Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) (၄/၂၀၂၃)ကြိမ်မြောက် မိသားစုဆန္ဒဖော်ထုတ်ပွဲ အစည်းအဝေးကျင်းပပြုလုပ်ခြင်း


15 Dec,2023

(၁၂-၁၂-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ (၄/၂၀၂၃) ကြိမ်မြောက် မိသားစုဆန္ဒဖော်ထုတ်ပွဲ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ စုစုပေါင်း(၂၁၁)ဦး  တက်ရောက် ခဲ့ပါသည်။

အစည်းအဝေးတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအားလုံး မင်္ဂလာပါဟုနှုတ်ခွန်းဆက်သပြီး ပညာရပ်ဆိုင်ရာသင်ကြား ပို့ချနေသော ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ ၊ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေး အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့တာဝန် ထမ်းဆောင်နေသော အဖွဲ့အစည်း၏အကြောင်း၊ မိမိတို့ တက္ကသိုလ်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များအား သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊  ဝန်ကြီးဌာန နှင့်ဦးစီးဌာနများ၏ မူဝါဒနှင့်လုပ်ငန်းတာဝန်များကိုလည်း သိရှိရန်လိုအပ်ကြောင်း၊ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော သင်ကြား၊ စီမံဌာနမှူးများအနေဖြင့် မိမိတို့ဌာန အတွင်းရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များအား သိရှိအောင် ဌာနတွင်း အစည်းအဝေးများတွင် ရှင်းလင်းပြောကြားရန်လိုအပ်ကြောင်း၊ စီမံခန့်ခွဲရေးဌာနအနေဖြင့် သင်ကြား၊ စီမံ ဌာနများသို့ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များအား ထပ်ဆင့်ဖြန့်ဝေပြီး လေ့လာမှတ်သား၍ လိုက်နာဆောင်ရွက် နိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် တစ်ဦးတစ်ယောက်ချင်း၏ အခက်အခဲများရှိပါကလည်း ဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့် ဝန်ထမ်းများ၏ အခက်အခဲနှင့် သင်ကြား၊ စီမံဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပါက မူဘောင်နှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဌာန‌အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများအနေဖြင့် ဆန္ဒဖော်ထုတ်ပေးကြပါရန် အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

          တက်ရောက်လာသည့်   သင်ကြား၊ စီမံ (၁၄)ဌာနနှင့် တက္ကသိုလ်အသင်းအဖွဲ့ တစ်ခုချင်းစီအလိုက် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြပြီး ဝန်ထမ်း(၃)ဦးက ဆန္ဒဖော်ထုတ် တင်ပြဆွေးနွေးကြပါသည်။ ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ပါမောက္ခချုပ်မှ ဝန်ထမ်းဆန္ဒဖော်ထုတ်မှုများအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးကာ ချက်ချင်းဆောင်ရွက်ရန် လိုအပ်သည်များကို ချက်ချင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို နေ့လည်(၁၆:၀၀)နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm