Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ဧကများမှ ထွက်ရှိလာသည့် စပါးများနှင့် ပဲတီစိမ်းများကို နိုင်ငံတော်အစိုးရမှ ဦးစီး၍ ပြည်ပသို့ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်


10 Aug,2022

နေပြည်တော် ဩဂုတ် ၉

              ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

              အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ တက်ရောက် ကြသည်။

              ဦးစွာ အစည်အဝေးအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် ဒေသ၏အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနများအလိုက် ရည်မှန်းချက်နှင့် ဦးတည်ချက်များ၊ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများ၊ နိုင်ငံစီးပွာရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် တည်ငြိမ် အေးချမ်းမှုများရရှိရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများကို PowerPoint ဖြင့် ရှင်းလင်း တင်ပြကြသည်။

             ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသတွင်းဝမ်းစာဖူလုံရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးမှုများကို ဦးစားပေးဆောင်ရွက်၍ တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပထမဦးစားပေးအနေဖြင့် ယခုနှစ်နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများအတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးစိုက်ထုတ်ဆောင်ရွက်၍ တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် မြေဩဇာ၊ မျိုးနှင့် စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်ဆွေးနွေးသည်။

              အဆိုပါစိုက်ဧကများမှ ထွက်ရှိလာသည့် စပါးများနှင့် ပဲတီစိမ်းများကို နိုင်ငံတော် အစိုးရမှဦးစီး၍ ပြည်ပသို့တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စပါးနှင့်ပဲများ ထွက်ရှိမှုအပေါ် မူတည်၍ အကျိုးအမြတ်များထဲမှ တောင်သူများအနေဖြင့် သင့်တော်သည့် အကျိုး ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် တောင်သူများအနေဖြင့် ငွေကြေး စိုက်ထုတ်ရန်လိုအပ်မှု မရှိခြင်းကြောင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားပြီး အခြားလိုအပ်သည်များ လမ်းညွှန်မှာကြား၍ ညနေပိုင်းတွင် အစည်းအဝေးကို ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။

၁၀-၈-၂၀၂၂ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm