Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်များ စမ်းဝတီ သဘာဝမြေဩဇာစက်ရုံအား ကြည့်ရှုလေ့လာ


11 Aug,2022

နေပြည်တော် ဩဂုတ် ၁၁

          နိုင်ငံတော်အကြီးအကဲ၏ ရှမ်းပြည်နယ်(တောင်ပိုင်း) ခရီးစဉ်အတွင်း “ကြက်၊ ဝက်၊ နွားမွေးမြူရေးကို စနစ်တကျ မွေးမြူပြီး ကြက်ဥနှင့် အသားထုတ်လုပ်ရေးအပြင် ဇီဝဓါတ်မြေဩဇာ ရရှိရေးကိုလည်း ဆောင်ရွက်ရန်” ဟူသော လမ်းညွှန်ချက်အရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရီမြို့နယ်၊ လယ်သာနှင့် ကျောက်စရစ်ကုန်း ကျေးရွာအနီး ၅ ဧက အကျယ်အဝန်း၌ နို့စားနွားကောင်ရေ ၄၀၀ ကျော် မွေးမြူထားသည့် စမ်းဝတီနို့စားနွား မွေးမြူ ရေးခြံသို့ ရောက်ရှိလေ့လာခဲ့၍ နွားချေးများ အလဟဿမဖြစ်စေဘဲ သဘာဝမြေဩဇာ ထုတ်လုပ် ရန် တိုက်တွန်းမှာကြားခဲ့ပြီး စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမ အသင်းကို ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့်တိုင်းတို့မှ ဥက္ကဋ္ဌများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းနှင့် စမ်းဝတီ‌မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်း တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော စမ်းဝတီ သဘာဝမြေဩဇာစက်ရုံအား ကြည့်ရှုလေ့လာ ခဲ့ကြပါသည်။

ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ စမ်းဝတီ သဘာဝမြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်း စတင်ပေါ်ပေါက်လာပုံ၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်ပေးနေမှု၊ သမဝါယမအသင်း ဖွဲ့စည်းပေးမှု၊ ဈေးကွက် ရှာဖွေချိတ်ဆက်ပေးမှု၊ အခြေခံသမဝါယမအသင်းများမှတစ်ဆင့် အသင်းသားတောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုနှင့် သမဝါယမအသင်းသား တောင်သူများအတွက် သဘာဝမြေဩဇာများ ထောက်ပံ့ပေးမှုအခြေအနေများ၊ စမ်းဝတီမှ ထုတ်လုပ်သော သဘာဝ မြေဩဇာအပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ် သော စွမ်းထက်အားဖြည့် သဘာဝမြေဩဇာနှင့် ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုမှ ထုတ်လုပ် သော ဗေဒါသဘာဝမြေဩဇာတို့ကို ခင်းကျင်းပြသထားမှုအားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ စမ်းဝတီ နို့စားနွား မွေးမြူရေးခြံ စတင်ပေါ်ပေါက်လာပုံ၊ နို့စားနွားများ မွေးမြူထားမှု၊ နွားစာများ စိုက်ပျိုးထုတ်လုပ်မှု၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေမှု၊ အခြေခံပညာမူလတန်းကျောင်းသား/ သူများအား နွားနို့ တိုက်ကျွေးနိုင်မှု၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများအားလည်းကောင်း၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌ၊ စက်ရုံတာဝန်ခံမှ စမ်းဝတီ သဘာဝ မြေဩဇာစက်ရုံ ဖြစ်ပေါ်လာပုံအကျဉ်း၊ နို့စားနွားများမွေးမြူထားရှိမှု၊ နွားနို့ထွက်ရှိမှုနှင့် ဖြန့်ဖြူးမှု များ၊ စမ်းဝတီသမဝါယမအသင်း၏ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်မှု၊ သဘာဝမြေဩဇာ အရည် အသွေး စစ်ဆေးထားမှု၊ မြေဩဇာတစ်အိတ် ထုတ်လုပ်နိုင်ရေး ကုန်ကျစရိတ်၊ သဘာဝမြေဩဇာ အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ တောင်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှု၊ သဘာဝမြေဩဇာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးမှုမှ စပါးထွက်ရှိမှုအခြေအနေ၊ စိုက်ပျိုး နည်းစနစ်နှင့် လေ့လာတွေ့ရှိချက်များအားလည်းကောင်း Powerpoint များဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအာဏာပိုင်များက စက်ရုံအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာမှု အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအာဏာ ပို်ငများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး ပြည်နယ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သဘာဝမြေဩဇာများ ထုတ်လုပ်မည်ဆိုပါက မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တတ်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ဖိတ်ကြားပြသရခြင်းမှာ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများအား အကျိုးရှိသည့် သဘာဝမြေဩဇာများအဖြစ် မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြန်လည်ထုတ်လုပ် အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

စမ်းဝတီမှ ထွက်ရှိသော ထုတ်ကုန်များကို FDA ထောက်ခံချက်၊ နို့စားနွား မွေးမြူခွင့် လိုင်စင်များနှင့် အသေးစားစက်မှုလက်မှုလိုင်စင်များ ရယူ၍ ဆောင်ရွက်လျက်ရှိပြီး နို့စားနွား ၃၂၂ ကောင် မွေးမြူထားကြောင်း၊ နေ့စဉ် နွားနို့ပိဿာချိန် ၄၀၀ ခန့် ထွက်ရှိပြီး ရွှေပုစွန်၊ မြစိမ်းရောင်၊ ပျဉ်းမနားမြို့တွင်းရှိ ဆိုင်များ၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးတပ်များ၊ စမ်းဝတီ နို့ထွက်ပစ္စည်း စက်ရုံတို့ကို နို့စိမ်း၊ ဒိန်ချဉ်၊ အသင့်ပိုးသတ်ကြိုချက်ပြီး နွားနို့များကို ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အဆင့်မြင့်ဈေးဝယ်စင်တာများဖြစ်သော Ocean Super Center၊ ABC Store များ၊ City Mart များတွင်လည်း ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးနိုင်ရေး အစီ အစဉ်၌လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ စမ်းဝတီသဘာဝမြေဩဇာကို ကုန်ကြမ်းပစ္စည်း များဖြစ်သည့် နွားချေး၊ ဂျပ်ပဆန်/ ဒိုလိုမိုက် ကျောက်များ၊ အရိုးများ၊ တီကောင်များ၊ ကြက်ချေး၊ လင်းနို့ချေးများ စသည်တို့ဖြင့် ဖော်စပ်ထားပြီး မြေဩဇာအရည်အသွေးစစ်ဆေးခြင်းကို စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များဌာနခွဲ ရေဆင်းသို့လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ရန်ကုန်ဓါတ်ခွဲခန်းသို့ လည်းကောင်း ပေးပို့စစ်ဆေး အတည်ပြုချက် ရယူဆောင်ရွက်ခဲ့ကြောင်း၊ စက်ရုံမှ တစ်ရက်လျှင် ၅၀ ကီလိုဂရမ် အိတ် ၄၀၀ ကျော်နှင့် တစ်လလျှင် အိတ် ၁၀၀၀၀ ကျော် ထွက်ရှိကြောင်း၊

စမ်းဝတီသဘာဝမြေဩဇာ၏ အကျိုးကျေးဇူးများအနေဖြင့် စိုက်ပျိုးသီးနှံပင် တစ်ပင်ချင်းမှ လိုအပ်သော အာဟာရဓါတ်များကို မျှတစွာရရှိစေပြီး လျင်မြန်စွာအားဖြည့်ပေးခြင်း၊ သုံးစွဲသည့် တောင်သူများအနေဖြင့် အန္တရာယ်ဖြစ်စေမှုကို ရာနှုန်းပြည့်နည်းပါးခြင်း၊ ကြာရှည်ခံခြင်း၊ ဈေးနှုန်း သက်သာခြင်း၊ မြေပျက်စီးမှုမရှိခြင်းနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ခြင်းတို့ ဖြစ်ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm