှ စိုက်ပျိုးတောင်သူ (၁၂၀) ဦး၏ မြေဧက (၉၀၀) အနက် တောင်သူ (၅၆) ဦး၏ မြေ (၂၀၇) ဧကအား ရာသီမရွေး စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm