Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


05 Aug,2022

နေပြည်တော် ဩဂုတ် ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာ(SMART Village)လုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်ဦးစီးမှူးများမှ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်း ဆောင်ရွက်နေသော မော်ဖောင်း(နယ်မြေ-၈) ကျေးရွာသို့ရောက်ရှိကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက စံပြကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခေတ်မီစံပြကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကို အခြေခံ၍ ခေတ်မီစံပြကျေးရွာများ ရွေးချယ်ပါကြောင်း၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော ခေတ်မီစံပြကျေးရွာ စီမံကိန်းများကို ဒေသခံပြည်သူများမှလည်း မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ကာ အစိုးရနှင့် ပြည်သူ တက်ညီလက်ညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) နှင့် Cash For Work လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မော်ဖောင်းကျေးရွာနှင့် ငါးအိုးကျေးရွာချင်းဆက်လမ်းပေါ်ရှိ မော်ဖောင်း-ငါးအိုး တံတားသစ် ဆောက်လုပ်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်၊ သမဝါယမဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်နယ်ဦးစီးမှူးမှ သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက နေပြည်တော်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ သမဝါယမအသင်းများမှ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းစေမည့် သဘာဝ မြေဩဇာများ ထုတ်လုပ်လျက်ရှိပြီး ကချင်ပြည်နယ်တွင်လည်း ထုတ်လုပ်စေချင်ကြောင်း၊ လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာများအား သမဝါယမအသင်းအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝန်ထမ်းများ၊ အသင်းအမှုဆောင်များနှင့် အသင်းသားများအားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ် ရေးသမဝါယမအသင်းသို့ ရောက်ရှိပြီး အသင်းအမှုဆောင်မှ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ထုတ်လုပ်ထားသည့် စက္ကူနှင့် စာအုပ်များအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ရုံး တွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျေးရွာ (၂) ရွာ၊ အိမ်ခြေ(၁၁၇၀) အိမ်နှင့် လူဦးရေ (၇၀၂၆) ဦးအတွက် အကျိုးပြုမည့် အရှည်(၂.၀၁)ကီလိုမီတာ၊ အကျယ် ၁၆ ပေ၊ ၇ လက်မထုရှိ မန်ခိန်-နောင်တောင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm