Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူမှုစီးပွားမြင့်မားရေး မြစိမ်းရောင်ဖြင့် ဆောင်ရွက်ပေး


22 Aug,2022

မြစိမ်းရောင်ဆိုသည့်အမည်ကပင် အေးမြချမ်းသာရှိလှသည်။ ကျေးလက်နေပြည်သူ များ အတွက် မြစိမ်းရောင်သည် ချစ်ခင်တွယ်တာမြတ်နိုးဖွယ်ဖြစ်သလို မြစိမ်းရောင် စီမံကိန်း၏ အောင်မြင်မှုများမှာလည်း ဝမ်းသာဖွယ်ကောင်းလှသည်။ မြစိမ်းရောင် ကျေးရွာစီမံကိန်းဟု အမည်ပေးရသည့်အကြောင်းကိုလေ့လာ ကြည့်လိုက်သော် မြန်မာ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာလုပ်ငန်းများဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို ဖော်ညွှန်းရန်နှင့် နိုင်ငံတကာတွင် ဆောင်ရွက် နေသော အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထင်ဟပ်စေရန်အတွက် မျှော်မှန်း လျက် အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်းစီမံကိန်းအား မြစိမ်းရောင် ကျေးရွာစီမံကိန်း ဟုအမည်ပေးခြင်းဖြစ်သည်။

          မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ပေးရန်ကျေးရွာများကိုရွေးချယ်ရာတွင် ဆင်းရဲသော ကျေးရွာဖြစ်ခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ရှိခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ စည်းလုံးညီညွတ်မှုနှင့် စိတ်အားထက်သန်မှုရှိခြင်း (ကျေးရွာအား စီမံကိန်းဆောင်ရွက်ပေးရန် လိုလားထက်သန်စွာ တင်ပြတောင်းခံခြင်း)၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေတည်ငြိမ် အေးချမ်းလုံခြုံမှုရှိခြင်းဟူသောအချက်ငါးချက်ကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ ရွေးချယ် ကြောင်း သိရှိရသည်။ ကြီးကြပ်စီမံခန့်ခွဲနိုင်ရန်အတွက် ကျေးရွာမှ အများသဘောတူ မဲစနစ်ဖြင့် ရွေးချယ်ထားသော မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းသည်။

          နိုင်ငံတော်အတွင်း ကွင်းဆင်းကောက်ယူခဲ့သောစစ်တမ်းများအရ ကျေးလက်နေ ဆင်းရဲသူများအတွက် အသက်မွေးဝမ်းကျောင်းနှင့်မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတိုးမဲ့ချေးငွေ သို့တည်းမဟုတ် အတိုးနည်းချေးငွေတစ်ရပ် ထူထောင်ရန် လိုအပ်ကြောင်း တွေ့ရှိရသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများကလိုအပ်နေသောငွေကြေး အရင်းအနှီးအားသက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသည်။ ဤနည်းဖြင့် ရန်ပုံငွေကို တိုးပွားစေကာ ရေရှည်တည်တံ့ခိုင်မြဲသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းအဖြစ် ရပ်တည်လျက်ရှိသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၁၀ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးအမှာစကားတွင် သမဝါယမ လုပ်ငန်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်းအနေဖြင့်လည်း အောင်မြင်တိုးတက်မှုများရှိကြောင်း၊ သမဝါယမအသင်းများကို အမှန်တကယ် လုပ်ကိုင် သူများ စုပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့သည်။ ဤသည်မှာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ လွန်ခဲ့သည့်ရှစ်နှစ်ခန့်ကတည်းကအားကြိုးမာန်တက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း၏အောင်မြင်မှုဖြစ်သည်။

          မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ကျေးရွာ၏ အိမ်ခြေအပေါ် မူတည်ပြီး ရန်ပုံငွေသတ်မှတ်ခြင်းဆောင်ရွက်လျက်ရှိသည်။ အိမ်ခြေ ၁၀ဝ နှင့်အထက်-ကျပ်သိန်း ၃၀ဝ၊ အိမ်ခြေ ၅၀ နှင့် ၁၀ဝ ကြား-ကျပ်သိန်း ၂၀ဝ၊ အိမ်ခြေ ၅၀ နှင့်အောက်-ကျပ်သိန်း ၁၀ဝ၊ အိမ်ခြေ ၈၀ အောက် လျော့နည်းသောကျေးရွာများအား စုစည်းဆောင်ရွက်ခြင်း-ကျပ်သိန်း ၃၀ဝ သတ်မှတ်ဆောင်ရွက် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။ မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်ဒေသနေပြည်သူလူထုတို့အတွက် အဓိကအကျိုးပြုနေသော စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းတိုးတက်အောင်မြင်ရေးမှာ သက်ဆိုင်သူအားလုံးတွင် တာဝန်ရှိပေရာ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်ကြရန် ဖြစ်သည်။

          ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းသွားသည့် စီးပွားရေးကို ပြန်လည်မြှင့်တင် ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေကျပ် ဘီလီယံ ၄၀ဝ မှ အရင်းအနှီး မတည်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လည်း တစ်ပြေးညီဖြစ်စေရေး ထိုက်သင့်သည့် မတည်ငွေများထုတ်ပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြစိမ်းရောင် စီမံကိန်းကျေးရွာများရှိပြည်သူများ၏ စီးပွားရေး၊လူမှုရေးအခက်အခဲများလျော့နည်းသက်သာ စေရန်အတိုးနှုန်းများအားဖြေလျော့ပေးခဲ့ရာ ပထမအကြိမ်တွင် မြစိမ်းရောင် ကျေးရွာများ အနေဖြင့် ငွေကျပ် ၃၄ ဒသမ ၇၅၄ ဘီလီယံနှင့် ဒုတိယအကြိမ်တွင် ငွေကျပ် ၄၆ ဒသမ ၃၃၉ ဘီလီယံပေးသွင်းရန်သက်သာခဲ့ကြောင်း သိရှိရသည်။ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ များသည်ဝိုင်းကြီးချုပ်စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သဖြင့် နှစ်ကာလ ကြာမြင့်လာသည်နှင့် အမျှ တိုးပွားမှုများရှိလာမည်ဖြစ်သည်။ ငွေကြေးတိုးပွားကာလုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝပိုမိုမြင့်မားလာမည်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။

၂၀-၈-၂၀၂၂ ရက်နေ့ ထုတ် မြဝတီသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm