Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသားများအတွက် မျိုးစပါးများ၊ မြေဩဇာများနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်


28 Jul,2022

နေပြည်တော် ဇူလိုင် ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ရွှေဇေယျာသမဝါယမအသင်းသားများထံ မျိုးစပါးများ၊ မြေဩဇာများပေးအပ်ခြင်းနှင့်ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရီမြို့နယ်များရှိ သမဝါယမအသင်းသားများအတွက် ထွန်စက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်စံပြကျေးရွာ၊ သုခရတနာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမအသင်းအမှုဆောင်များ၊ သမဝါယမအသင်းသားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် မိသားစုဝင်ငွေတိုးပွားရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု စသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် တစ်သီးစိုက်၊ နှစ်သီးစိုက်၊ သုံးသီးစိုက်စသည်ဖြင့် ရာသီအလိုက် စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဦးစီးဌာနများမှ ပြည်သူများ အမှန်တကယ်လိုအပ်မည့် အရင်းအနှီး၊ နည်းပညာပံ့ပိုးမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်သင်တန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပံ့ပိုးဆောင်ရွက်နေပါကြောင်း၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်မည့် မျိုး၊ ရေ၊ သွင်းအားစုနှင့် နည်း ပညာပံ့ပိုးမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊ သွင်းအားစုဓါတ်မြေဩဇာများ သုံးစွဲခြင်းကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်ပြီး မြေဆီလွှာပျက်စီးမှုကိုလည်း ကာကွယ်နိုင်မှာဖြစ်ကာ ထုတ်လုပ်မှုကုန်ကျစရိတ်များကိုလည်း သက်သာစေမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်တိုးရေးအတွက် နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ အရိုးမှုန့်၊ ဂျစ်ပဆင် ကျောက်မှုန့်၊ တီကျစ်စာ၊ ဘိုင်အိုချားစသည့် သဘာဝကုန်ကြမ်းပစ္စည်းများနှင့် ဖော်စပ်ထုတ်လုပ် ထားသည့် သဘာဝမြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲပါက မိမိတို့ရဲ့ စိုက်ပျိုးမြေများ ရေရှည် ကောင်းမွန်လာပြီး သီးနှံများမှာလည်း ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များ ဖြစ်လာနိုင်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နေကြောင်း၊

ယနေ့ပေးအပ်မည့် မျိုးစပါးမှာ ဆင်းရွှေဝါသမဝါယမအသင်းမှထုတ်လုပ်သည့် ဆင်းသုခစပါး မျိုးဖြစ်တဲ့အတွက် တောင်သူများ အကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ပါကြောင်း၊  သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပြီး စိုက်ပျိုးသည်မှ စားသုံးသူလက်ဝယ် ရောက်ရှိသည်အထိ Supply Chain တစ်ခုလုံးကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများ လိုအပ်သည့် မျိုးစပါး၊ သွင်းအားစု၊ လယ်ယာသုံးစက်ကိရိယာစသည့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို သမဝါယမအသင်းများက ထောက်ပံ့ပေးပြီး ထွက်ရှိလာသည့် သီးနှံတွေကို ကာလပေါက်ဈေးဖြင့် ဝယ်ယူဆောင်ရွက်ပေးခြင်းဖြင့်  အသင်းသားတောင်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားမှ ထောက်ပံ့ပေးအပ်တဲ့ မျိုးစပါး၊ သဘာဝမြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများကို အကျိုးရှိစွာအသုံးချနိုင်ပြီး အသင်း အကျိုး၊ အသင်းသားများအကျိုး၊ နိုင်ငံ့အကျိုးဖြစ်တဲ့ ဒေသဝမ်းစာဖူလုံနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်ကြပါစေလို့ တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆင်းသုခစပါးမျိုးနှင့် သဘာဝမြေဩဇာများကို ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း အမှုဆောင်များအားလည်းကောင်း၊ ဒုတိယဝန်ကြီး က စံပြကျေးရွာ (၃) ရွာအတွက် ဒေဒေါင်းလယ်ယာသုံးစက်ကိရိယာ (၃) စီးအား ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကတို့က ဒေဒေါင်းလယ်ယာသုံး စက်ကိရိယာ (၁၀) စီးအား ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရီမြို့နယ်တို့မှ သမဝါယမအသင်းသားများထံသို့လည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

ယနေ့ကျင်းပသော အခမ်းအနားတွင် သမဝါယမအသင်းသားများထံသို့ ထွန်စက် (၁၂) စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၃) စီး၊ ဆင်းသုခမျိုးစပါးတင်း ၂၅၀ နှင့် စမ်းဝတီသဘာဝမြေဩဇာအိတ် ပေါင်း ၉၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သမဝါယမအသင်းသား တောင်သူများထံ ပေးအပ်သည့် ဒေဒေါင်းထွန်စက်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဇေယျာသမဝါယမအသင်းမှ ဆောင်ရွက်နေသည့် စပါးမျိုးခင်းများသို့ သဘာဝမြေဩဇာများ ကြဲပက်စိုက်ထည့်နေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm