Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပပြုလုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်


10 Aug,2022

နေပြည်တော် ဩဂုတ် ၁၀

              ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။        

သမဝါယမလုပ်ငန်းများ

              သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင် စီမံကိန်းအနေဖြင့်လည်း အောင်မြင် တိုးတက်မှုများ ရှိကြောင်း၊ သမဝါယမအသင်းများကို အမှန်တစ်ကယ် လုပ်ကိုင်သူများ စုပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ အလားတူ စက်မှုလုပ်ငန်းများကို ပြန်လည် အားပေးဆောင်ရွက်ပြီး ပြည်တွင်း၌ လူသုံးကုန်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန် လိုကြောင်း၊ လူဦးရေနှင့်သန်းခေါင်စာရင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပူးပေါင်းဆောင်ရွက်၍ စာရင်းများမှန်ကန်စွာ ကောက်ယူနိုင်ရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်များ တက်ရောက်ရာတွင် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များသို့ ကျောင်းသား‌၊ ကျောင်းသူများ ပိုမိုတက်ရောက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ကြရန် လိုကြောင်း၊

လုပ်ပိုင်ခွင့်များ ပေးထားပြီးဖြစ်

              ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေးခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ဝန်ကြီးဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သိရှိရကြောင်း၊ နောင်တွင်လည်း အစည်းအဝေးများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ချက်များကို အပြန်အလှန် သိရှိရခြင်းဖြင့် ခြုံငုံသုံးသပ်ဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းတစ်ခုကို ရရှိစေကြောင်း၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် မူတည်၍ ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ရန်အခက်အခဲရှိသည့် ကိစ္စရပ်များကိုလည်း တင်ပြ၍ ပြင်ဆင်ရန် လိုအပ်သည်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်၍ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် လုပ်ပိုင်ခွင့်များ ပေးထားပြီး ဖြစ်ကြောင်း။

              အစိုးရတစ်ရပ်သည် ပြည်သူလူထုနှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံ၏ စီးပွားရေးခိုင်မာရေးကိုလည်း တည်ဆောက် ရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ယခုအခါ စီးပွားရေးကိုလည်း အရှိန်အဟုန်မြင့်အောင် ဆောင်ရွက်လျက်ရှိပြီး မိမိတို့ မျှော်မှန်းထားသည့်အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရန် အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ယခုလာမည့် ၆ လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း။

အမှန်တကယ်တက်မြောက်

              ပညာရေးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ပညာသင်ကြား ပေးရာတွင် အတန်းအောင်မြင်ရေးထက် အမှန်တစ်ကယ် တတ်မြောက်ရေး သင်ကြားပေးရန် လိုကြောင်း၊ အတန်းအောင်မြင်သော်လည်း စာတတ်မြောက်ခြင်းမရှိသဖြင့် စဉ်းစားတွေးခေါ်မှုများ တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မီဒီယာများမှလည်း ယင်းကို အမြတ်ထုတ်ကြသည်ကို တွေ့ရကြောင်း၊ မှန်ကန်သည့် ပညာတတ်များ ဖြစ်စေရေး ပျိုးထောင် ပေးရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပါဝင်ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လိုကြောင်း။

              တက္ကသိုလ်ပညာသင်ကြားရေးတွင် တက္ကသိုလ်မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့ရပြီးချိန်၌ အတတ်ပညာနှင့်ပတ်သက်သည့် လူမှုရေး၊ ကျွမ်းကျင်မှု ပညာရပ်များကို အသုံးချ နိုင်ရမည် ဖြစ်ကြောင်း၊ လူတစ်ဦးချင်း တတ်မြောက်သည့် ပညာရပ်များကို အသုံးချနိုင်မှုသည် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည်များကို ဝိုင်းဝန်းထိန်းကြောင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ကောင်းများ ရှိစေရေး ဖန်တီးဆောင်ရွက်ပေးရန် လိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ပေးရန် လိုကြောင်း။

              ပြည်သူများ၏ ကျန်းမာရေးသည်လည်း အရေးကြီးကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပြည့်ဝစွာထိုးနှံနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုလည်း လိုက်နာနိုင်ရေးအတွက် ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ မပေါ့ဆစေလိုကြောင်း၊ ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် စားရေရိက္ခာ ပြည့်ဝစွာစားသုံး နိုင်ရန်လိုကြောင်း၊ စားရေရိက္ခာ ပြည့်စုံမှုမရှိပါက ကျန်ရှိသည့် ကိစ္စရပ်များကိုလည်း ထိခိုက် လာနိုင်သည့်အတွက် စားရေရိက္ခာ ပေါများရေးအတွက် အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားနေခြင်းဖြစ်ကြောင်း။

              သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍ မရနိုင်ဘဲ အချိန်မရွေး ဖြစ်ပေါ်လာနိုင် သောကြောင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် သတိပေးပြောကြားလိုကြောင်း၊ ရေကြီးရေလျှံမှု များ မဖြစ်ပေါ်စေရန် ရေစီးရေလာများ ကောင်းမွန်စေရေး ဒေသအလိုက် နှိုးဆော်တိုက်တွန်း၍ လူထုအားဖြင့် ဆောင်ရွက်ကြစေလိုကြောင်း။

မအောင်မြင်စရာ မရှိ

              တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းအားထုတ် ပေးကြစေလိုကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပူးပေါင်း ဆောင်ရွက် သွားမည်ဆိုပါက မအောင်မြင်စရာမရှိကြောင်း၊ ဒေသအလိုက် ဘက်ပေါင်းစုံမှ စဉ်းစား၍ တိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိ အနေဖြင့် လုပ်ငန်းများ အောင်မြင်စေရေးအတွက် ယခုကဲ့သို့ တိုက်တွန်း ပြောကြားခြင်း ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

၁၁-၈-၂၀၂၂ ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm