Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ ဆိုလာအသေးစား ဓါတ်အားပေးစနစ်မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ


13 Mar,2022

နေပြည်တော် မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ၌ မဟာဓါတ်အား လိုင်းပြင်ပ အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာအသေးစားဓါတ်အားပေး စနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးရေးဟာ လျှပ်စစ်မီးရရှိမှုအပေါ်မှာ မူတည်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)ကို ရေးဆွဲခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးမှာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးလင်းရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို အသုံးပြုပြီးမဟာဓာတ်အားလိုင်း ပြင်ပလျှပ်စစ်မီးလင်းရေးလုပ်ငန်း များကို ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေးစီမံကိန်း ပထမအဆင့် အနေဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလတွင် ဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်သော်လည်း ယခုအခါ စီမံကိန်းစတင်ဆောင်ရွက် စဉ်က ထားရှိခဲ့တဲ့စံနှုန်း၊ လုပ်ငန်း ပုံစံများအတိုင်း ကျေးလက်မီးလင်းရေး လုပ်ငန်းများကို နိုင်ငံတော် ဘတ်ဂျက်အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိမှာ မဟာဓာတ်အားလိုင်းပြင်ပဧရိယာရဲ့ ၃၅ ဒသမ ၂ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပါကြောင်း၊ စက်ဆန်းကျေးရွာတွင် ဆောင်ရွက်သည့် ဆိုလာ ၇၁၂ ကီလိုဝပ်နှင့် ၂၄၀ ကီလိုဝပ် အရံဒီဇယ် အင်ဂျင်စနစ်ပါဝင်သော ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို Mandalay Yoma Energy ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်မှ ၆၀ ရာခိုင်နှုန်း ကျေးရွာနေ ပြည်သူများမှ ၂၀ ရာခိုင်နှုန်းနဲ့ လုပ်ငန်း ဆောင်ရွက်သည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းမှ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၁၃၀၀ ကျော် အကျိုးခံစားခွင့် ရရှိရန် မျှော်မှန်းထားပြီး လက်ရှိမှာ အိမ်ထောင်စုပေါင်း ၈၀၀ ကျော် အကျိုးခံစားခွင့်ရရှိပြီ ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီး ဌာန အနေဖြင့်လည်း ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့် အတန်း မြင့်မားရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်မီးလင်းရေး လုပ်ငန်းများ အပါအဝင်သမဝါယမ ကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မဟာဓာတ်အားလိုင်းမရောက်နိုင်သော ကျေးရွာများတွင် အိမ်သုံးဆိုလာ အပါအဝင် ဆိုလာ Mini-Gridလုပ်ငန်း စီမံကိန်း ၂၆ ခုအနက် ဓါတ်အားအများဆုံးထုတ်လုပ်နိုင်သော ကျေးရွာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆိုလာ Mini-Gridလုပ်ငန်း စီမံကိန်း အားလုံး ပြီးစီးပါလျှပ်စစ်ဓာတ်အား ၃ ဒသမ ၆၂၃၆ မီဂါဝပ် ကို ထုတ်လွှတ်ပေးနိုင်မှာဖြစ်ကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်း၊ ရေပေးရေးတို့ကိုလည်း ပြည်ထောင်စု ရန်ပုံငွေနဲ့တကွ တိုင်းဒေသကြီးရန်ပုံငွေများတွင်ပါ လျာထားပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အခု မီးလင်းရေးစနစ် ရေရှည်တည်တံ့ အောင်မြင်စေရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အကူပြုနိုင်တဲ့ စီးပွားရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရေး ဆက်လက်ကြိုးစား အားထုတ်ကြစေလိုပါကြောင်း ပြောကြား ပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ကျေးလက်နေပြည်သူများ မီးရရှိရေးအတွက် ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်တာကာလအတွင်း အိမ်သုံးဆိုလာစနစ်နဲ့ ကျေးရွာပေါင်း ၉၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၄ သိန်းကျော်၊ အသေးစား ဓာတ်အားစနစ်နဲ့ စီမံကိန်း လုပ်ငန်းပေါင်း ၁၂၁ခု၊ ကျေးရွာပေါင်း ၁၅၄ ရွာ၊ အိမ်ထောင်စုပေါင်း ၃၇,၀၀၀ ကျော်၊ စာသင်ကျောင်း ၆,၀၀၀ ကျော်၊ ဆေးပေးခန်း ၁,၆၀၀ ကျော်၊ ဘာသာရေး အဆောက်အဦပေါင်း ၈,၀၀၀ ကျော်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းပေါင်း ၁,၃၀၀ ကျော် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လမ်းမီးတိုင်ပေါင်း ၅၃,၀၀၀ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်း များကို ဆောင်ရွက်ရာ၌ မိမိတို့အနေဖြင့် ပြည်သူ - ပုဂ္ဂလိက ပူးပေါင်းပါဝင်မှု အင်အားကို ရယူပြီး အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ဆိုလာအသေးစားဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ Mandalay Yoma Energy ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပါသည်။
ထို့နောက် မီးလင်းရေးစက်ရုံ ကဗ္ပည်းမော်ကွန်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီး ဆိုလာ အသေးစားဓါတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်း လျှပ်စစ်ဓါတ်အားသွယ်တန်းထားမှု အခြေအနေ များ ကြည့်ရှုစစ်ဆေးကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီ တိုင်းဒေသကြီးဟာ စပါးကျီဖြစ်ပြီး ဆန်စက်များစွာရှိပါကြောင်း၊ ဒါ့ကြောင့် ဆန်စက်မှ ထွက်ရှိတဲ့ ဖွဲနုမှ ဖွဲနုဆီထုတ်လုပ်နိုင်ရေး၊ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်တဲ့ မျိုး၊ သွင်းအားစုတို့အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ မတည်ရန်ပုံငွေ ဆောင်ရွက်ပေးနိုင်မှု၊ ကုန်ထုတ် လမ်းနှင့် ဆိုလာစနစ် စိုက်ပျိုးရေ ရရှိရေးနှင့် သမဝါယမ အစုအဖွဲ့များ၊ အသင်းများ ဖွဲ့စည်း ဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆီထွက်သီးနှံများနှင့် ပတ်သက်၍ စာရင်းဇယား အချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် မျိုးစေ့ထုတ်ရန်ကိစ္စရပ်များနှင့် တောင်သူပညာပေးလုပ်ငန်းများကို ဆွေးနွေးပြီး တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖွဲနုဆီစက် တည်ဆောက် ထုတ်လုပ်နိုင်မည့် အခြေအနေများ၊ နေကြာတိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မျိုး၊ သွင်းအားစု လိုအပ်ချက်များ၊ ချေးငွေရရှိရေး အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ရန်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်များကို ပြန်လည်ဆွေးနွေးမှာကြား ပါသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဘိုကလေးမြို့နယ်၊ ကံစုကျေးရွာတွင် ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသော လူဦးရေ ၇၉၈ ဦး အကျိုးပြုမည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား လည်းကောင်း၊ ကညင်ကုန်းကျေးရွာတွင် လူဦးရေ ၁၀၀၀ ကျော်အကျိုးပြုလျက်ရှိသည့် ရေသန့်စင်စနစ် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm