Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်တော်ရခဲ့သော မွေးနေ့လက်ဆောင်


01 Aug,2022

မြင့်စိုး(နတလ)

ဘာတွေကျန်ရစ်ခဲ့ပြီလဲ

                        “(၃၃) နှစ်ပြည့်တဲ့မွေးနေ့မှာ ဘာတွေကျန်ရစ်ခဲ့ပြီလဲလို့

                          ပြန်ကြည့်လိုက်ရင်တော့ (၃၃) နှစ်ဆိုတာကလွဲလို့”

                                                                   (ကဗျာဆရာဘိုင်ရွန်)

          သားမွေးနေ့က ဇူလိုင် ၈၊ ကျွန်တော့်မွေးနေ့က ဇူလိုင် ၂၅၊ ကွယ်လွန်သူဇနီးသည် မွေးနေ့က ဇူလိုင် ၂၆၊ အားလုံးက ဇူလိုင်မွေ့နေ့ရှင်များ ဖြစ်နေသောကြောင့် ကိုဗစ် ကပ် ရောဂါကြီးမဖြစ်မီ ယခင့်ယခင်နှစ်တွေမှာ ဇူလိုင်မိသားစုမွေးနေ့ဆုမွန်လွှာဆိုပြီး သတင်းစာ တွေမှာ ထည့်ဖြစ်ခဲ့သည်။ သည်ဘက်နှစ်မွေးနေ့တွေမှာ မထည့်ဖြစ်တာကြာပေပြီ။ သို့တစေ ကဗျာဆရာဘိုင်ရွန်၏ အထက်ပါစကားစုလေးက မွေ့နေ့ရောက်တိုင်းရောက်တိုင်း မိမိကိုယ် မိမိ ဆင်ခြင်သုံးသပ်နိုင်အောင် သတိပေးနေသလိုပင်။ တစ်ကယ်လည်း ဆင်ခြင်မိပါ၏။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘယ်လောက်အောင်မြင်ခဲ့သလဲ၊ ဘာတွေမှားခဲ့သလဲ၊ ဘယ်အထိခရီးဆက်နိုင်ဦးမလဲ စသည်…စသည်။ အများကြီးမလုပ်နိုင် သည့်တိုင်အောင် လုပ်ခွင့်မရသည့်တိုင်အောင် နတလ တည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ (၂၃)နှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ဖူးသောကြောင့် ကျွန်တော်ချစ်သော တိုင်းရင်းသားများအတွက် ကျွန်တော် သံယောဇဉ် ရှိသော နယ်စပ်ဒေသများအတွက် ထိုက်သင့်အားလျော်စွာ လုပ်နိုင်ခဲ့ပြီမို့ ကျေနပ်မိပါသည်၊ ဝမ်းသာပီတိဖြစ်ရပါသည်။ အငြိမ်စားဝန်ထမ်းဘဝမှာတောင် နယ်စပ်ရေးရာဝန်ကြီးဌာနက ဝန်ထမ်းများနှင့်အတူ ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသသို့ ရောက်လိုက် သေး၏။ သွားနိုင်တုန်း သွားရတာပဲလေဟု သဘောပိုက်လျက် အရောက်သွားခဲ့ခြင်းပင်။ ၎င်းပြင် မွေးရပ်မြေဧရာဝတီတိုင်းဒေသကြီးထဲက မြို့ရွာတော်တော်များများကိုလည်း ရောက် ခဲ့ပြန်သည်။ ထိုမြို့ထိုရွာများရှိ အထကကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့် တွေ့ဆုံပြီး စာမေးပွဲအောင်ချက် မြင့်မားရေး၊ အောင်မြင်သူများအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်တွင် ဖွင့်လှစ်ထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) တို့သို့ တက်ရောက်ခွင့် ရရှိရေး ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ပြောခဲ့ပြီကောလေ၊ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ထဲက မက်မန်းမြို့လေးသို့ပင် ရောက်ခဲ့ ဟောခဲ့ ပြောခဲ့သည်ဟု။ ဟော….ထိုသို့နေလာရာက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခွင့်ရလာပြန်သောအခါ ကျွန်တော် ကျေနပ်ဝမ်းသာမိပါသည်။ အကြောင်းကတော့ နတလမှာကဲ့သို့ပင် အများအကျိုး ကို သယ်ပိုးခွင့်ရစေမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖြစ်နေသော ကြောင့်ပင်။

(၁)နှစ်သား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

          ကျွန်တော်တို့ လူမှန်းသိတတ်စအရွယ်ကတည်းက စတင်ကြားဖူး၊ မြင်ဖူးနေသော သမဝါယမဝန်ကြီးဌာန၊ ဒုတိယဒီမိုကရေစီအစိုးရလက်ထက်ဖြစ်သည့် ၂၀၁၆-၂၀၂၀ ကာလ၌ ပျောက်ကွယ်သွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းပေး ခဲ့ရာ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၌ (၁) နှစ်သက်တမ်း ပြည့်ခဲ့ပြီဖြစ်သည်။ ဝန်ကြီးဌာန၏ မျှော်မှန်းချက် (Vision) မှာ သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ် တကျထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဟူ၍ ဖြစ်ပါသည်။ လုပ်ငန်းတာဝန်များ (Mission) အနေဖြင့်လည်း သမဝါယမအသင်းများ၏ ကုန် ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ထွန်းကားစေရန်၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ နှင့် နည်းပညာသင်တန်းများ ပေးရန်၊ ကျေးလက်အခြေခံအဆောက်အအုံများ တည်ဆောက် ပေးရန်နှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။ ထူးခြား သည်မှာ ယခင်သမဝါယမဝန်ကြီးဌာန လက်ထက်ကတည်းက ရှိပြီးဖြစ်သော သမဝါယမ ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကိုပါ ထည့်သွင်းဖွဲ့စည်းပေးခြင်း ဖြစ်သည်။ ဤသည်မှာ ကျေးလက် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်ပေးနိုင်ရန်ပင် ဖြစ်သည်။ ယခုအခါ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကိုပါ ထပ်မံသွတ်သွင်း ဖွဲ့စည်းတော့မည်ဖြစ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ဦးစီးဌာန (၄) ခုဖြင့် ရည်မှန်းချက် တာဝန်များ အောင်မြင်အောင် သွက်လက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပေသည်။

ဇူလိုင်လ၏ အမှတ်တရခရီးစဉ်

          သည်တာဝန်ကို ထမ်းဆောင်မှတော့ သွားသင့်သည့်နေရာဒေသများသို့ ရောက်အောင် သွားရတော့မည်လေ။ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ရှမ်းအရှေ့၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း၊ ရှမ်းတောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးထဲက နေရာဒေသအချို့ကို ကျွန်တော်ရောက်ခဲ့ပြီ။

          ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက် ၈ ရက်များတွင်မတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်များသို့ ကွင်းဆင်းသွားရောက်ခဲ့သည်။ သွားရသည့် အဓိကရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်က အကောင်အထည်ဖော် ဆောင်ရွက်နေသော သဘာဝမြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးရန်နှင့် လိုအပ် သည်များ ကူညီပံ့ပိုးပေးနိုင်ရန် ဖြစ်ပါသည်။ ညောင်ရွှေမြို့မှာ ဗေဒါကုန်ကြမ်းကို အခြေခံ သော သဘာဝမြေဩဇာ ထုတ်လုပ်နေသကဲ့သို့ ရပ်စောက်မြို့မှာက တိရစ္ဆာန်စွန့်ပစ်ပစ္စည်း ကြက်ချေး၊ နွားချေးများနှင့် မြေဆွေးများကို ရောနှောသုံးစွဲထားသည့် စွမ်းထက်အားဖြည့် သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ စိုက်ပျိုး သီးနှံများ အထွက်တိုးစေရန်၊ ထွက်နှုန်းမြင့်မားစေရန် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများကို စနစ်တကျ အသုံးပြုရပါမည်။ တာဝန်ရှိသူများ၏ နည်းပညာပေးမှု၊ နည်းပေးလမ်းပြ ပြောဆိုညွှန်ပြမှုများကို တောင်သူလယ်သမားဦးကြီးများတို့က လိုက်နာ ဆောင်ရွက်ကြဖို့ လိုပါသည်။ အများစုကတော့ ထွက်နှုန်းတိုးရေး နည်းဥပဒေသများကို လိုက်နာလုပ်ဆောင်ကြတာတွေ့ရပါသည်။ သို့သော် အားနည်းချက်ဖြစ်ပေါ်နေသည်က ဓာတု မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အသုံးပြုဖန်များ၍ မြေဆီလွှာဂုဏ်သတ္တိများ ပျက်စီးယိုယွင်းလာသော လယ်ယာမြေများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ကြိုးပမ်း အားထုတ်မှု မရှိခြင်း၊ ပျက်ယွင်းနေခြင်း၊ သတိမမူခြင်း များပင်ဖြစ်၏။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပိုက်ဆံလျှော်အပါအဝင် သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ထွန်ယက်စိုက်ပျိုးပြသနေကြောင်း တွေ့ရသည်။ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်လည်း တာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်း၍ ပိုက်ဆံလျှော်များ စိုက်ပျိုးပြသပေးနေပါသည်။ လိုက်နာဆောင်ရွက်ကြဖို့ပဲ လိုပါသည်။ သဘာဝမြေဩဇာများ သုံးစွဲခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို အချိုးကျ ရောနှောသုံးစွဲခြင်းများက လယ်ယာမြေများ၏ မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းကို များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။ ရပ်စောက်မြို့သို့ သွားသောနေ့က သားတော်မောင်၏ မွေးနေ့ဖြစ်သောကြောင့် အဝေးကပဲ လှမ်း၍ ဆုတောင်းစကားပြောခဲ့ရသည်။

ဂွေးပင်ကျေးရွာက စံပြစိုက်ကွက်

          နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဂွေးပင်ကျေးရွာသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသော စိုက်ပျိုးရေး အခြေခံ (SMART Village) စံပြကျေးရွာဖြစ်သည်။ ထိုရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လမ်း၊ တံတား၊ ရေ၊ မီး လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကလည်း တန်းဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချသင်ကြားပေးနေပါသည်။ သမဝါယမဦးစီးဌာနသည် စက်မှုလယ်ယာဦးစီး ဌာန၏ အကူအညီဖြင့် စုပေါင်းလယ်ယာမြေ ၁၁၆ ဧက ဖော်ထုတ်ပေးထားပြီး စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းကိုလည်း ဖွဲ့စည်းတည်ထောင်ပေး ခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မိုးစပါးစိုက်ပျိုးရေးအတွက် မျိုး၊ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ၊ ဓာတ်မြေဩဇာ စသည်တို့ကို ထောက်ပံ့ပေးထားပါသည်။

          အဆိုပါလယ်မြေ ၁၁၆ ဧကထဲမှ တောင်သူ ၆ ဦးပိုင်ဆိုင်သော လယ်မြေ ၇.၀၅ ဧက တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် အထွက်တိုးမျိုးစပါး GW 11 ကို အစေ့ချစနစ်၊ ကြဲပက်စနစ်၊ ပျိုးထောင်စနစ်ဟူသော စိုက်နည်းစနစ် (၃) မျိုး၊ စိုက်ပျိုးပြသသွားမည်ဖြစ်သည်။ မူလက ဇူလိုင်လဆန်းပိုင်းတွင် စိုက်ပျိုးပြသရန် စီစဉ်ထား သော်လည်း စိုက်ပျိုးရေရရှိရန် စောင့်ဆိုင်းရင်း ဇူလိုင်လ ၂၅ ရက်နေ့တွင်မှ စိုက်ပျိုးရန် ဖြစ်လာခဲ့သည်။ ထို့နေ့က ကျွန်တော်သည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးစိုးသန်း၊ ဦးကျော်ဇင်လတ်၊ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးတို့နှင့်အတူ ဂွေးပင်ကျေးရွာသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ရှေးဦးစွာ ဂွေးပင်ကျေးရွာအုပ်စု၊ ရွာသူရွာသားများနှင့်တွေ့ဆုံ၍ ဓာတ်မြေဩဇာအပြင် သဘာဝမြေဩဇာများကိုပါ သုံးစွဲကြရန် နွားချေးမြေဆွေး ပေါများသောရွာ ဖြစ်သောကြောင့် သဘာဝမြေဩဇာများကို ကိုယ်တိုင် ပြုလုပ် သုံးစွဲတတ်စေရန် တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက် တောင်သူ ဦးတင်ရှိန်၊ ဦးတင်အောင်၊ ဒေါ်အေးသန်းတို့ ပိုင်ဆိုင်သော လယ် ၃.၄၅ ဧကတွင် GW 11 စပါးမျိုး အစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုမှ တောင်သူဒေါ်ခင်မြင့်ရွှေ ပိုင်ဆိုင် သော လယ်မြေ ၁.၂၅ ဧကတွင် GW 11 စပါးမျိုး ကြဲပက်စိုက်ပျိုးရန် သွားရောက်ကြပြီး ကျွန်တော်တို့ပါ လယ်ထဲသို့ဆင်း၍ တပျော်တပါး ကြဲပက်စိုက်ပျိုးပေးခဲ့သည်။ ထိုမှတစ်ဖန် တောင်သူဦးတင်အောင်နှင့် ဦးချစ်ကို ပိုင်ဆိုင်သော လယ်မြေ ၂.၃၅ ဧကတွင် GW 11 စပါး မျိုးများ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုအားပေးခဲ့သည်။

          ဇူလိုင်လ ၂၅ ရက်နေ့သည် ကျွန်တော်၏ မွေးနေ့၊ ထိုနေ့တွင် ဂွေးပင်စံပြကျေးရွာ၌ လယ်ထဲသို့ဆင်း၍ အမှတ်တရ စပါးမျိုး ကြဲပေးခွင့်ရသောကြောင့် ကျွန်တော်အထူးပင် ပျော်ရွှင်မိပါသည်။

မျိုးစပါး၊ သဘာဝမြေဩဇာနှင့် ထွန်စက်များပေးအပ်

          ဇူလိုင်လ ၂၈ ရက်နေ့၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၏ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာခရီးသို့ အတူလိုက်ပါခွင့်ရခဲ့သည်။ ကျွန်တော်တို့ ရောက်ရှိသွားချိန်မှာ စိမ်းစားပင်ကျေးရွာ၊ သုခရတနာဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း ဓမ္မာရုံရှေ့၌ ဒေဒေါင်း RX-7620၊ ဒေဒေါင်း DS-4510 လယ်ထွန်စက်ကြီးများ စီစီ ရီရီ ရပ်ထားသည်ကို တွေ့ရသည်။ ဓမ္မာရုံဘေး၌လည်း ဆင်းသုခ မျိုးစပါးအိတ်များ၊ စမ်းဝတီ သဘာဝမြေဩဇာအိတ်များကိုလည်း တွေ့ရသည်။ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်များက သမဝါယမအသင်းသား တောင်သူလယ်သမား များကလည်း စုံစုံညီညီ ရောက်ရှိနေကြပေပြီ။ ထိုနေ့ကျင်းပသော အခမ်းအနားကတော့ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မျိုးစပါး၊ သဘာဝမြေဩဇာနှင့် လယ်ထွန်စက်ကြီးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပါပေတည်း။

          ပြည်ထောင်စုဝန်ကြီးက ဒေသခံတောင်သူများအား အမှာစကားပြောကြားရာ၌ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ရေးအတွက် လိုအပ်သော မျိုး၊ ရေ၊ သွင်းအားစုနှင့် နည်းပညာပံ့ပိုးမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း ၍ သမဝါယမစနစ်ဖော်ဆောင်ကာ ဆောင်ရွက်ပေးနေပါကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာ သုံးစွဲမှုကို လျှော့ချ၍ သဘာဝမြေဩဇာများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲပါက နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည့်အပြင် မြေဆီလွှာကောင်းမွန်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အော်ဂဲနစ်ထွက်ကုန်သီးနှံများ စားသုံးကြရမည်ဖြစ်ကြောင်း၊ တောင်သူများ လိုအပ်သည့် မျိုးစပါး၊ သွင်းအားစု၊ လယ်ယာသုံးစက်ကိရိယာ စသည့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို သမဝါယမအသင်းများက ထောက်ပံ့ပေးခဲ့ပြီး ထွက်ရှိလာသည့် သီးနှံများကို ကာလပေါက်ဈေး ဖြင့် ဝယ်ယူပေးခြင်း၊ ငရုတ်၊ ခရမ်းချဉ်သီး စသည်တို့ကို တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်အောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင် မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆင်းသုခမျိုးစပါး ၂၅၀ တင်း၊ စမ်းဝတီသဘာဝမြေဩဇာ ၉၀၀ အိတ်၊ လယ်ထွန်စက် ၁၂ စီးတို့ကို သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာသမဝါယမအသင်းများ၊ တောင်သူလယ်သမားများသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ရွှေဇေယျာသမဝါယမအသင်းက ဆောင်ရွက်နေသည့် စပါးစိုက်ခင်းများ၌ စမ်းဝတီသဘာဝမြေဩဇာ ကြဲပက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ကျွန်တော်ရခဲ့သော မွေးနေ့လက်ဆောင်

          ဆိုခဲ့သည့်အတိုင်း ဇူလိုင်လသည် ကျွန်တော်တို့မိသားစု၏ မွေးနေ့များကို ညွှန်ပြနေ သော လတစ်လ ဖြစ်ခဲ့သည်။ ခင်မင်လေးစားရပါသော အသိမိတ်ဆွေများ၏ မွေးနေ့ လက်ဆောင်၊ မွေးနေ့ဆုတောင်းစကားများကိုလည်း ကျေးဇူးတင်စွာ လက်ခံရရှိခဲ့ပါသည်။ ဇူလိုင်လအတွင်း သွားရောက်ခဲ့သော ခရီးစဉ်များ၌ မိမိတတ်စွမ်းသမျှ ဖြည့်ဆည်းလုပ်ကိုင် ဆောင်ရွက်ပေးခြင်းဖြင့် မွေးနေ့ကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနိုင်အောင် ကြိုးစားခဲ့ပါသည်။ အထူးသဖြင့် ဇူလိုင်လ ၂၅ ရက်နေ့က တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာ၌ ရွာသူရွာသား များ၊ အဖွဲ့ဝင်များနှင့်အတူ လယ်ကွက်ထဲသို့ဆင်း၍ GW 11 စပါးမျိုးများ တပျော်တပါး ကြဲပက်ပေးခွင့်ရခဲ့ခြင်းကတော့ ဘဝအတွက် အမှတ်တရ မွေးနေ့လက်ဆောင်ဟူ၍သာ..….။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm