Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


10 Mar,2022

နေပြည်တော် မတ် ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မိုးကြိုးကုန်းကျေးရွာရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် တန်(၅၀) ဖွဲနုဆီစက်ရုံ အဟောင်းသို့ ရောက်ရှိ၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျော့ချနိုင်ရေး၊ ဆီထွက် သီးနှံ အထွက်တိုးစေရေး၊ နေကြာတိုးချဲ့စိုက်ပျိုးရေးနှင့် ဖွဲနုမှ ဖွဲနုဆီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက် နိုင်ရန် ဖွဲနုဆီစက် ပြန်လည်အသုံးပြုနိုင်မှု ရှိမရှိ သိရှိလိုသည့်အတွက် လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ စက်ရုံ ရပ်နားထားသည်မှာ ကြာမြင့်ပြီဖြစ်၍ စတင်ရပ်နားခဲ့သည့် အခြေအနေ၊ ပြန်လည်ပြင်ဆင်နိုင်မည့် အခြေအနေနှင့် အသုံးပြုနိုင်/ မပြုနိုင် အခြေအနေတို့ကို သိရှိလိုပါကြောင်း ပြောကြားပြီး စက်ရုံမှ တာဝန်ရှိသူများ၏ စက်ရုံ ယခင်လည်ပတ်ခဲ့မှု၊ နောက်ဆုံးရပ်တန့်ခဲ့မှု၊ ပြန်လည်ပြင်ဆင်ရန်လိုအပ်မှု အခြေအနေနှင့် ကုန်ကြမ်းရရှိမှုအခြေအနေ၊ ဈေးကွက်ရရှိမှု အခြေ အနေတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်းပြီး စက်ရုံ၏ လက်ရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့၊ စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ခရိုင်အတွင်း ဆီထွက် သီးနှံ၊ နေကြာ တိုးချဲ့စိုက်ပျိုးရေးတို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များကို ဆွေးနွေးမှာကြားပြီး ဌာနဆိုင်ရာများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစ်သားမြို့နယ် ပေတောကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူဦးရေ ၇၂၇ ဦး အကျိုးပြုမည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ မြစ်သားမြို့နယ် ရွာခိုင်ကြီး (မြောက်) ကျေးရွာရှိ ကျေးရွာတောင်သူ ၇၀ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၂၀၀ ကျော် အကျိုးပြုမည့် ရွာခိုင်ကြီး(မြောက်) အရှည် နှစ်မိုင် ၁ ဒသမ ၄၅ ဖာလုံရှိ ကျေးလက်ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်း များနှင့် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာပူးပေါင်း ပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ပိုင်ရှင်စိတ် (Ownership) ဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံများ အထွက်တိုးစေရေး၊ နေကြာတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက သက်ဆိုင်ရာဌာနများသို့ ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ဆွေးနွေးပေးကြရန်နှင့် မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများ ပေါင်းစပ်ကာ စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ စီးပွားရေး လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm