Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ‌နည်းပညာလွှဲပြောင်းမှု အသိအမှတ်ပြုလက်မှတ် (Certificate) များ ပေးအပ်


14 Aug,2024

နေပြည်တော် ဩဂုတ် ၁၄

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဌာနက ပံ့ပိုးပေးနေသည့် နည်းပညာများဖြင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နေသော လုပ်ငန်းရှင်များကို နည်းပညာလွှဲပြောင်းမှုအသိအမှတ်ပြုလက်မှတ်(Certificate) ပေးအပ်ပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး မှ တာဝန်ရှိသူများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသော အခမ်းအနားသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းမျာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြုလုပ်သည့် အခြေခံအကျဆုံး ဆောင်ရွက်ချက်တစ်ခု ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဉ် သုတေသနလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ သုတေ သနစာတမ်းပေါင်း (၉၇)စောင်ကို ပြုစုထားရှိပြီး သုတေသနစာတမ်းဖတ်ပွဲ (၁၆) ကြိမ် ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း၊ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီဆန်းသစ်သော နည်းပညာ အသစ်များကို သုတေသနပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် နည်းပညာပံ့ပိုးပေးသည့် ဌာနဖြစ်သည်နှင့်အညီ မိမိတို့ပေးအပ်လိုက်သော နည်းပညာများသည် အဆင့်အတန်းမီသော နည်းပညာများဖြစ်ရန် လိုအပ်ကြောင်း၊ သို့မှသာ အသေးစားကုန်ထုတ်လုပ်မှုများကို ခေတ်နှင့်အညီ တိုးတက်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာများ ပေးအပ်နိုင်ရန်အတွက် နိုင်ငံတကာသုတေသနပြုမှုများ၊ စံချိန်စံညွှန်းများ နှင့် ဖြစ်ပေါ်တိုးတက်မှုများကို စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်နေရန် လိုအပ်ကြောင်း၊

          သုတေသနပြုမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏လိုအပ်ချက်၊ ဒေသ၏လိုအပ် ချက်၊ ပြည်သူများ၏လိုအပ်ချက်နှင့် ဈေးကွက်၏ လိုအပ်ချက်များအပေါ်အခြေခံပြီး ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များထားရှိကာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် လျှင်မြန်စွာပြောင်း လဲလာသည့် နိုင်ငံတကာအခြေအနေ၊ ဈေးကွက်အခြေအနေများနှင့် စားသုံးသူ၏ လိုအပ်ချက်တွေ နှင့်လည်း ကိုက်ညီအောင် သုတေသနပြု ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း။

          သုတေသနလုပ်ငန်းများကို အချိန်ကုန်လူပင်ပန်း၊ ငွေကြေးမြောက်များစွာ ကုန်ကျခဲ့သော် လည်း အောင်မြင်မှုမရှိသော သုတေသနလုပ်ငန်းများ မရှိရအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်၊ နောင်လာနောင်သားများ အတုယူနိုင်စေရန်နှင့် တွေ့ရှိလာသည့် သုတေသနရလဒ်များကို လက်တွေ့တွင် အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

          ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နည်းပညာ လွှဲပြောင်းခြင်း၊ သုတေသနပြုစမ်းသပ်ဆောင်ရွက်ခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များက နည်းပညာလွှဲပြောင်းမှုအသိအမှတ်ပြုလက်မှတ်(Certificate)များ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသော တာဝန်ရှိသူများ၊ စာတမ်း ရှင်များ၊ ဌာနကပေးအပ်လိုက်သည့် နည်းပညာများဖြင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဌာနက ပံ့ပိုးပေးလိုက်သည့် နည်းပညာများဖြင့် ထုတ်လုပ်ထားသော စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ၊ သုတေသနစာတမ်းများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။  အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို နေ့လည်ပိုင်းတွင် ဆက်လက် ကျင်းပရာ သုတေသနစာတမ်း()စောင်ဖတ်ကြားခဲ့ပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးကြသည်။ ယင်းနောက် လုပ်ငန်းရှင်များက အတွေ့အကြုံများကို တင်ပြဆွေးနွေးကြပြီး စာတမ်းဖတ်ကြားသူများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm