Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်


12 Aug,2022

နေပြည်တော် ဩဂုတ် ၁၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံဦးစီးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကာ တည်ဆောက်ရေးတာဝန်ခံမှ စီမံကိန်းသည် ကျေးရွာ (၁၇) ရွာ၊ အိမ်ခြေ (၃၇၆၇) အိမ်၊ လူဦးရေ (၁၈၀၈၄) ဦးအား အကျိုးပြုပါကြောင်း၊ တံတား ခံနိုင်ဝန်တန် (၃၆) တန်ဖြစ်ပြီး သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပါကြောင်း၊ အလျားပေ (၆၀၀)၊ အကျယ်ပေ (၂၀) ဖြစ်ပြီး စီမံကိန်းပြီးစီးမှုအနေဖြင့် ၃၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ရာတွင် တံတားခံနိုင်ဝန်၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းအား သတ်မှတ် ဘဏ္ဍာနှစ်အတွင်း အောင်မြင်ပြီးစီးရေးနှင့် ဝန်ထမ်းများအား ကြိုးပမ်းဆောင်ရွက်ရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဗဟိုဝန်ထမ်း တက္ကသိုလ် တက်ရောက်အောင်မြင်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ လာရောက်လေ့လာ ကြသော ဦးစီးအရာရှိများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရွက်ရာတွင် စေတနာထား၍ ဆောင်ရွက်ကြရန်နှင့် အခြားသောဌာနဆိုင်ရာများနှင့် ချိန်ဆက်ဆောင်ရွက်တတ်စေရေး ကြိုးစား လေ့လာသင်ယူသွားကြရန် မှာကြားခဲ့ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းနှင့် ကြို့ပင်သာကျေးရွာတို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ မြင့်မားရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်က ဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူများ အမှန်တကယ်လိုအပ်သည့် အရင်းအနှီး၊ နည်းပညာပံ့ပိုးမှု၊ တန်ဖိုးမြှင့်ထုတ်ကုန် သင်တန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ မိမိတို့ဝန်ကြီးဌာနတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပါဝင်လာပြီး ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ် ရေး ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ တောင်သူများရဲ့ လိုအပ်ချက် များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးနေ ကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာအစား သဘာဝကုန်ကြမ်းပစ္စည်းများနှင့် ဖော်စပ်ထုတ်လုပ် ထားသည့် သဘာဝမြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက် နိုင်သည်များကို ဆွေးနွေးကြပြီး ပြည်သူများမှ လိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား တည် ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူး တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေးတာဝန်ခံမှ ယခု စီမံကိန်းသည် ကျေးရွာ (၁၂) ရွာ၊ အိမ်ခြေ (၃၁၃၆) အိမ်၊ လူဦးရေ (၁၄၁၇၆) ဦးအား အကျိုးပြု ပါကြောင်း၊ အလျားပေ (၈၄၀)၊ အကျယ်ပေ (၂၂) ဖြစ်ပြီး Bored Pile အုတ်မြစ်နှင့် သံကူ ကွန်ကရစ်အမျိုးအစား ဖြစ်ပါကြောင်း၊ စီမံကိန်းပြီးစီးမှုအနေဖြင့် ၁၉ ရာခိုင်နှုန်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လွန်စွာအရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပြီး စီမံကိန်းများအား သတ်မှတ်ဘဏ္ဍာနှစ် အတွင်း အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးကို တာဝန်ရှိသူအသီးသီးက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း ဦးစီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အောင်မြင်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးပင်နှင့် အေးချမ်းသာ ကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ပြည်သူများမှ စိတ်တူကိုယ်တူ၊ တက်ညီလက်ညီဖြင့် အမှန်တကယ် လုပ်ငန်းများ ဆောင် ရွက်လိုသူများကို ပေါင်းစည်း၍ သမဝါယမစနစ်၊ သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် စေလိုကြောင်း၊ လိုအပ်သည့် အရင်းအနှီးများ၊ နည်းပညာ၊ လယ်ယာသုံးစက်ပစ္စည်းများ ကူညီပံ့ပိုး ပေးမည်ဖြစ်ကြောင်း၊ ရေရရှိရေးအတွက် Solar စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ အချိန်မီ သယ်ပို့ထုတ်လုပ်နိုင်ရေး ကျေးလက်ကုန်ထုတ်လမ်း များ၊ ကျေးရွာချင်းဆက်လမ်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနေကြောင်း ပြော ကြားကာ ပြည်သူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

          အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူး တံတား တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm