Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


23 Aug,2022

နေပြည်တော် ဩဂုတ် ၂၂

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ယန်းလော ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော အိမ်ခြေ (၁၂၉) အိမ်၊ အိမ်ထောင်စု (၁၂၄) စု၊ လူဦးရေ (၇၃၄) ဦးရှိ ယန်းလောကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် စံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားရေးမြင့်မားရေးလုပ်ငန်းများ၊ နည်းပညာဖြန့်ဖြူးရေးလုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များနှင့် ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိတို့ သက်ဆိုင်ရာဦးစီးဌာနများအလိုက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် ပေးမည့်လုပ်ငန်းများ တင်ပြခြင်းအပေါ် ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကျေးရွာ ၄၂ ရွာတွင် ခေတ်မီစံပြကျေးရွာများ ဆောင်ရွက်နေပါကြောင်း၊ စံပြကျေးရွာ ရွေးချယ်ရာတွင် အခြေခံမူ (၁၅) ချက်နှင့် ကိုက်ညီသော ကျေးရွာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်ကို အခြေခံရွေးချယ်ပါကြောင်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်းအား နေပြည်တော်ရှိ ကျေးရွာ (၃) ရွာတွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ Cash for Work နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေများကိုလည်း ထည့်သွင်း လျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဤသို့ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒေသခံတစ်ဦးက ခေတ်မီစံပြကျေးရွာအဖြစ်ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအပေါ်တွင်လည်းကောင်း၊ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ်တွင်လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

 ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၊ မြင်းမထိကျေးရွာအုပ်စု၊ နန်းအွန်ကျေးရွာသို့ ရောက်ရှိကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ခြေ (၁၁၇) အိမ်၊ လူဦးရေ (၅၁၈) ဦးနှင့် ယာမြေ (၃၉၅) ဧကအား အကျိုးပြုမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၇၃.၀၈) သန်းဖြင့် ဆောင်ရွက်ခဲ့သော  ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၁၆.၃) သန်းဖြင့် ဆောင်ရွက်ခဲ့သော ဂါလံ (၃၀၀၀၀) ဆံ့ ရေစုကန် တည်ဆောက်ပြီးစီးမှုနှင့် ဆိုလာပန့်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေ၊  ခွင့်ပြုရန်ပုံငွေကျပ် (၃၈.၅) သန်းဖြင့် ဆောင်ရွက်ခဲ့သော ဂါလံ (၅၀၀၀) ဆံ့ရေစုကန် တည်ဆောက်ပြီးစီးမှုနှင့် အရှည် (၉၂၀၀) ပေရှိ အိမ်တိုင်ရာရောက် ရေဖြန့် ဝေပေးနေမှုအခြေအနေ၊ နန်းအွန်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ (၂၀၀) ဦးအတွက် ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ Life Straw အမျိုးအစား သောက်ရေသန့်စက် (၂) လုံး ပေးအပ်လှူဒါန်းမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm