Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


10 Aug,2022

နေပြည်တော် ဩဂုတ် ၈

              ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

     အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တောင်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်

      ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးအရဦးဆောင်ပြီး နိုင်ငံရေး အရ ချမှတ်ထားသည့် မူဝါဒများကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၊ ဒေသအလိုက်အကောင်အထည်ဖော်ဆောင်ရွက်ရသည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့များက အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ တာဝန်စတင်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း။

အနည်းဆုံး (၄) ကြိမ် ထိုးနှံနိုင်

              ရှေ့လုပ်ငန်းစဉ်တွင် ဒုတိယအချက်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်း သွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်တိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံ ခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုနှုန်းမှာ ၀ ဒသမ ၃ ရာခိုင်နှုန်းခန့် သာရှိပြီး အိမ်နီးချင်းနိုင်ငံများထက်လျော့နည်းလျက်ရှိကြောင်း၊ ထိုအပေါ်တွင် ကျေနပ်နေ၍မရဘဲ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံရန်လိုအပ်ပြီး လူတစ်ဦးအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို အနည်းဆုံး ၄ ကြိမ် ထိုးနှံနိုင်ပါက ကာကွယ်မှုအတွက် ပိုမိုထိရောက်သည်ကို ဆေးပညာရှင်များ၏ ပြောကြားချက်များ အရ သိရှိရကြောင်း။

              စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရန် အစိုးရတွင် တိုက်ရိုက်တာဝန် ရှိကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု များကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ပြီး အခြားကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးစသည့် ဦးတည်ချက် သုံးရပ်ချမှတ်ထားကြောင်း။

KG +9 ကို အားပေးဆောင်ရွက်

              မိမိတို့နိုင်ငံရှိလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြကြောင်း၊ စီးပွားရေးလုပ်ငန်းတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည်အဓိကကျပြီး အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း (SME) များနှင့် ဆက်စပ်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း မြေပေါ်၊ မြေအောက်သယံဇာတပစ္စည်းများ၊ စိုက်ပျိုးမြေများ၊ ရေသယံဇာတပစ္စည်းများ၊ စိုက်ပျိုးရေများပေါများစွာရှိကြောင်း၊ လူဦးရေအားဖြင့် ၅၅ သန်းခန့်ရှိပြီး ၅၀ ရာခိုင်နှုန်းအထက်သည် အလုပ်လုပ်ကိုင်နိုင်ကြသူများဖြစ်ကြောင်း၊ သန်းခေါင် စာရင်းအရ နိုင်ငံအတွင်း အလုပ်အကိုင်လုပ်ကိုင်နိုင်သူနှင့် အခွင့်အလမ်းများ များစွာရှိသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ် များကို အသုံးချရန်လိုအပ်သကဲ့သို့ နောင်မျိုးဆက်တွင် အလုပ်လုပ်ကိုင်မည့်လူငယ်များ၏ စွမ်းဆောင်ရည်များလည်း တိုးတက်လာရန်လိုအပ်သဖြင့် ပညာရေးတွင် KG + 9 ကို အားပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ နည်းပညာအရတိုးတက်မှုရှိစေရေး ကောလိပ်များနှင့် တက္ကသိုလ်များတွင် သင်ကြားပေးရမည်ဖြစ်ကြောင်း။

              ခေတ်ကာလအခြေအနေအရ ယခုအခါလူငယ်များသည် အလုပ်လုပ်ရင်း ပညာသင်သည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ အနည်းဆုံးအခြေခံပညာအလယ်တန်းနှင့် အထက်ရရှိစေရန် မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှုအပေါ် မူတည်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မည့်သူများကို မွေးထုတ်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် အလေးထားရမည့်ကဏ္ဍတွင်ရှိကြောင်း။

အလေးထားဆောင်ရွက်

              ပြီးခဲ့သည့် ၅ နှစ်ယခင်အစိုးရလက်ထက် ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့မှု အခြေအနေများကို စိစစ်ကြည့်ရာ ပြည်ပပို့ကုန်များ ကျဆင်းခဲ့သည်ကိုတွေ့ရှိရပြီး ၂၀၁၈ ခုနှစ်မှစ၍ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာကျဆင်းလာခဲ့ကြောင်း၊ ဆန်သည် အဓိကပို့ကုန်ဖြစ်ပြီး ထုတ်လုပ်မှုများ ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်တွင် စိုက်ပျိုးရေး ထွက်ကုန်သည် အဓိကကျသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်ကြစေလို ကြောင်း။

              လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် စာသင်ကျောင်းများကို ယခင်နှစ်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲများကိုလည်း ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်ပညာ သင်နှစ်တွင်လည်း ကျောင်းသားများအားလုံး ကျောင်းမပျက်ရန်နှင့် အမှန်တကယ် ပညာ တတ်မြောက်စေရန်အတွက် သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လတွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေးအတွက် ယခုအချိန်ကတည်းက အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူလတန်းအဆင့်အထိ ပညာမသင် မနေရဟု ပြဋ္ဌာန်းထားသော်လည်း မိမိတို့အစိုးရအနေဖြင့် KG + 9 အထိ သင်ကြားနိုင်ရေးနှင့် အခမဲ့သင်ကြားနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း၊ သို့သော်အချို့သော ကျောင်းများတွင် အခကြေးငွေများကောက်ခံနေသည်ကို သိရှိရသဖြင့် သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့များက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။

ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းပေးခဲ့

              အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ အသစ်ထပ်မံဖွဲ့စည်းထားသည့် ခရိုင်ရုံးများ လုပ်ငန်း လည်ပတ်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တို့သည် နိုင်ငံတော်စွမ်းပကားကို မြှင့်တင်ပေးသည့် ကဏ္ဍများဖြစ်ကြောင်း၊ ခရိုင်အဆင့် တာဝန် ရှိသည့် ပုဂ္ဂိုလ်များအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားမည်ဆိုပါက တိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ထိုအထဲမှ ထူးချွန်သူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံများနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ကြရမည် ဖြစ်ကြောင်း၊ အခြားဝိဇ္ဇာသိပ္ပံပညာရပ်များသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လည်း ပုံမှန်အတိုင်းဆက်လက်ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း။      

အဓိကဖြည့်တင်းပေးရန်လို

              မိမိတို့တွင် နိုင်ငံတော်သာယာဝပြောရေးနှင့် နိုင်ငံတော်စားရေရိက္ခာပေါများရေး အမျိုးသားရေးပန်းတိုင် ၂ ရပ်ရှိကြောင်း၊ ဒုတိယအချက်ဖြစ်သည့် နိုင်ငံတော် စားရေ ရိက္ခာပေါများ ရေးနှင့်ပတ်သက်ပြီး မိမိတို့လုပ်နိုင်သည့် အချက်များစွာရှိကြောင်း၊ ပြည်တွင်းတွင် ဆန်၊ ပဲ၊ ပြောင်း သီးနှံများ ဖူလုံလျက်ရှိပြီး နိုင်ငံခြားသို့တင်ပို့နေကြောင်း၊ ဆီထွက်သီးနှံမြေပဲနှင့်နှမ်းများလည်း ပြည်ပသို့တင်ပို့နေရကြောင်း၊ သို့သော်လည်း ပြည်ပမှစားသုံးဆီများ တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီအုန်းစိုက်ဧက ၄ သိန်းခန့်ရှိသည်ဟု သိရှိရကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံ များနှင့်ယှဉ်လျှင် ဆီအုန်းအထွက်နှုန်း အလွန်နည်းနေသည်ကို တွေ့ရှိရကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံတကာနှင့်ယှဉ်ပါက နည်းနေသေးကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်သွားရန် လိုကြောင်း၊ သို့မှသာ ပြည်တွင်းဆီဖူလုံမှု အထိုက်အလျောက် ရှိလာမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုကို သေသေချာချာ ထိထိရောက်ရောက် ဆောင်ရွက်မည်ဆိုပါကလာမည့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီးချိန်တွင် ဆီဖူလုံမှုအပြည့်အဝရရှိ လာနိုင်လိမ့်မည်ဟု မျှော်မှန်း ထားကြောင်း၊ ပြည်ပမှတင်သွင်းမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ဆီဖူလုံမှုရှိအောင်ဆောင်ရွက်နိုင်ပြီး မွန်ပြည်နယ်သို့ အဓိကဖြည့်တင်းပေးရန် လိုကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လိုအပ်သည့် စားသုံးဆီလိုအပ်ချက်ကို နေကြာ၊ နှမ်း၊ ပဲ၊ ပန်းနှမ်း၊ ပဲပုတ်ဆီတို့ဖြင့် ဖြည့်ဆည်းသွားနိုင်ကြောင်း။

မဖြစ်မနေဆောင်ရွက်ပေးရမည်

              စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက်ဧက ၃ သန်းခန့်ရှိကြောင်း၊ စိုက်ဧက ၁၇ သန်းကျော်ရှိသော်လည်း နွေစပါး၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုသည် ရည်မှန်းချက် မပြည့်မီသေးကြောင်း၊ စိုက်ဧက၊ ပြည်ပပို့သည့် ဆန်နှင့် လက်ကျန်ရှိသည့်ဆန်ကို ရာသီအလိုက် ချိန်ဆရာတွင် အလျှံပယ်ပိုခြင်းမရှိသည်ကိုတွေ့ရကြောင်း၊ သတိထားရမည့် အခြေအနေမျိုးရှိကြောင်း၊ မိုးစပါးကို တစ်ဧက ၇၅ တင်းခန့်ထွက်မည်ဟု ခန့်မှန်းထားကြောင်း၊ ပထမအဆင့်အနေဖြင့် မိုးစပါးကို တစ်ဧကပျမ်းမျှတင်း ၈၀ ခန့်ထွက်ရှိအောင် ဆောင်ရွက်မည် ဆိုပါက စပါးတင်း ၄၅ သန်းခန့်ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ အလားတူနွေစပါးကို တစ်ဧကတင်း ၉၀ ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပထမအဆင့် တစ်ဧကတင်း ၁၀၀ ခန့်ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်းသန်း ၃၀ ခန့်ပိုမို ထွက်ရှိလာမည်ဖြစ်ကြောင်း၊ နွေစပါး၊ မိုးစပါးနှစ်ခုပေါင်းပါက စပါးတင်းစုစုပေါင်း ၇၅ သန်းခန့် ပိုမိုလာမည်ဖြစ်သည့်အတွက် နိုင်ငံ့ ဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ရည်မှန်းချက်ပန်းတိုင်များချမှတ်ပြီး အသေအချာဆောင်ရွက် သွားကြရန်လိုကြောင်း၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများနှင့် အထွက်နှုန်းကို မှန်မှန် ကန်ကန်ဖြစ်အောင် အလေးထားဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ အစိုးရပိုင်းအနေဖြင့် သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေများရရှိရေးအတွက် မဖြစ်မနေ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

ကူညီထောက်ပံ့ပေးသွားရမည်

              နွေရာသီတွင် ရေလုံလောက်စွာရရှိရေးအတွက် ရေသိုလှောင်သည့်စနစ်၊ မြေအောက် ရေကို စနစ်တကျသုံးစွဲသည့်စနစ်တို့ဖြင့် အကျိုးရှိရှိသုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်လာပါက အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိလာမည်ကြောင်း၊ ထို့ပြင်သုံးစွဲမှုနှင့် ဝယ်လိုအားတက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကျေးလက်ကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အလေးထားဆောင်ရွက် ကြစေလိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ အသားစား ကြက်၊ ဝက်မွေးမြူရေးလုပ်ငန်းများသည် အချိန်တိုအတွင်း ငွေပြန်ပေါ်နိုင်သည့် လုပ်ငန်းများဖြစ်သည့်အတွက် မတည်အရင်းအနှီးများ ကူညီထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုလုံးကို လွှမ်းခြုံသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမည်ဖြစ်ကြောင်း။

              စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် ပြည်ပမှ ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းနေရသဖြင့် ပြည်ပမှတင်သွင်းမှုကို လျှော့ချသွားရန် လိုကြောင်း၊ ပြည်တွင်းတွင် အထိုက်အလျောက် ရေနံထွက်ရှိပြီး အချို့ဒေသများရှိ တွင်းတိမ် ရေနံတူးဖော် ထုတ်လုပ်မှုများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ ရေနံထုတ်လုပ်မှုလုပ်ငန်းများကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊

          ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ်ငန်းများ၊ စီမံကိန်းများဆောင်ရွက်သွား ကြရန်လိုကြောင်း၊ လာမည့်နှစ်တွင် ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေး ရေအား၊ ဆိုလာစနစ်များဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြံဆဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိပါက ဒေသခံများ၏ လူမှုစီးပွားဘဝအထိုက်အလျောက် တိုးတက်လာမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊

ဘက်ပေါင်းစုံက စဉ်းစားဆောင်ရွက်

           အားကစားနှင့်ပတ်သက်၍ ချက်ချင်းထလုပ်၍ ရသည့်လုပ်ငန်းမဟုတ်သည့်အတွက် အချိန်ယူလေ့ကျင့်မွေးထုတ်သွားရန်လိုကြောင်း၊ ပြည်သူလူထုကျန်းမာရေးအတွက် အလွယ်ကူဆုံး အားကစားမှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ရှိကြောင်း၊ ကျန်းမာမှ ပညာရေး၊ စီးပွားရေးနှင့် အခြားကိစ္စရပ်များကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီး ချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ မိမိကိုယ်တိုင်ကစပြီး ဂရုတစိုက် ဆောင်ရွက်ကြရန်၊ လက်အောက်အဆင့်ဆင့်ကိုလည်း တွန်းအားပေးကြပ်မတ် ဆောင်ရွက် သွားရန်နှင့် ဘက်ပေါင်းစုံက စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအလိုက် အားကစား ကွင်းများတည်ဆောက်ရာတွင် ရေရှည်မျှော်တွေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ပြည်သူများ အကျိုး ရှိအောင် နည်းလမ်းရှာဖွေလုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း။

              တက်ရောက်လာကြသူများအနေဖြင့် မိမိတို့အစိုးရတာဝန်ယူဆောင်ရွက်ခဲ့သည့် ၁၈ လ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်နှင့် ဒေသအတွက် အမှန်တကယ်အကျိုးရှိမည့် ရှေ့ဆက်ဆောင်ရွက်မည့်အစီမံများကို တင်ပြကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ရှင်းလင်းတင်ပြ

              ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသ၏ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စည်ပင်သာယာရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ညနေပိုင်းတွင် အစည်းအဝေးကို ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။

 

၉-၈-၂၀၂၂ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm