Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ဟု ခေါ်ပါသည် (၂)


18 Aug,2022

မြင့်စိုး(နတလ)

          မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ အမည်ခေါ်တွင်ပုံ၊ စီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အခြေခံရမည့် မူများ၊ ဆောင်ရွက်ရမည့် နည်းလမ်း၊ ရန်ပုံငွေသတ်မှတ်ခြင်း၊ ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကျေးရွာအဆင့်တွင် ဆောင်ရွက်ရမည့် အဓိကကျသော လုပ်ငန်းစဉ်များကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါစီမံကိန်းကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် အချက်များ၊ သိမှတ် ဖွယ်ရာများနှင့် စပ်လျဉ်း၍ ဆက်လက်တင်ပြသွားပါမည်။

စီမံကိန်းကျေးရွာများ ပြောင်းလဲဆောင်ရွက်ခြင်း

          မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာများတွင် အောက်ပါအခြေအနေ တစ်ရပ်ရပ်ဖြစ်ပေါ်လာခဲ့သည်ဆိုပါက စီမံကိန်းကျေးရွာ ပြောင်းလဲဆောင်ရွက်နိုင်ပါသည် -

(က)   ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့နှင့် ကျေးရွာသူ ကျေးရွာသားများက စီမံကိန်းကို ဆက်လက်ဆောင်ရွက်လိုမှု မရှိခြင်း၊

(ခ)     စီမံကိန်းအပေါ် စိတ်ပါဝင်စားမှု အားနည်းခြင်း၊ စည်းလုံးညီညွတ်မှု မရှိခြင်း၊

(ဂ)    စီမံကိန်းရန်ပုံငွေများအား ပုံမှန်ပြန်လည်ပေးဆပ်မှု မရှိခြင်း၊

(ဃ)   ကာလရှည်ကြွေးကျန်များ ဖြစ်ပေါ်နေခြင်း

(င)    ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ (သို့မဟုတ်) ကျေးရွာသူ ကျေးရွာ သားများက စီမံကိန်းရန်ပုံငွေအား အလွဲသုံးစားပြုခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ စီမံကိန်း

         လက်စွဲစာစောင်ပါ လုပ်ထုံးလုပ်နည်းများအား လိုက်နာမှုမရှိခြင်း၊

(စ)    ကျေးရွာမှ စီမံကိန်းအောင်မြင်အောင် စီမံခန့်ခွဲလည်ပတ်နိုင်မှု မရှိခြင်း

ဘဏ္ဍာရေးဆပ်ကော်မတီဖွဲ့စည်းရမည်

          စီမံကိန်းရန်ပုံငွေနှင့် သက်ဆိုင်သည့် ငွေကြေးများ ကိုယ်တွယ်သုံးစွဲခြင်း၊ ငွေစာရင်း ထိန်းသိမ်းခြင်းနှင့် အစီရင်ခံခြင်း အစရှိသည့်ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေး ဆပ်ကော်မတီကို ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက ရွေးချယ်ပေးသည့် ပုဂ္ဂိုလ် ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ၎င်းတို့ ၃ ဦးသည် ဘဏ္ဍာရေးဆပ်ကော်မတီတွင် ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ စာရင်းကိုင် တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။

မြစိမ်းရောင်၏ သက်သာသောအတိုးနှုန်း

          ကျေးရွာသူ ကျေးရွာသားများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသောလူမှုစီးပွားဘဝ အခြေအနေ မြင့်မားတိုးတက်လာစေမည့် ကိုယ်ပိုင်ဝင်ငွေရ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အလို့ငှာ ချေးငွေထုတ်ချေးပေးရာတွင် အများသဘောတူညီချက်အရ ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့က အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားသောအတိုးနှုန်းမှာ ငွေ ၁၀၀ ကျပ်အတွက် တစ်လအတိုးငွေ ၅၀ ပြားမှ ၁ ကျပ် ၅၀ ပြားအတွင်းသာ ဖြစ်ပါသည်။ ချေးငွေ ပြန်လည်ပေးဆပ်ရန် ကာလသတ်မှတ်ချက်မှာလည်း ကျွဲ၊ နွားများ၊ နွားနောက်များ မွေးမြူသူများအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ ၃ နှစ်၊ အခြားလုပ်ငန်းများ အတွက် ၁ နှစ် သတ်မှတ်ထားပြီး ကာလရှည် ၃ နှစ် သမားများအနေဖြင့် ၁ နှစ် ၁ ကြိမ် စာချုပ်ချုပ်ဆို သက်တမ်းတိုးရပါမည်။

          ကိုဗစ်ကပ်ရောဂါ Covid ကာလအတွင်း မြစိမ်းရောင်စီမံကိန်းကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး အခက်အခဲများ လျော့နည်းသက်သာစေရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံကိန်း လက်စွဲစာစောင်ပါ ပြဌာန်းချက်ပါအတိုင်း အတိုးနှုန်းများအား ဖြေလျှော့သတ်မှတ်ပေးခဲ့ သည်။ ယင်းကဲ့သို့ ဖြေလျှော့သတ်မှတ်ပေးမှုကြောင့် ပထမအကြိမ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ၂၀၂၁ ခုနှစ်၊ မတ်လအထိ ကာလအတွင်း ငွေကျပ် ၁၀၀ အတွက် ၁ လလျှင် အတိုးနှုန်း ၅၀ ပြားသာ ကောက်ခံရန် သတ်မှတ်ပေးခဲ့သည်။ ယင်းကဲ့သို့ ဖြေလျှော့ပေးမှုကြောင့် နိုင်ငံအဝှမ်း မြစိမ်းရောင်ကျေးရွာများအနေဖြင့် ငွေကျပ် ၃၄ ဒဿမ ၇၅၄ ဘီလီယံ ပေးသွင်းရန် သက်သာ ခဲ့ကြသည်။ ထိုကဲ့သို့ပင် ဒုတိယအကြိမ် ဖြေလျှော့မှုအဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထိ အထက်ပါနှုန်းအတိုင်း သတ်မှတ်ပေးခဲ့ရာ ငွေကျပ် ၄၆ ဒဿမ ၃၃၉ ဘီလီယံ ပေးသွင်းရန် သက်သာခဲ့ကြသည်။ ကျေးလက်နေ ဆင်းရဲနွမ်းပါးသူများ အတွက် မြစိမ်းရောင်စီမံကိန်း၏ စာနာမှုတစ်ခု ပါပေတည်း။

 

အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း

          စီမံကိန်းသို့ ပြန်လည်ပေးသွင်းရသည့် အတိုးငွေများဖြင့် ရန်ပုံငွေတိုးပွားအောင် ဆောင်ရွက်နိုင်သကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်လည်း သုံးစွဲနိုင်ပါသည်။ တစ်ခု သတိပြုရမည်မှာ မြစိမ်းရောင်စီမံကိန်း၏ အဓိကစည်းမျဉ်းဖြစ်သော အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သန်း ၃၀ (အချို့သန်း ၂၀၊ အချို့ ၁၀ သန်း) လျော့နည်းပျောက်ပျက် မသွားစေရေး အထူးအလေးထားရပေမည်။ အတိုးငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါသတ်မှတ်ချက်များအား လိုက်နာရပါမည် -

(က)   စီမံကိန်းကာလ ၃ နှစ်ပြည့်မြောက်ပြီး စတုတ္ထနှစ်စက်ဝန်းသို့ ရောက်ရှိချိန်မှသာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲဆောင်ရွက်ရန် (သို့မဟုတ်) အတိုးရငွေသည်

         ကျပ် ၁၀ သန်းနှင့်အထက် ရရှိလာမှသာ ဆောင်ရွက်ရန်၊

(ခ)     အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းကိုသာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သုံးရန်နှင့် ကျန် ၅၀ ရာခိုင်နှုန်းကို မူလလည်ပတ်ငွေများနှင့်ပေါင်းပြီး ပြန်လည်ထုတ်ချေးရန်၊

(ဂ)    ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ပြီးပါက နောက်ထပ် အတိုးရငွေ ကျပ် ၁၀ သန်းကျော်မှသာ အခြားသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန်၊

(ဃ)   ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ကြိုတင်ဆောင်ရွက်ထားသော လုပ်ငန်းများအတွက် မြစိမ်းရောင်အတိုးရငွေကို ကျခံသုံးစွဲခွင့်မရှိ၊ ချက်ချင်းအကျိုးရလဒ်(Quick Win) ရရှိ

         သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်၊

          အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကျုံးဝင်သော လုပ်ငန်းများ၊ အကျုံးမဝင်သော လုပ်ငန်းများဟူ၍လည်း ခွဲခြားသတ်မှတ်ထားပါသေးသည်။ ကျေးရွာလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျေးရွာ၏ အခြေခံအဆောက်အအုံများ ကို ပြန်လည်ပြင်ဆင်ခြင်း၊ အသေးစားတိုးချဲ့ခြင်း၊ အဆင့်မြှင့်ခြင်းလုပ်ငန်းများ၊ ကျေးရွာ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေးဆိုင်ရာ ဆက်စပ်လုပ်ငန်းများ အစရှိ သည်တို့ကို အကျုံးဝင်သောလုပ်ငန်းများတွင် ထည့်သွင်းသတ်မှတ်ထားပါသည်။ တစ်ဦး တစ်ယောက် (သို့မဟုတ်) အစုအဖွဲ့တစ်ခုကိုသာ အကျိုးဖြစ်စေမည့် လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သော၊ ထိခိုက်စေနိုင်သော လုပ်ငန်းများ၊ နည်းပညာပိုင်းဆိုင်ရာ ခက်ခဲရှုတ်ထွေးသောလုပ်ငန်းများ၊ ရုံးအဆောက်အဦဆောက်လုပ်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ အစရှိသည်တို့မှာ အကျုံးမဝင်ဟု သတ်မှတ်ထားသော လုပ်ငန်းများ ဖြစ်ကြသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းများကို ခွင့်မပြုပေ။

အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့ကြသော ဖွံ့ဖြိုးရေးလုပ်ငန်းများ

          အတိုးရငွေအား သုံးစွဲရမည့် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ သုံးစွဲဆောင်ရွက် လာခဲ့ကြရာ မြစိမ်းရောင်စီမံကိန်း စတင်ခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ယနေ့ထိ မြို့နယ် ပေါင်း ၂၆၆ မြို့နယ်၊ ကျေးရွာပေါင်း ၂၉၇၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၅၂၀ ခု ကို ဆောင်ရွက်ခဲ့ကြပြီး ဖြစ်သည်။ ယင်းလုပ်ငန်းများထဲတွင် လမ်း၊ တံတားလုပ်ငန်း ၁၈၆၂ ခု၊ ရေရရှိရေးလုပ်ငန်း ၁၉၄ ခု၊ မီးလင်းရေးလုပ်ငန်း ၉၁၇ ခု၊ စာသင်ကျောင်း ၁၃၄ ကျောင်း၊ ဆေးပေးခန်း ၉ ခု၊ စာကြည့်တိုက် ၁၂ ခု၊ ဘက်စုံသုံးခန်းမဆောင် ၁၉၂ ခု၊ အခြားလုပ်ငန်းများ ၂၀၀ ခုတို့ဖြစ်ပါသည်။ ထူးခြားချက်မှာ အထက်ပါကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ၏ စုစုပေါင်း တန်ဖိုး ၃၈ ဒဿမ ၂၃ ဘီလီယံတွင် အတိုးမှလုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲငွေ ၂၅ ဒဿမ ၂၅ ဘီလီယံ၊ ပြည်သူလူထု၏ ထည့်ဝင်ငွေ ၁၂ ဒဿမ ၉၈ ဘီလီယံပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ပြည်သူလူထုသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ယုံကြည်သည့်အပြင် မိမိတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အသိစိတ်၊ တာဝန်သိစိတ်ကို ဖော်ထုတ်ပြသလိုက်ခြင်းပင် ဖြစ်ပေသည်။ တစ်နည်းဆိုရလျှင် ကျေးရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဆောင်ရွက်တတ်လာသည့် အလေ့အကျင့် ကောင်းများ ရရှိလာခြင်းပင် ဖြစ်သည်။

          ထိုထက်ပို၍ ရည်ညွှန်းဆိုရလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ “ကျေးရွာစိတ်ဓာတ်” ဆောင်ပုဒ်ပါအတိုင်း ဒို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒို့အားလုံးတွင် တာဝန်ရှိသည်၊ စည်းလုံးညီညွတ်ပါ၊ တက်ကြွစွာပူးပေါင်းဆောင်ရွက်ပါ၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် မွေးမြူပါ၊ မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ် မွေးမြူပါ၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း များကို တန်ဖိုးထားပါ၊ အကျိုးရှိစွာအသုံးပြုပါ ဆိုသည့် ယုံကြည်ချက်၊ ခံယူချက်များ ပြည့်ဝ သည့် ကျေးရွာသူကျေးရွာသားများ ဖြစ်လာကြသည်။

စီမံကိန်း၏ အကျိုးရလဒ်များ

          မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များထဲတွင် အလုပ်အကိုင် အခွင့်အလမ်း နှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန် ဆိုသည့် အချက်လည်းပါဝင်ပေရာ အကောင်အထည်ဖော်ပြီး ကျေးရွာအသီးသီးမှ ဒေသခံ ပြည်သူများ လက်တွေ့ခံစားနေရသော အကျိုးရလဒ်များက အဆိုပါရည်ရွယ်ချက် ပေါက် မြောက်အောင်မြင်ကြောင်း သက်သေပြနေပေသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရိုးကြီးကျေးရွာနေ ဒေါ်လှကြည်၏ ရင်တွင်းစကားကို နားထောင်ကြည့်စေချင်ပါသည်။

                        “အရင်က စားဝတ်နေရေးကို ကြုံရာကျပန်းလုပ်ပြီး ခက်ခက်ခဲခဲ

                        ဖြေရှင်းခဲ့ရတယ်၊ မြစိမ်းရောင် ချေးငွေလေးရတော့ ပန်းစိုက်ဖို့

                        မြေကွက်လပ်လေး နည်းနည်းဝယ်၊ ပန်းတွေစိုက်၊ တစ်နေ့ဝင်ငွေ

                        ၅၀၀၀ ကျပ်လောက် ရလာတယ်၊ ငွေပိုငွေလျှံလေးလည်း

                        ထွက်လာတယ်၊ အခုဆို မြစိမ်းရောင်ကျေးဇူးကြောင့် ကျွန်မတို့

                        သားအမိ အရင်လို ကြုံရာကျပန်းလုပ်ရတဲ့ဘဝ မဟုတ်တော့ဘူး၊

                        ပုံမှန်ဝင်ငွေရ အလုပ်ကလေးနဲ့ ဖြစ်နေပြီ” ……..တဲ့လေ။

          နောက်ထပ်စကားသံတစ်ခုကို ကျွန်တော်မျှဝေပေးချင်ပါသေးသည်။ သူက ဒေါ်တင်ဆန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရေအိုးစင်ကျေးရွာက ဖြစ်၏။ မိရိုးဖလာ နှီးတောင်းလေးများ ရက်လုပ်ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည်။ ဒေါ်တင်ဆန်း ပြောလာသည်ကတော့ -

                        “အရင်က နှီးတောင်းရက်ရင်သုံးတဲ့ ကုန်ကြမ်းတွေကို

                         အကြွေးနဲ့ချေးပြီး ပေးဝယ်ရတော့ အမြတ်အစွန်း နည်းတယ်၊

                        အခု မြစိမ်းရောင်ချေးငွေ ရတယ်၊ အတိုးပေးရတာလည်း

                        အရမ်းနည်းတယ်၊ ကုန်ကြမ်းပစ္စည်းတွေ လက်ငင်းဝယ်နိုင်လာတယ်

                        အရင်ကထက် အမြတ်အစွန်း ပိုလာတာပေါ့၊

                        မိသားစုစားဝတ်နေရေး အဆင်ပြေလာတယ်”

          လက်တွေ့ဆန်သော၊ အပိုအလိုမရှိသော၊ ဘဝနှင့်ထပ်တူကျသော ရင်ထဲကလာသည့် မြစိမ်းရောင် ပဲ့တင်သံများဟုဆိုလျှင် လွန်အံ့မထင်ပါ။ သို့သော် မြစိမ်းရောင်ကျေးရွာစီမံကိန်း သည် မည်သည့်အခက်အခဲမျှမရှိ၊ မည်သို့သော အထစ်အငေါ့မျှ မကြုံရပါဘဲ စင်းလုံးချော အောင်မြင်ခဲ့သည်ဟု ပြောဖို့ရာမလွယ်ကူပါ။ အခက်အခဲများစွာနှင့် ကြုံခဲ့ရသည်။ ထိုအခက် အခဲများကို ဖြတ်သန်းကျော်လွှား၍ သူတို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ သူတို့ ဆိုသည်မှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများပါပေတည်း။

(ဆက်လက်ဖော်ပြပါမည်။)


ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm