Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


01 Aug,2022

နေပြည်တော် ဇူလိုင် ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကြို့ပင်သာကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ရေရရှိရေး ဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်ဆောက်လုပ်ခြင်း၊ Solar စနစ်ဖြင့်ရေတင်ခြင်း လုပ်ငန်းသို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ အိမ်သွယ်ရေတိုင်စနစ် ဆောင်ရွက်မည့် အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး၊ ကျေးလက် မီးလင်းရေး၊ ကျေးလက်ရေရရှိရေးနှင့် ကျေးလက်လမ်း/ တံတားလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးနေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် လိုအပ်သော  ဝင်ငွေတိုးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးနေကြောင်း၊ စီမံကိန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည်ကျေးရွာ (၄) ရွာ၊ အိမ်ခြေ (၄၇၅) အိမ်၊ လူဦးရေ (၂၀၁၃) ဦးအတွက် အကျိုးရှိမည်ဖြစ်၍ အချိန်မီပြီးစီးအောင် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကုသိုလ်ရသည့်လုပ်ငန်းလည်းဖြစ်ကြောင်း ပြောကြားကာ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့၊ ယွန်းလျှံလယ်ယာအထောက် အကူပြုစခန်းသို့ ရောက်ရှိပြီး စခန်းတာဝန်ခံမှ စနစ်တကျလယ်ယာမြေတွင် လယ်ယာအထောက် အကူပြုစခန်း တည်ထောင်ပြီး တောင်သူပညာပေးရေးလုပ်ငန်းများ ဆောင် ရွက်နေမှု၊ နည်းပညာ ပံ့ပိုးပေးမှု၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် သွင်းအားစုထောက်ပံ့မှု၊ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးနေမှုများ၊ Integrated Farming စနစ်ဖြင့် စပါးအပြင် မွေးမြူရေးပါပူးပေါင်း ဆောင်ရွက်နိုင်မည့် နမူနပုံစံ Model၊ သမားရိုးကျစနစ်နှင့် Integrated Model ပုံစံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်နိုင်မည့်ပုံစံနှင့် အကျိုးအမြတ် ဖြစ်နိုင်ချေတို့ကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လာမည့်နွေရာသီအမီ နွေစပါးသီးနှံအတွက် စိတ်တူကိုယ်တူရှိပြီး တစ်ဆက်တစ်ဆက် တည်းရှိသည့် တောင်သူများကို သမဝါယမအသင်းဖွဲ့စည်းပေးပြီး Pilot Project အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများမှ ပုဂ္ဂလိက၊ တောင်သူများနှင့်ပေါင်းပြီး ယခု ကာလမှစတင်၍ ဆွေးနွေးတိုင်ပင်ကြရန်၊ စီမံချက်ရေးဆွဲကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၄၁) ရွာမှ တောင်သူလယ်သမားများနှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက်နိုင်သည်များကို ဆွေးနွေးပြီး ပြည်သူများမှ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် သွင်းအားစုဆိုင်ရာ လိုအပ်ချက်တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေတာရှည်မြို့နယ်၊ ညောင်ပင်ကိုင်း-ပိတောက်ခင်-ရွာသစ်လမ်း ကျေးရွာ (၃)၊ အကျိုးပြုလူဦးရေ (၃၃၇၆) ဦးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့၊ သံလွင်အာလူးကြော်လုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာခဲ့ရာ လုပ်ငန်းရှင်၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဝင်ငွေတိုးပွားရေးအတွက် အသေးစားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း အားပေးပါကြောင်း၊ လိုအပ်သည့် နည်းပညာအကူအညီနှင့် အရင်းအနှီးများလည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံတော်၏ GDP တိုးတက်ရေးမှာလည်း အသေးစားစက်မှုလက်မှုလုပ်ငန်းများဟာ အရေးပါကြောင်း၊ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော လုပ်ငန်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း စဉ်ဆက်မပြတ် အားပေးကူညီဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm