Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


21 Aug,2022

နေပြည်တော် ဩဂုတ် ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ်လ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသ၊ ကျေးလက်လမ်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှူစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျိုင်းတုံခရိုင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာအုပ်စု (၂) အုပ်စု၊ ကျေးရွာ (၁၇) ရွာ၊ အိမ်ခြေ (၉၂၇) အိမ်၊ လူဦးရေ (၅၀၅၇) ဦးအတွက် အကျိုးဖြစ်ထွန်းစေမည့် အရှည် (၇/၆) မိုင်ရှိ နောင်ငင်း-ဝမ်ဆိုင်း(လွယ်)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းသားကျောင်းသူများအား တွေ့ဆုံနှုတ်ဆက်၍  ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်မှ အားထားရသော ပညာတတ်လူငယ်လူရွယ်များ ဖြစ်စေရေး မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများ နှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဦးစီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ ရုံးလုပ်ငန်း စာရွက်စာတမ်းများ ပေါက်ကြားမှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်  မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm