Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နှင့်မြို့ပြအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက်ကို လျှော့ချနိုင်မည်ဖြစ်


16 Aug,2022

နေပြည်တော် ဩဂုတ် ၁၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆိုရင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနှင့် ပြည်သူများ အားကိုးယုံကြည်တဲ့ ဦးစီးဌာနအဖြစ် တည်ထောင်ခဲ့သည်မှာ (၅) နှစ် ကာလတိုင်အောင် ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသမှာ နေထိုင်ကြသည့်အတွက် မြို့ပြနဲ့ ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို နိုင်ငံတော် အစိုးရအနေဖြင့် အထူးအလေးထား စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်၊ နည်းပညာနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ပါကြောင်း၊ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ဌာနတစ်ခုနှင့်တစ်ခု၊ ကဏ္ဍတစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ၁ နှစ်နှင့် ၆ လ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင် “နိုင်ငံအတွင်းမှာရှိတဲ့ ၇၀ % ခန့်ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို အခြေခံတဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ ဖြစ်ကြောင်း၊ ဒါကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို ခေတ်မီနည်းစနစ်တွေနဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်လာ အောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ ကျေးလက် လူနေမှုဘဝမြင့်ရင် တိုင်းပြည်ရဲ့ လူမှု အဆင့်အတန်းလည်း မြင့်မားလာမှာဖြစ်ကြောင်း” ဟု ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် သမဝါယမကဏ္ဍနဲ့ အသေးစားစက်မှု လက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေပါကြောင်း၊ ဤသို့ဆောင်ရွက်ပေးခြင်းအားဖြင့် မြို့ပြနှင့် ကျေးလက်များအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း စေရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးကို မျှော်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊   ကျေးလက်နေပြည်သူများရဲ့ ဒေသထွက်ကုန်များ အရည်အသွေး ပြည့်မီစွာ ဈေးကွက်တင်ပို့နိုင်ရေးအတွက် သွင်းအားစုနဲ့ နည်းပညာများ လိုအပ်သကဲ့သို့ ကျေးရွာနှင့် မြို့ပြ ချိတ်ဆက်သောလမ်းများ၊ ကျေးရွာနှင့်ဈေးကွက် ချိတ်ဆက်သောလမ်းများ စသည့် ကျေးလက်လမ်းကွန်ယက်များ ချိတ်ဆက်ရန်လည်း လိုအပ်လျက် ရှိနေကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ဒေသထွက်ကုန်များ အချိန်တိုအတွင်း လွယ်ကူစွာတင်ပို့ရောင်းဝယ် ဖောက်ကား နိုင်ရေး ကျေးလက်လမ်းတံတားများ ကောင်းမွန်မှသာ ကျေးလက်ဖွံ့ဖြိုးရေး အနှစ်သာရ၏  အသီး အပွင့်များအား ခံစားနိုင်ကြမည်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းများအားလုံး နားလည်သဘောပေါက်ရန် လိုအပ်သည်ဟု အသိပေးပြောကြား လိုပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကွင်းဆင်းသွားရောက်သည့်အခါမှာလည်း ကျေးလက်ပြည်သူများက ကျေးလက်လမ်း လိုအပ်ချက်ကို အမြန်ဆောင်ရွက်ပေးရန် အမြဲတင်ပြ တောင်းခံနေတာကို တွေ့မြင်ကြားသိနေရပါကြောင်း၊

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် အမျိုးသားအဆင့် ကျေးလက်လမ်းများ မဟာ ဗျူဟာ ရေးဆွဲချမှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် မဟာဗျူဟာပါ ရည်မှန်းချက် ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်မှာ ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့်လမ်းများ ဖြစ်ပေါ်အသုံးပြု နိုင်ရေးကို အစဉ်အမြဲ စီမံဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ ကျေးလက်လမ်းများ ဆောင်ရွက်ခြင်းအားဖြင့်လည်း ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ ဈေးနဲ့ အခြားဝန်ဆောင်မှုများအပြင် နိုင်ငံအဝန်း ဖွံ့ဖြိုးရေး ဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ဖြေရှင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ထို့ပြင် ကျေးလက် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများသည် နိုင်ငံအတွင်း မြို့ပြနဲ့ ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရုံသာမက ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးစေရန်အတွက် လည်း အထူးကဏ္ဍတစ်ရပ်အနေနှင့် အရေးပါသောကြောင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စေတနာထားပြီး ယခင်ကထက် ပိုမိုကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ အကြီးအကဲများ၊ ခေါင်းဆောင်များအနေဖြင့် ကျေးလက်နေ ပြည်သူများအပေါ် စေတနာထား၍ ကူညီပံ့ပိုးပေးချင်စိတ်များ အစဉ်အမြဲ မွေးမြူ ထားရန်လိုအပ်ပြီး မိမိတို့လုပ်ပေးနိုင်သည်၊ ကူညီနိုင်သည်များကို မြန်မြန်ဆောင်ရွက်ကြရန်၊ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ ရှာဖွေပေးကြရန် အထူးမှာကြားလိုပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုတိုင်းတွင် အခက်အခဲများ၊ ပြဿနာများ ရှိနိုင်ပါကြောင်း၊ ပြဿနာတိုင်းတွင် ဖြေရှင်း နိုင်သော နည်းလမ်းများရှိသည့်အတွက် အတူတကွဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးနည်းလမ်းဖြင့် ရှေ့ဆက်ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ကြုံတွေ့လာနိုင်တဲ့ Risk များအတွက်လည်း ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် အထူးမှာကြားလိုပါကြောင်း၊

ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းမစတင်မီကတည်းက မြေပြင် အခြေအနေကို သိရှိနိုင်ရန်အတွက် Feasible Study ကို စနစ်တကျဆောင်ရွက်ပြီး Design များကို သေချာစွာ ရေးဆွဲဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ မိမိအနေနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ စည်းမျဉ်းများကို တန်ဖိုးထားတဲ့အတွက် အင်ဂျင်နီယာ ဝန်ထမ်းများကိုယ်တိုင်ကလည်း တန်ဖိုးထားရန်လိုအပ်ပြီး အင်ဂျင်နီယာကျင့်ဝတ်၊ ဝန်ထမ်း ကျင့်ဝတ်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊

          ကျေးလက်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားသော တင်ဒါစည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်၊ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာသုံးစွဲ ကြရန် မှာကြားလိုပါကြောင်း၊ ထို့ပြင် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစေရေးအတွက် Quality Control လုပ်ငန်းစဉ်များကို စနစ်တကျစစ်ဆေးရန်၊ လုပ်ဆောင်မှုတိုင်းကို စနစ်တကျ မှတ်တမ်းထားရှိပြီး စာရင်းစစ်ဆေးခံနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားလိုပါကြောင်း၊ အထူးသဖြင့် မိမိတို့ဆောင်ရွက်တဲ့ လုပ်ငန်း စဉ်တလျှောက်လုံးမှာ အဂတိတရားကင်းရှင်းစွာနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ဌာနစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးအတွက် အစဉ်အမြဲရှေးရှပြီး တက်ညီလက်ညီ အကောင်းဆုံး ဆက်လက်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများက လုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း (၂၁၉၆) မိုင်၊ တံတား (၁၈၁၉) စင်း အရှည် (၇၁၄၉၉) ပေ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့မှ လိုအပ်သည်များအား ဖြည့်စွက် ဆွေးနွေးကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm