Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယူရီးယားမြေဩဇာ တင်သွင်းပြီးတန်ချိန် ၁၇၇၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူးရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅၀၀၀ ခန့် ရောင်းချပြီးဖြစ်


24 Aug,2022

နေပြည်တော် ဩဂုတ် ၂၃

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Online စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍ သွင်းအားစု လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဆန်စပါး၊ ပဲတီစိမ်းနှင့် နေကြာသီးနှံအပါအဝင် ဆီထွက် သီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသည့် စံချိန်စံညွှန်းပြည့်ဝသော ယူရီးယားမြေဩဇာများအား ဈေးနှုန်းသက်သာစွာ အချိန်မီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ဓာတ်မြေဩဇာများ ပြည်ပမှတင်သွင်း နိုင်ရေးအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကို ထောက်ခံ‌ပေးလျက်ရှိပြီး ၁၁--၂၀၂၂ ရက်မှ ၁၂--၂၀၂၂ ရက်အထိ ယူရီးယား တန်ချိန် ၃၄၉,၀၅၅ တန်နှင့် ကွန်ပေါင်းတန်ချိန် ၄၇၅,၂၁၅ တန်တို့ကို ထောက်ခံပေးထားပြီး ဖြစ်ပါကြောင်း၊ တင်သွင်းပြီးတန်ချိန် ၁၇၇,၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူးရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅,၀၀၀ ခန့်‌ ရောင်းချပြီး ဖြစ်ပါကြောင်းနှင့် တင်သွင်းရန်ကျန်ရှိနေသော မြေဩဇာများအား အချိန်မီတင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ထို့ပြင် အကျိုးတူလယ်ယာစနစ် (Contract Farmingစနစ် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်တောင်သူများ၊ နေကြာနှင့် အခြားသီးနှံစိုက်ပျိုးသော တောင်သူများအား သွင်းအားစုများ ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်မှုနှင့် လက်ရှိအခြေအနေ၊  ထပ်မံဝယ်ယူရမည့် တန်ချိန်များကို တွက်ချက်ပြီး လက်ဝယ်ရောက်ရှိသင့်သည့်ကာလနှင့် အချိန်ကိုက်ဖြစ်စေရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊

နွေစပါးနှင့် ဆောင်းသီးနှံအတွက် လိုအပ်သော ဓာတ်မြေဩဇာများအား အမြန်တင်သွင်းနိုင် ရန်နှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သတ်မှတ်ချိန်အမီ သုံးစွဲနိုင်ရန်၊ နေကြာစိုက် တောင်သူများအား လာမည့် အောက်တိုဘာနဲ့ နိုဝင်ဘာလများတွင် ပံ့ပိုးပေးနိုင်ရန်တို့အတွက် ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည်ဆွေးနွေးတင်ပြပေးရန်နှင့် ဦးဆောင်ကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် နိုင်ငံခြားငွေဝယ်ယူခွင့်ရရှိရေး မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ဆွေးနွေးပေးနိုင်ရန်နှင့် လိုအပ်သည်များရှိပါက ဦးဆောင်ကော်မတီသို့ အချိန်မီတင်ပြပေးကြရန် ပြောကြားပါသည်။

ထို့နောက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၊ အတွင်းရေး မှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် Consortium အဖွဲ့ တာဝန်ရှိသူတစ်ဦးတို့က ဦးဆောင် ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေ ဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊ ရောင်းချဈေးနှုန်းများအားလည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းဆိုင်ရာများ ဖြည့်စွက်ဆွေးနွေး တင်ပြကြပါသည်။

ဆက်လက်၍  တက်ရောက်လာကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးကြပြီး  ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၄-၈-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm