Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခေတ်မီစံပြကျေးရွာ(Smart Village)များတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


25 Jul,2022

နေပြည်တော် ဇူလိုင် ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်ကို အခြေခံသော ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်ပေးလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေတွင် တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာတို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် (၂၅-၇-၂၀၂၂) ရက်နေ့ နံနက်ပိုင်းက ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံရာကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျေးရွာ(၃)ရွာအား ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ တစ်မျိုးတည်းမဟုတ်ဘဲ ကွန်ပေါင်းဓာတ်မြေဩဇာများ တွဲဖက်အသုံးပြုရန်၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာတို့ကို အချိုးကျရောစပ် အသုံးပြုရန်နှင့် သဘာဝမြေဩဇာကို ဦးစားပေး အသုံးပြုရန် လိုအပ်ကြောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွေးပင်(စံပြ)ကျေးရွာ၏ စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ စုပေါင်းလယ်ယာစနစ်ဖြင့် ဆောင်ရွက်နေသည့် လယ်မြေ (၁၁၆) ဧက အနက် အသင်းသားတောင်သူ (၆) ဦး ပိုင်ဆိုင်သည့်လယ်မြေ(၇) ဧကတွင် GW 11 အထွက်ကောင်း မျိုးစပါးများကို အစေ့ချ(စီဒါ)စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း ပြုလုပ် နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တောင်သူဒေါ်​​ခင်မြင့်ရွှေ၏ လယ်မြေ (၁.၂၅) ဧကတွင် အဖွဲ့ဝင်များနှင့်အတူတကွ ကြဲပက်စိုက်ပျိုးပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ စမ်းဝတီသဘာဝမြေဩဇာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ခံမှ လည်ပတ်ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး စမ်းဝတီသဘာဝမြေဩဇာ (၅၀) ကီလို တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀/ နှုန်းဖြင့် ပတ်ဝန်းကျင်ကျေးရွာများ၊ မြို့နယ်များသို့ ဖြန့်ဖြူးပေးနေမှုများ၊ စမ်းဝတီ နွားမွေးမြူရေး ခြံရှိ နွားကောင်ရေ (၄၀၀) ကျော် မွေးမြူထားရှိမှုနှင့် သဘာဝမြေဩဇာသုံး တီကောင်များ မွေးမြူထားမှု၊ စမ်းဝတီဘက်စုံသုံး အရောင်းဆိုင် တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှု လေ့လာခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း (စံပြ) ကျေးရွာသို့ ရောက်ရှိ၍ ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပြီး စံပြကျေးရွာ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသာလုပ်ငန်းများ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက စီမံကိန်း အောင်မြင်ရေးအတွက် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီးရန် မှာကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဦးမြင့်သိန်း ဦးဆောင်သော မွေးမြူရေး သမဝါယမအစုအဖွဲ့၏ CP ဝက်အကောင် (၂၀) မွေးမြူဆောင်ရွက်နေမှု၊ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နွားမွေးမြူရေးအစုအဖွဲ့၏ ဒေသနွားမျိုးများ မွေးမြူဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm