Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် တန် ၃၀ ကျဆန်စက်ဖွင့်ပွဲ ကျင်းပ


22 Aug,2022

နေပြည်တော် ဩဂုတ် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ်အတွင်း “ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်း Agricultural Base Industry သို့ သွားရောက်နိုင်ရေးအတွက် ဟာလာစက်များ အစား (အသေးစား/ အလတ်စား) တန် (၅၀/ ၆၀) ကျ ခေတ်မီသည့် ဆန်စက်များ တည်ဆောက်နိုင်ရေးနှင့် ဆန်ကို အခြေခံသည့် အဆင့်မြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်စေရေး ကူညီဆောင်ရွက်ပေးရန်” လမ်းညွှန်မှာကြားချက်အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် မိုင်းယောင်းမြို့နယ်တွင် တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ကို ဖွဲ့စည်းပေးပြီး တစ်နေ့တန် (၃၀) ကျ ဆန်စက် တည်ဆောက်ရေး လုပ်ငန်းအား ၂၀၂၂ ခုနှစ်၊ မေလတွင် စတင်တည်ဆောက်ခဲ့ရာ ဇူလိုင်လကုန်တွင် တည်ဆောက် ပြီးစီး၍ စမ်းသပ်လည်ပတ်ခဲ့ပါသည်။

အဆိုပါဆန်စက်ဖွင့်ပွဲ အခမ်းအနားအား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းယောင်းမြို့နယ်၊ နမ့်ယွန်းကျေးရွာ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌနှင့် အသင်းသူ အသင်းသားများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိုင်းယောင်းမြို့နယ်တွင် တန် ၃၀ ကျဆန်စက်အား တော်ဝင်မိုင်းယောင်းအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းမှ အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စပါးများ ရောင်းချခြင်း အစား ဆန်တင်ပို့ရောင်းချနိုင်ရန်၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။ ဆက်လက်၍  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက “နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဆန်စက်အား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့ရေးနှင့် သမဝါယမလုပ်ငန်းစဉ်များအတိုင်း ကောင်းမွန်စွာ ရှင်သန်လည်ပတ်နိုင်ရေး မှာကြားခဲ့သည်။

ယင်းနောက် တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌက ဆန်စက်တည်ဆောက်ပုံ လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဒေသခံတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌတို့က ဆန်စက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်းယောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဦးစီးဌာနများမှ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm