Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ဟု ခေါ်ပါသည် (၃)


19 Aug,2022

မြင့်စိုး(နတလ)

          ယခု ကျွန်တော် ရေးသားတင်ပြနေသော မြစိမ်းရောင် ကျေးရွာစီမံကိန်းဆိုင်ရာ အကြောင်းအရာ အချက်အလက်ကိန်းဂဏန်းများသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေးသားပြုစုထားသော မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲစာစောင်နှင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ တင်ပြချက်စာစောင်တို့အပေါ် အခြေခံ၍ အကျဉ်းမျှ ထုတ်နှုတ်ရေးသား တင်ပြထားခြင်း ဖြစ်ပါသည်။ ပြီးပြည့်စုံသော တင်ပြချက်တစ်ခု မဟုတ်ပါ။ ယခုဆက်လက်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အချို့နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ၏ အားသာချက် အားနည်းချက်များကို တင်ပြလိုပါသည်။

စာရင်းစစ်ဆေးခြင်း

          မြို့နယ်နှင့် ကျေးရွာအဆင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စီမံခန့်ခွဲမှု၊ ချေးငွေ ထုတ်ချေးမှု၊ အတိုး/ အရင်း ပြန်လည်ကောက်ခံမှု၊ စာရင်းထိန်းသိမ်းမှု၊ ချေးငွေလည်ပတ်မှု အခြေအနေများအား မြို့နယ်စာရင်းရုံးမှ စာရင်းစစ်ဆေးသွားမည်ဖြစ်သည်။ မြို့နယ်လုပ်ငန်း အဖွဲ့ (သို့မဟုတ်) လုပ်ငန်းအဖွဲ့ အဆင့်ဆင့်မှ တာဝန်ပေးအပ်သော အဖွဲ့အစည်းများမှလည်း စာရင်းစစ်ဆေးနိုင်ပါသည်။

စောင့်ကြည့်စစ်ဆေးခြင်း

          စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်ရမည့်အဖွဲ့မှာ ကျေးရွာ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ ဖြစ်သည်။ အဆိုပြု ထုတ်ချေးငွေအပေါ် ကျေးရွာသူ ကျေးရွာသားများက အမှန်တကယ်လုပ်ကိုင်ခြင်း ရှိ/ မရှိ ပုံမှန်ကွင်းဆင်းစစ်ဆေးရပါမည်။ လုပ်ငန်းဆောင်ရွက်မှု အားနည်းပါက နှိုးဆော်တိုက်တွန်းခြင်း၊ ခေါ်ယူသတိပေးခြင်း၊ နောက်တစ်ကြိမ် ငွေထုတ်ချေးပေးမည်မဟုတ်ကြောင်း အသိပေးခြင်းများ ဆောင်ရွက် ရပါမည်။ စီမံကိန်းကျေးရွာများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဦးစီးဌာနများ၊ ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများမှလည်း ဝိုင်းဝန်းကြည့်ရှုစစ်ဆေး တည့်မတ်ပေးလျက် ရှိပါသည်။

စစ်တမ်းများ ကောက်ယူခြင်း

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မှု အခြေအနေများ၊ အခက်အခဲများ၊ တိုးတက်အောင်မြင်မှုများကို စိစစ်အကဲဖြတ် သုံးသပ်နိုင်ရန်အတွက် စစ်တမ်းများ ကောက်ယူခြင်းကို အလျဉ်းသင့်သလို ဆောင်ရွက်နိုင် ကြောင်း ဖော်ပြထားပါသည်။

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့သော်

          မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်နေသည့် ဒေသများတွင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှု၊ လေပြင်း တိုက်ခတ်မှု၊ မြေပြိုမှု၊ မီးလောင်မှု၊ ငလျင်ဒဏ်ခံရမှု၊ မိုးခေါင်ခြင်း၊ သီးနှံဖျက်ပိုးများ ကျရောက်ခြင်း စသည်တို့ ကြုံတွေ့ရတာမျိုးလည်း ရှိခဲ့ပါသည်။ ထိုကဲ့သို့ ကြုံတွေ့လာခဲ့လျင် အနီးကပ်ရှိနေသည့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့သည် မြို့နယ်လုပ်ငန်းအဖွဲ့ သို့ စောလျင်စွာ သတင်းပို့ရမည်။ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားများ ကောက်ယူရေး ဆောင်ရွက်ကြရမည်။ အလားတူပင် မြို့နယ်လုပ်ငန်းအဖွဲ့မှ သေချာစွာစိစစ်၍ ပြည်နယ်/ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး များမှတစ်ဆင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)သို့ သတင်းဆက်သွယ်ပေးပို့ရပါမည်။ ဖြေရှင်း ဆောင်ရွက်နိုင်သမျှကိုနည်းလမ်းပေါင်းစုံသုံး၍ ဖြေရှင်းရမည်။ လိုအပ်လျင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးဌာန (ရုံးချုပ်) မှတစ်ဆင့် ဗဟိုကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်လမ်းညွှန်မှုကို ခံယူရမည်ဖြစ်ပါသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အားသာချက်များ

          အောက်ဖေါ်ပြပါ အားသာချက်များကို တွေ့ရှိရပါသည်-

(က)   မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထောက်ပံ့ပေးခြင်းဖြင့် ကျေးရွာသူ ကျေး‌ရွာသားများသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သော

         အရင်းအနှီးကို အတိုးနှုန်းသက်သာစွာ ရရှိစေပြီး လုပ်ငန်းများချဲ့ထွင် လုပ်ကိုင် လာနိုင်ခြင်း၊

( ခ)   တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုသည့်အပြင် ရရှိလာသည့် အတိုးငွေများကြောင့် ကျေးရွာ ရန်ပုံငွေ

         တိုးပွားလာစေခြင်း၊

( ဂ)    ကျေးရွာသူကျေးရွာသားများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန် ခံမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊

(ဃ)   ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် ကျား၊ မ အချိုးဖြင့် ဖွဲ့စည်းရခြင်းကြောင့် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှု အားကောင်းလာခြင်း၊

          သင်တန်းများ တက်ရောက်ခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ ကျား၊ မ တန်းတူညီမျှသော အလေ့အထ ဖွံ့ဖြိုးလာခြင်း၊

( င)    ကျေးရွာ၏ အမှန်တကယ် လိုအပ်ချက်ကို တင်ပြတောင်းခံတတ်လာခြင်း၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့များမှ စာရင်းဇယားအချက်အလက်များ

          ရေးသွင်းပြုစုထိန်းသိမ်းသည့် အလေ့အကျင့်ရရှိလာခြင်း၊

အားနည်ချက်များ

          မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရာတွင် တွေ့ရှိရသော အားနည်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)   ဆောင်ရွက်ရသော ဖွံ့ဖြိုးရေးလုပ်ငန်းပမာဏနှင့် ဝန်ထမ်းအင်အားအချိုးညီမျှမှု မရှိ၍ လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်း

          အောင်မြင်အောင် ပိုမိုကြိုးပမ်းအားထုတ်ခဲ့ရခြင်း၊

( ခ)     အချို့မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များသည် စာရင်းဇယားများ မှန်ကန်စွာ ရေးသွင်းဆောင်ရွက်ရန် အားနည်းခြင်း၊

( ဂ)    နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသော ကျေးရွာများတွင် မြို့နယ်မြစိမ်းရောင် စီမံကိန်း လုပ်ငန်းအဖွဲ့အနေဖြင့် ကွင်းဆင်းကြီးကြပ်ရန် မလွယ်ကူခြင်း၊

(ဃ)    မမျှော်မှန်းနိုင်သော အကြောင်းအမျိုးမျိုးကြောင့် ရန်ပုံငွေ အရင်း၊ အတိုး ပေးသွင်းရန် ပျက်ကွက်ခြင်း၊ ကြွေးကျန်များဖြစ်ပေါ်နေခြင်း၊

( င)     စီမံကိန်းရန်ပုံငွေများကို အလွဲသုံးစားပြုခြင်း၊ ပြန်လည်ပေးဆပ်ရန် ပျက်ကွက် နေခြင်းတို့အပေါ် ထိရောက်မြန်ဆန်စွာ အရေးယူဖြေရှင်းပေးရန်လိုအပ်ခြင်း။

စိတ်ချမ်းမြေ့ခဲ့ရသော မြင်ကွင်းနှစ်ခု

          ပထမမြင်ကွင်းမှာ နေပြည်တော်တွင် ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဥက္ကဋ္ဌ များသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းနှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမ အသင်းတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော စမ်းဝတီသဘာဝမြေဩဇာစက်ရုံကို လာရောက်ကြည့်ရှုလေ့လာကြသည့် မြင်ကွင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးချုပ်များ၊ ဥက္ကဋ္ဌ များအနေဖြင့် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခု ကဲ့သို့ သဘာဝမြေဩဇာများ ထုတ်လုပ်မည်ဆိုပါက မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖိတ်ကြားပြသရခြင်းမှာ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ် ပစ္စည်းများကို အကျိုးရှိသည့် သဘာဝမြေဩဇာများအဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ မကြာမီကာလအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများတွင် သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲကြမည်ဟု အလေးအနက် ယုံကြည် မိပါသည်။ ထိုနေ့မြင်ကွင်းက ကျွန်တော့်ကို စိတ်ချမ်းသာမှု ရစေခဲ့တာတော့ အမှန်ပင်။

          ဒုတိယမြင်ကွင်းကတော့ ဩဂုတ်လ ၁၂ ရက်နေ့နံနက်ပိုင်းက နေပြည်တော် ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရန်ပုံငွေ များ လွှဲအပ်ခြင်းအခမ်းအနား မြင်ကွင်းများပဲ ဖြစ်ပါသည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်အမှာစကား ပြောကြားပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်ဘီလီယံ ၄၀၀ မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇၀ ဘီလီယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ မြစိမ်းရောင်စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့သို့ ပြည်နယ်တစ်ခုလျှင် ၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုလျှင် ၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျှင် ၅ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ဘီလီယံ ၃၃၀ ကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများမှ ဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြပါသည်။

          ထိုသို့ လွှဲပြောင်းပေးရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏စီးပွားရေးကို တိုက်ရိုက် အထောက်အကူပြုစေမည့် စပါးစိုက်ပျိုးရေး၊ ပဲစိုက်ပျိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက် ရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီး ဌာန နှစ်ခုသည် နွေစပါးနှင့် ပဲတီစိမ်း စိုက်ပျိုးရေးကို ဦးတည်ဆောင်ရွက်ကြမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ ယခုကဲ့သို့ ရန်ပုံငွေများထုတ်ပေးခြင်းသည် နိုင်ငံအတွက် အားတစ်ခု ဖြစ်စေမည်ဟု အလေးအနက် ယုံကြည်မိပါသည်။

          ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့တွင် မကြာမီစတင် အကောင်အထည်ဖော်ကြတော့မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းများ သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များ ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်ကို များစွာအထောက်အကူပြုပါလိမ့်မည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမအစုအဖွဲ့ ဝိုင်းကြီးချု်ပစနစ်ဖြင့် အောင်မြင်အောင်ဆောင်ရွက် ကြမည် ဖြစ်သကဲ့သို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းများသည်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်ဖြင့် ဝိုင်းကြီးချုပ်စနစ်ဖြင့် အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။ လက်တွေ့ အကျိုးကျေးဇူးခံစားကြရမည့်သူများကတော့ နိုင်ငံတော်၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေဖြစ်သော ကျေးလက်နေပြည်သူများ ဖြစ်ကြသည်။ စီမံကိန်းအောင်မြင်ရန် သူတို့၏ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါသည်။

          နိဂုံးချုပ်တင်ပြလိုသည်မှာ အထက်တွင် ရေးသားတင်ပြခဲ့သော မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲစာစောင်ပါအချက်အလက်များသည် အကျဉ်းမျှ သာဖြစ်သည်။ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းနှင့်ကိုက်ညီသော စီမံကိန်းဒီဇိုင်းဖြစ်ရန် လိုပါသည်။ ဆောင်ရွက်မည့် နည်းလမ်း၊ ဖွဲ့စည်းမှု၊ ရန်ပုံငွေ လည်ပတ် စီးဆင်းမှုများကအစ ပြောင်းလဲသင့်သည်များကို ပြောင်းလဲရမည်ဖြစ်သည်။ ကျွန်တော်တို့ အားလုံး ကိုယ်စီကိုယ်စီယူထားရသည့် တာဝန်တွေ ရှိလာကြပြီဖြစ်သည်။ အောင်မြင်မှု အသီးအပွင့်များကို ကျေးလက်နေပြည်သူများ ရရှိခံစားကြရမည်ဟူ၍လည်း အလေးအနက် ယုံကြည်ထားပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm